ငါမမေ့၍
နွေနေ့တစ်ရက်၊ ငါ မြင်မက်သည်
အိပ်မက်ထဲက၊ တက္ကသိုလ်။
ဥသြသံချို၊ တေးသံစို၍
ပင်ပျိုပင်လှ၊ ပုရစ်မြနှင့်
လှပနေဆဲ၊ မြူငွေ့ထဲ။
ငါမမေ့၍
မိုးနေ့တစ်ရက်၊ ငါ မြင်မက်သည်
အိပ်မက်ထဲက၊ တက္ကသိုလ်။
မိုးရည်ပက်ဖျန်း၊ သပြေလမ်းနှင့်
ပန်းခင်းတစ်ခင်း၊ ရောင်စုံကျင်း၍
သင်းနေပေဆဲ၊ မိုးငွေ့ထဲ။
ငါမမေ့၍
ဆောင်းနေ့တစ်ရက်၊ ငါ မြင်မက်သည်
အိပ်မက်ထဲက၊ တက္ကသိုလ်။
မြရည်ပိန်းပိန်း၊ မြက်ခင်းစိမ်း၌
ရှိန်းရှိန်းနုနု၊ ပုလဲဥနှင့်
နုနေပေဆဲ၊ နှင်းငွေ့ထဲ။
မိုးငွေ့ မြူငွေ့၊ နှင်းအငွေ့တို့
ရစ်ဝေ့နေသည်၊ ငါမြင်သည်၌
နေခြည်ဝင်းဝင်း၊ ပန်းတစ်ခင်းနှင့်
လေညင်းထဲက၊ တေးတစ်စကို
လရောင်ထဲက၊ တစ်ဘ၀ကို
တလျက်တမ်းလျက်၊ ငါ လွမ်းလျက်ပင်
အိပ်မက်လိုလို၊ တက္ကသိုလ်။ ။
ပျဉ်းမနား မောင်နီသင်း
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
0 comments:
Post a Comment