ငါ လွှင့်ပစ်လိုက်တဲ့နေ့ကို ရောက်ရှိခြင်း


ခွင့်ပြုပါ
ကျောခိုင်းနှုတ်ဆက်ပြီးသား ခရီးအတွက် ။
လောကမှာ
အိပ်တန်းပြန်မလာတဲ့ ငှက်တွေအကြောင်း
တေးသီခွင့်ပြု ။
ခွင့်ပြု
လိပ်စာပျောက်ဘ၀တွေအတွက်
အယောင်ဆောင်ကောင်းကင်အောက်

မတော်တဆ ဆုံဆည်းသွားတဲ့ လမ်းမတွေအကြောင်း
ရေးခြစ်ခွင့်ပြု
ခွင့်ပြု
သစ္စာမဲ့ သော့ခလောက်တွေအတွက်
ကွေ့ကောက်သောလောကထဲ
နှုတ်မလုံအိမ်များရဲ့ အရေးပေါ်တံခါးမှာ
တပ်ဆင်ခွင့်ပြု ။
ခွင့်ပြု
လက်ဖက်ရည်ဝိုင်းက ထပြန်သွားတဲ့ ငြီးငွေမှုကို
ထူးခြားမလာတော့တဲ့ ကိုယ်ရည်သွေးမှုများမှာ
မလိမ့်တပတ်ပွင့်တဲ့ပန်းလို
လောကကြီးကို မကယ်တင်နိုင်တဲ့ သရုပ်ဖော်ဝတ္ထုထဲက
ခရီးဆက်ခွင့်ပြု ။
အချို့အတွက် လုံလောက်ခဲ့ပေမယ့်
အချို့အတွက် ရွက်ကြွေတော ဖြစ်ခဲ့တဲ့ အမှန်တရားမှာ
ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ပါတော့လား ။
ဆာလောင်မှုနောက် လက်ချည်းလိုက်ခဲ့ရတဲ့
အ၀တ်တစ်ထည် ကိုယ်တစ်ခုတွေအကြောင်း
ဘယ်ကံတရားက ငဲ့စောင်းကြည့်သလဲ
ငါ့နေ့များဟာ ထုံထိုင်းခဲ့တယ် ။
အနည်းငယ်ခွင့်ပြု
လွှတ်ချမိတဲ့ နေ့ရက်တွေအတွက်
ဟောဒီအသစ်ဖွင့်ထားတဲ့ စာမျက်နှာပေါ်
မနိုင်ဝန်ထမ်းထားတဲ့ အရိုးခံမြစ်တစ်စင်းအဖြစ်
ငါ့ကို စီးဆင်းခွင့်ပြု ။

သျှီသူအောင်
(ရယ်စရာ ၊ မတ် ၊ ၂၀၀၀)
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment