ကျွန်တော်ကြိုက်နှစ်သက်မိသော ဆရာ ခရမ်းပြာထက်လူ ရဲ့ ကဗျာများ

ကမ္ဘာကြီးအတွက်လက်ဆောင်

 ဟေးခနဲ အော်လိုက်မိရုံနဲ့
တောင်ကမ်းပါးယံတွေ ပြိုဆင်းသွားတော့မယ်၊
အသက်ကလေး ခိုးရှူမိလိုက်ရုံနဲ့
တိမ်တွေ ကွဲအက်ကြေမွသွားတော့မယ်၊
ဒီနေ့အတွက်
ပန်းတွေ အလုအယက် ထပွင့်ကြမှာ
မြင်ယောင်သေး
ဒါကြောင့်ပဲ
လူမှန်ရင် သစ်တစ်ပင် စိုက်ခဲ့ရမယ်
ဆိုတဲ့ အကိုင်းအခက်ပေါ် ငှက်တစ်သောင်း
ပျော်ရွှင်မြူးထူးနေမှာ မြင်ယောင်သေး
ဒါဟာ ဒီကနေ့ ကျောက်ဆောင်နဲ့ ပင်လယ်ရဲ့
ထိမ်းမြားလက်ထပ်ခြင်း အနုပညာပေါ်
ရောင်စုံရွက် သင်္ဘောတွေ ရွက်လွှင့် သွားလာနေတော့မယ့်နေ့
မြုံနေတဲ့ ကန္တာရ တစ်ခုကို သွန်သင်ဖို့
စတင်ပျိုးကြဲလိုက်တဲ့ နေ့တစ်နေ့ပဲပေါ့။
ဒီမှာလေ လာကွယ့်
တောင်ကျရေလိုပဲစီးစီး
စမ်းချောင်းလေးလိုပဲရွေ့ရွေ့
ဆင်တစ်ဖက် မြင်းတစ်ဖက်ဆိုလည်း
ငါတို့ ကမ္ဘာထဲပဲရောက်ရမယ်
ငါတို့ ပင်လယ်အတွက်ပဲဖြစ်ရမယ်။
အဖေကပြောလိမ့်မယ်
အိမ်ထောင်ရေးဆိုတာ
လျှာနဲ့သွား ကြား
ရွှေငါးလေးတွေ ကူးခတ်ပြေးလွှား
ပျော်ပါးနေတဲ့ မြစ်ချောင်းလေးပါတဲ့။
အမေက ပြောလိမ့်မယ်
လျှာနဲ့သွားဆိုတာ
တိမ်ပြာလေးတွေ မျောလွင့်ဆော့ကစားနေတဲ့
အဖြူရောင် ကောင်းကင်အောက်က
ခရမ်းရောင် ချစ်ခြင်းမေတ္တာလေး တစ်ခုပါတဲ့။
ကဗျာဆရာ တစ်ယောက်ကတော့
လျှာဆိုတာ
ဆင်ခြင်တုံ တရားရဲ့ လမ်းမဖြစ်ပြီး
သွားဆိုတာ
လမ်းရဲ့ အချိန်အဆကို ထိန်းညှိပေးနေမယ့်
ပုလဲလုံး ရွဲလုံးလေးတွေ စီရီထားတဲ့
ဂိတ်တံခါးလေး တစ်ခုပါတဲ့။
လောကကြီးကတော့
ချစ်ခြင်းမေတ္တာဆိုတာ
အိပ်ရာနဲ့ ပန်းခြံတွေထက်
ပိုပြီး ပျံဝဲ နိုင်ရမယ်တဲ့လေ၊
အချစ်ရေ ဒါကိုငါတို့ သိရမယ်
တစ်နေကုန် တစ်မိုးသောက် တစ်လမ်း ပွင့်တာနဲ့
မင်းဟာ ငါ့ရဲ့သူငယ်ချင်း
မင်းဟာ ငါ့ရဲ့ရဲဘော်
မင်းဟာ ငါ့ရဲ့ညီမလေး
ဒီလို နားလည်မှုနဲ့
အိမ်ထောင်ရေး ဆိုတာ
မိန်းမ တစ်ယောက်ရဲ့ အကျဉ်းစခန်း မဟုတ်သလို
ယောက်ျား တစ်ယောက်ရဲ့
ကုန်ထုတ်လုပ်ရေး စက်ရုံ
မဟုတ်ဘူးဆိုတာ သိရမယ်
ဒီလိုပဲ အိမ်ထောင်ရေးဆိုတာ
အလင်းတွေ ဆွဲဆွဲ မျိုချနေတဲ့
အာကာသ တွင်းနက်ကြီးတစ်ခု မဟုတ်ဘဲ
အလင်းတွေ မှုတ်မှုတ်ထုတ်နေတဲ့
အရုဏ်ဦးတစ်ခုဖြစ်ရမယ်
ဒီလိုပဲ
အိမ်ထောင်ရေးဆိုတာ
ဘေဘီလုံဥယျာဉ်ပျံကြီးတစ်ခုထဲက
ရတနာသိုက်ရှာဖွေနေတဲ့ မြေပုံစာရွက်ပေါ်
တက်အိပ်မိလျက်သားအဖြစ်နဲ့
ကံကောင်းခြင်းလက်ဖွဲ့တွေရတတ်ကြတဲ့
သိုက်စာအညွှန်းလည်းဖြစ်ရမယ်၊
အဲ့ဒီအထဲက
ထီးနဲ့ ဓားလို
ကမ္ဘာကိုအရိပ်မိုး ပျိုးကြဲသူတွေအဖြစ်
သမီးနဲ့သားတွေကိုလည်း
လက်ဆောင်အဖြစ် ရကြရမယ်လေ၊
မင်္ဂလာပါ
လူကြီးမင်းတို့ခင်ဗျား လူသားနှစ်ယောက်ရဲ့
သမိုင်းစာအုပ် တစ်အုပ်ရဲ့ ပထမဆုံး စာမျက်နှာကို
ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါပေါ့၊
နေမင်းကြီးက
လနတ်သမီးပေါ် အနမ်းမိုးတွေ ရွာချလိုက်တဲ့အချိန်
အာဖရိက စိန်တွင်းကြီးပွင့်ထွက်လာသလို
ကောင်းကင်မှာ ကြယ်ကလေးတွေ အလုအယက် မွေးဖွားလာကြ
မနာလိုစွာ
မြေကမ္ဘာက ငေးကြည့်နေရတဲ့အဖြစ်နဲ့
အချစ်ဆိုတာ လာခဲ့ပြီ။


ခရမ်းပြာထက်လူ
Teen Magazine July 2010



အိမ်နဲ့ဝေးသော တနင်္လာနေ့အကြောင်း


အိပ်မပျော်ဘူး
စမ်းချောင်းကလေးအဖျားမှာ ဓားခုတ်သံတွေကြားရ
အပွင့်မပါသော သစ်ပင်ရဲ့
နေရောင်ခြည်များကြား
တစ်ခြမ်းပဲ့ ရနံ့များလည်း
ကျွန်တော့်အပေါ် အပိုင်းပိုင်းပြတ်ကျရာ
ခန္ဓာကိုယ်ကို ဖြေချဖို့
တို့ထိလာသောလေနှင့် လူစိမ်းများလက်ထဲ
ပွဲလမ်းသဘင်များလည်း
အဆန်းတကြယ် တိတ်ဆိတ်
နယ်မြေသစ်
အမေနဲ့ မြို့ကလေးကို ကြိုးလျှော့ပြီးထားခဲ့ရာ
လောကဓံအသစ်
ဒုက္ခအသစ်နဲ့
အမှောင်ကို ဖောက်ထွင်းရတာ မောတယ်။
ကစ်(စ)မီကွစ် ပန်းကလေးရဲ့
ဆူညံသော လရောင်ခေါ်သံလမ်းကလေးပေါ်
အတူတကွ
ကျွန်တော်က
ဆိုက်ပရပ်စ်လမ်းပေါ်
စိုက်ဝင်နေတဲ့
ဓားမြှောင်တစ်ချောင်းဆီလျှောက်လို့
လတ်တလော
ကျွန်တော့်ပြဇာတ်များ
ပူပြင်းစွာ ပေါင်မုန့်တစ်လုံးထဲ အစိမ်းသေခဲ့ရ။
အိမ်နဲ့ဝေးခဲ့ရာ။ ။


ခရမ်းပြာထက်လူ
ရုပ်ရှင်တေးကဗျာ၊ဖေဖော်ဝါရီ၊၂၀၀၁၊


ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓါးနဲ့ဆို

စစ်ဆိုတာ
ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား
ငြိမ်းချမ်းရေးဆိုတာ
သေခြင်းမှာ လူတွေငြိမ်းချမ်း
ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။
သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ
အစဉ်အဆက် ဒါဆို
နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလို့ပေါ့
ညနေညနေ နေလုံးကြီးနီရဲနေတာ
သေနတ်မှန်ထားလို့ပေါ့
သေချာပြီ ငါတို့နှလုံးသားများနီရဲနေတာ
သေချာပြီ ငါတို့သံသယဟာ မြဲခဲ့ပြီ
ကြည့်လေ … ရွှေဒင်္ဂါးပြားလေး
တစ်ဖပ်မှာ ပန်းဥယျာဉ်
တစ်ဖက်မှာ ခေါင်းပြတ်
နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ
သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင်
ဟေ့ … လူတွေ
ကိုယ့်ဒဏ်ရာ ကိုယ်မေ့
ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့
စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို့
အိုးနဲ့အိမ်နဲ့
ကမ္ဘာအနှံ့အပြား
ခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့။ ။


ခရမ်းပြာထက်လူ။




အကွေ့အကောက်တွေ များပြားလွန်းလှတဲ့ သံသရာရှည်ကြီးမှာ ဆာလောင်မှုမပါတဲ့ ချစ်ခြင်းမေတ္တာတရားတို့ စွတ်စိုသော ရပ်ဝန်းငယ်လေးဆီ ခေါ်ဆောင်သွားချင်လို့ ကျွန်တော့် လက်တွေကို ဆုပ် ကိုင် ထား ပါ


ဖေ့ဘုတ်ကနေ ကဗျာတွေ ဖတ်ချင်တယ်ဆိုရင်တော့{ ဒီနေရာလေးကို ကလစ်ပြီး } သွားလို့ရပါတယ်
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment