'နွေ'ကဗျာများ




 "အဆာမပြေတဲ့ ပေါင်မုန့်"

စာမေးပွဲက နီးနေပြီ။
"အဖြူရောင်ကို ရောင်စဉ်ခုနှစ်မျိုးဖြင့် ဖွဲ့စည်းထားသည်။
အစာအိမ်သည် ဘုရားသခင်နှင့် ဆွေမျိုးတော်သည်။
ပတ်ဝန်းကျင်သည် အမှန်တရားထက် အရပ်ပိုမြင့်သည်။
ပင်လယ်ပြင်သည် တောက်ပသာယာလွန်းသည်။"
စိတ်ပါလက်ပါလေးရှိတဲ့ နေ့ကျရင်
ဒီစာတွေ အကုန်အရကျက်မယ်။

စာတွေတစ်လုံးမှ မကျက်ဘဲ
ဖြစ်နိုင်မလားလို့ စိတ်ချည်းဖွဲဖွဲညှင်းညှင်း ရွာကြည့်နေလိုက်တယ်
သူမရဲ့နာမည်လေးက လက်ကနဲ နေရာရွှေ့ထိုင်တယ်
အိပ်မက်လေးတန်းလန်းနဲ့
ကိုယ့်မိုးရာသီပါးပါးလေးကလဲ နှင်းဝါတွေ မှုန်မဆုံးတော့ဘူး
မေးခွန်းတွေပေါက်ကုန်ပြီလို့ ကိုယ့်ဆီကနေ သတင်းကြားတယ်။

စာမေးပွဲတွင်း ကျရင်
အနီးမှုန်နေတဲ့ ကိုယ့်နှလုံးသားလေးအတွက်
သူမ, မရိပ်မိအောင် မျက်ကပ်မှန်လေးပဲ ၀ယ်တပ်တော့မယ်
ကိုယ်မတတ်နိုင်လောက်အောင် တန်ဖိုးသိပ်ကြီးနေရင်လည်း
ကိုယ့်ရင်ဘတ်လေး နှစ်ခြမ်းကို ရောင်းပြီး ၀ယ်လိုက်တာပေါ့
နေသာထိုင်သာတော့ ရှိမှာပါ။

+ စိုးလှိုက်ဦး(ယင်းမာပင်) +



"ကိုယ်ဈေးမေးကြည့်ဖူးတဲ့ ပေါင်မုန့်"

ကိုယ်ဘာမှမကြားနိုင်အောင် ဆူညံပွက်လောရိုက်သွားတာပဲ
ရှိစုမဲ့စု သတိရစရာလေးတွေ
ရေသောက်ဆင်းအလာကို စောင့်ဖမ်းရင်း
ကိုယ်နဲ့ ကိုယ့်နာရီက ပဲ့တင်သံကို ထိုးရပ်ပစ်လိုက်ပြီ။

တစ်ကိုယ်စွတ် တိတ်တစိတ် မိုးဖျောက်ဖျောက်လေးစဲသွားတဲ့
ညနေခင်းလေးထဲ
(19:18)မှာထွက်မယ့် ရထားလေးရဲ့ ဥသြသံတလူလူ
သခွတ်ပန်းတွေ မပွင့်နိုင်လောက်အောင်
ကိုယ် အရှုံးတွေ အူနေမလား၊ မရိပ်မိလိုက်ပါနဲ့ကွယ်
မရိုးမသား ဆိုတာလေးတစ်ခုနဲ့
ဆိတ်ငြိမ်ခဲ့တဲ့ ပင်လယ်
ခု. . . တကယ်မုန်းတိုင်းထန်ပြီ။

ဆိတ်ငြိမ်လက်စနဲ့
ခြေသံတွေတိတ်သွားတော့
ကိုယ်တစ်ယောက်တည်း တိတ်တိတ်လေးနေလိုက်တယ်
ရောက်တတ်ရာရာ စိတ်တွေလွှတ်လိုက်ရုံပေါ့
ဖွဖွလေး စိတ်ကိုဖော့ထားလိုက်မယ်။

ရှေ့စာမျက်နှာမှာ ကိုယ်ချော်လဲခဲ့
ချော်လဲခဲ့တဲ့ ခြေထောက်လေးဟာ သူမဖြစ်ပြီး
ခလုတ်တိုက်ခဲ့တဲ့ သစ်ငုတ်တိုလေးဟာ
ကိုယ်ကိုယ်တိုင် ဖြစ်တယ်ကွယ့်
နောက် ကျီစားတဲ့အနေနဲ့
"အချစ်" က ကိုယ့်နှလုံးသားလေးပေါ်ကနေ
သူမကို ရှပ်တိုက်သယ်ယူသွားတာလည်း ဖြစ်တယ်ကွယ့်။

ကိုယ့်နာမည်လေးက "ဘ၀"တဲ့
မေမေ မှည့်ပေးခဲ့တာလည်း ဖြစ်နိုင်တယ်
သံပတ်တွေကို အဆုံးထိ ကိုယ်လှည့်ပြီးတင်းခဲ့တယ်
ဒါက နားလည်ရခက်တယ်
အဲဒါကိုလည်း သူမ နားလည်ရခက်လိမ့်မယ်
ကိုယ့်နာရီလေးမှာ ဆယ်နာရီဆယ်မိနစ် မပါသလိုမျိုး
ကိုယ့်နာမည်လေးကလည်း သူမနဲ့ နေ့နံချင်းမကိုက်ခဲ့ပါဘူး။

+ စိုးလှိုက်ဦး(ယင်းမာပင်) +



"နွေ(၁)"

ငါရောက်နေတဲ့ မြို့က 24'C
ဥသြသံတွေတော့ ဒီမှာမရှိဘူး
ပူတာကတော့ ကမ်းကုန်ပဲ
သင်္ကြန်ကလည်း ဟိုတစ်ယောက်မပါတဲ့ သင်္ကြန်
ငါ့စိတ်နဲ့ ငါ့ကိုယ်ကလည်း
ကိုယ့်ချွေးနဲ့ကိုယ် ပြန်အအေးပတ်တယ်။

ဒီလောက် ပူလောင်နေတာတောင်
ညနေ(၅)နာရီ မကျော်ခင် ရေမချိုးရဘူးတဲ့
ပွင့်လင်းရာသီမို့ မီးကြွင်းမီးကျန်လည်း သတိပြုရတယ်
အချစ်ဦးဆိုတာလည်း . . . သိတဲ့အတိုင်း
ဘယ်တော့မှ မငြိမ်းဘူး
. . . . . . . . ပြာဖုံးတာပဲ ရှိတယ်

အေးလေ
အချစ်စစ်ဆိုတာ ကြုံတောင့်ကြုံခဲပါတယ်
ဒီလို စိတ်ဖြေရင်း
မွန်းတည့်တည့်မှာ သက်ဆိုးရှည်နေရတယ်။

လေရူးတွေကပဲ အကကောင်းနေတာလား
ငါကလည်း အညှာလွယ်တဲ့ သစ်ရွက်ဝါပဲ
စိတ်ရော ကိုယ်ပါ ကြွေကျခဲ့တယ်။

+ စိုးလှိုက်ဦး(ယင်းမာပင်) +



"နွေ(၂)"

စကားလုံးတွေက စိတ်ကို ဘာသာပြန်မပေးနိုင်တော့
ငါ့စိတ်က ငါ့ကိုယ်ကို စိတ်ရှိလက်ရှိ ထိုးချေပစ်လိုက်ပြီ။
ဒီထက်မြှင့်တီးလို့မရတဲ့ သံယောဇဉ်ကီးအဆုံးမှာ
မီးဆိုတာ . . .
မလောင်ခင်ကတည်းက ပြာကျနေတတ်မှန်း
ဒီဇာတ်ဝင်ခန်းကျမှ သေသေချာချာသိရတယ်။

ညဆိုတာဟာ
အိပ်လို့မရတဲ့အခါ ဘာလုပ်ဖို့ပါလိမ့်
အဲဒီလို
ညတွေကို တစ်ညလုံး ထိုင်ကြည့်တဲ့အခါ ကြည့်မိရဲ့
ဒီသံယောဇဉ်တွေကို
ငါဆက်ပြီး မညာရဲတော့ဘူး။

သေရေးရှင်ရေးကို
လေပြေထိုးလို့ မရဘူးကွယ့်
အချစ်ဦးလေးရဲ့
မျက်ကန်းတွေ တစ္ဆေကြောက်တတ်သွားတဲ့
ဟောဒီနွေမှာ
ကောက်ဖီသောက်တိုင်း ငါအရည်ပျော်နေတော့မှာ. . .။

+ စိုးလှိုက်ဦး(ယင်းမာပင်) +



"မျက်ရည်မကျတတ်တဲ့ကောင်"

ငါဟာ
ကျဲကျဲတောက်နေတဲ့ အနီရောင်နေလုံးကြီးနဲ့ နွေပေါ့
ဘယ်တော့မှ မျက်ရည်မကျတတ်ဘူး
ငါ့ရဲ့ သုံးလစာ လေလံစွဲထားတဲ့ပါးပြင်က. . .။

ငါဟာ
ဝါထိန်ထိန် ခြောက်ကပ်ကပ်နွေပေါ့
(ဂျလည်ကျတယ် ပြောချင်ပြောတော့)
လူတွေဆီမှာပဲ မျက်ရည်တွေတင်တင်ပြီး အိုင်ထွန်းခိုင်းတယ်
ဘယ်တော့မှ မျက်ရည်မကျတတ်ဘူး
ငါ့ရဲ့ သုံးလစာ လေလံစွဲထားတဲ့ပါးပြင်က. . .။
သူတို့ ခမျာများ မှာလည်း
နဖူးက ခြေမအထိ ရွဲရွှဲနစ်လို့
အော်...ငါကလည်း အငိုတော်တော် သန်တာကိုး. . .။

မိုးရာသီဆို ငါသိပ်မုန်းတယ်
အငိုလွယ်လွန်းလို့
ဆောင်းရာသီလည်း ငါမကြိုက်ဘူး
မျက်ရည်လည်တတ်လွန်းလို့
ငါ့ကိုယ်ငါ အကြိုက်ဆုံးပဲ။
(ဘယ်သူတွေ ဘာပြောပြောပေါ့)

ငါဟာ
သူတို့တွေ မကြိုက်ကြတဲ့ နွေပေါ့
ငါ့ပါးပြင်က
ဘယ်တော့မှ မျက်ရည်မကျတတ်ဘူး။

+ စိုးလှိုက်ဦး(ယင်းမာပင်) +



"နွေရာသီပြဇာတ်"

ကျွန်တော့်ရဲ့ ချစ်လှစွာသော
ပြဇာတ်မင်းသမီး ခင်ချိုရည်ရေ . . .
ကျွန်တော်ဟာ
ဆူနာမီက လွတ်ခဲ့တယ်လို့ ခင်ဗျားဘာသက်သေပြနိုင်လို့လဲ
ခင်ဗျား မတော်တဆ တိုက်ချခဲ့တဲ့စိတ်က
ကျွန်တော့် တစ်ဘ၀လုံးစာ စွတ်စိုထိုင်းမှိုင်းစေခဲ့တာပဲ . . .။
နောက်ပြီး . . .
ခင်ဗျားဟာ
စကြာဝဠာသံထွက်တဲ့ မြစ်ပဲ
တစ်စုံတစ်ခုကို အမြဲဝှက်ယူ စီးဆင်းတယ်
အဲဒီ တစ်စုံတစ်ခုဟာ
ကျွန်တော်ပိုင်တဲ့ ကျွန်တော်အတုလည်း ဖြစ်နိုင်တယ်
ဟန်ဆောင်ပန်ဆောင် ရောဂါသည်းသည်းတွေလည်း ဖြစ်နိုင်တယ်
ရယ်မောသံ အက်ကွဲကွဲလေးတွေလည်း ဖြစ်နိုင်တယ်
အလျော့အတင်းတွေနဲ့ လွန်းတင်ထားတဲ့ ရင်ခုန်သံတွေလည်း ဖြစ်နိုင်တယ်

မှောင်နဲ့မည်းမည်း မြင်ကွင်းအကန်းလေးထဲ
မျှော်လင့်ချက်လေး အစုန်အဆန် ကူးခတ်နေမိတာ
နီးမလာနိုင်တဲ့ မျက်ဝန်းလေးထဲ ၀ပ်ကျင်းဖွဲ့နေမိတာ
နေမမြင့်ပေမယ့် အရူးရင့်နေမိတာ
အစွဲအလမ်း ကြီးရတဲ့အထဲ
ခင်ဗျားကလဲ
အသဲကွဲရောင်တွေပဲ ထည်လဲ ၀တ်တတ်တယ်
သေတဲ့အထိ ဆေးလိပ်ဖြတ်မသွားတဲ့အဘွားကို
ခင်ဗျား နဲ့တွေ့မှ
ကျွန်တော် သေသေချာချာ နားလည်နိုင်ခဲ့ပါပြီ။

ဘယ်လို ပြန်လည် မြင်ယောင် ကြည့်ရဦးမှာလဲ
"အမြဲသတိရပါ့မယ်" တဲ့
ခင်ဗျားနှုတ်ခမ်းတွေ ခုထိ စွတ်စိုနေဦးမလား
ကျွန်တော် မတွေးရဲဘူး။
ခရမ်းရောင်ဝမ်းဆက်တွေ ၀တ်ပြီး
ပြန်ဆုံမယ့် ညနေလို့ ခင်ဗျား ကားလိပ်ချသွားတဲ့
နွေရာသီပြဇာတ် တစ်ပုဒ်ကို
အသံတိတ် ကကြိုးတွေနဲ့ ကခဲ့ဖူးတယ်
ကြော်ငြာအချပ်ပို တစ်ရွက်လို ဒီပြဇာတ်က
နွေရွက်ဝါတွေနဲ့ ရောပြီး ပျောက်ရှတယ်
ပြဇာတ်မင်းသမီးချော ခင်ချိုရည် ကိုယ်တိုင်ရောပါပဲ။
(မေမေ့ပုံပြင်တွေဟာ သွေးထွက်အောင် မှန်ခဲ့တာပဲ)

ချစ်လှစွာသော
ပြဇာတ်မင်းသမီးချော ခင်ချိုရည်ရေ . . .
ဟောဒီ နွေလယ်ခေါင်မှာ
ခင်ဗျားလဲ အကယ်ဒမီတွေနဲ့ လွဲခဲ့ရသလို
ကျွန်တော်လည်း ခင်ဗျားနဲ့ လွဲခဲ့ရတာပါပဲ . . .။

+ စိုးလှိုက်ဦး(ယင်းမာပင်) +



"ပြီးခဲ့တဲ့နှစ်က အဆက်"

နွေရာသီက ကိုယ်ငွေ့တထောင်းထောင်း ထပစ်လိုက်ပြီ
ကိုယ့်ကိုယ်ကိုယ် ရေလောင်းပေါင်းသင်နေရက်နဲ့
ပိတောက်က ပွင့်လို့မရဘူး ဆိုလားပဲ
သင်္ကြန်ထဲက ကောင်မလေးကလည်း တံခါးဖွင့်လို့မရဘူး ဆိုလားပဲ
သင်္ကြန်ကွက်ကြားမိုးတွေ ရွာတိုင်းလည်း
အလွမ်းနဲ့စိုရွှဲတဲ့ သတိရစိတ်ကလေးကို
ခွက်စောင်းခုတ်ပြီး မောင်းထုတ်ခဲ့
သိကြားမင်းနဲ့ တိုင်ပြောမယ်လို့ ပြောင်ပြပြီး ထွက်သွားတယ်။

အရင်နှစ်တုန်းက
ခေါင်းလေး ရှေ့နည်းနည်းငိုက်ပြီး လှောင်ပြုံးလေး ပြုံးခဲ့
ကိုယ်လောင်းခဲ့တဲ့ သင်္ကြန်ရေတွေကြား
နှင်းဆီဖူးလေး တဖြည်းဖြည်းချင်းပွင့်လာပုံနဲ့ တစ်ထပ်တည်း
တောင်ပံတွေရေစိုရင်း လွင့်ကျခဲ့တဲ့ ကိုယ့်လိပ်ပြာ
ဘယ်သူဘယ်ဝါရဲ့ ရောင်စုံကလစ်လေး ဖြစ်ခဲ့တယ်ဆိုတာ
ကိုယ် သေသေချာချာ မေ့ခဲ့ပုံပါပဲ။

ပြီးခဲ့တဲ့နှစ်က အားကျယ်ပါကျယ် ကောင်မလေးရေ
နည်းနည်းပါးပါးပဲ ဖြစ်ဖြစ် ကိုယ်က ရှက်နေမိမယ်
နည်းနည်းပါးပါးပဲ ဖြစ်ဖြစ် ကိုယ်က ရင်ခုန်နေမိမယ်
နည်းနည်းပါးပါးပဲ ဖြစ်ဖြစ် ကိုယ်က သတိရနေမိမယ်
နည်းနည်းပါးပါးပဲ ဖြစ်ဖြစ် ကိုယ်က လွမ်းနေမိမယ်
ဒါကလည်း သင်္ကြန်မှာ ရေစိုခဲ့ဖူးတဲ့ ကိုယ့်အင်္ကျီလေးတစ်ထည် လိုမျိုးပါပဲ။
 

ဖြစ်နိုင်တာတစ်ခုက
အဝေးရောက် ကောင်မလေးရဲ့ သင်္ကြန်တွေမှာ
ရေကစားခွင့် မရှိတော့တာလေး တစ်ခုနဲ့ပဲ
ကိုယ် အအေးပတ်ပြီး ဖျားခဲ့ပုံပါပဲ
ကောင်မလေးကတော့ သင်္ကြန်တွေနဲ့ စိုရွဲနေခဲ့ပုံရပါတယ်။

+ စိုးလှိုက်ဦး(ယင်းမာပင်) +








Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment