ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကို လာတယ်။
ဒီဘတ်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ပါဘူးမေမေရယ်။
ကျွန်တော့်အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန် ရွာ မှာ မှ သွားရှာမိတဲ့ မဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင် ရင် တော့ မစို့မပို့ ငွေလေးက ကျွန်တော်တို့အတွက် ရွှေထီးပေါ့။
တစ်ရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန် ပဲ ဖြစ်ခဲ့တယ်။
ကြောက်ရင် လွဲ ရဲ ရင် မင်းဖြစ်သတဲ့။
ကျွန်တော် အမေနဲ့ ညီမလေးတွေ အတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့ ရဲရင့်မှုတွေကပဲ နေရာ လွဲခဲ့လို့လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့သူငယ်ချင်းတွေဆို
ကိုယ့်အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တစ်ချို့က လေး တွေဆို မြန်မာနာမည်တောင် မရှိရှာဘူး။
ဘော့(စ်)ဆိုတဲ့သူတွေ ပေးတဲ့ နာမည်တွေပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွားမယ်ဆို
အလုပ်လုပ်လေ ပိုခိုင်းလေပဲ အမေ
ကျွန် ဖြစ်လေလေပါပဲ အမေရဲ့။
လူအချင်ချင်းဆိုတဲ့ အသိ
သူတို့မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ပဲ သူတို့သိတယ်။
အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ။
ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန် အချင်းချင်းတောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို
ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသ လေး တစ်ချက်ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရတာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင် တန်ဖိုးမရှိဘူး အမေ။
သူတို့ အချစ်တော် ကြောင်လေးလောက်တောင် တန်ဖိုးမရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော်နေရမှာလား
အနာရှိတာကို လက်ခံမှာဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေပြောတော့
မြန်မာအချင်းချင်းရိုင်းပင်းတယ် ဆို
ကောင်းတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။
တစ်ချို့ကတော့ တော်တော်ကိုဆိုတယ်
ကျွန်တော်တို့ ရွှေ လို့ ခြုံငုံခေါ်နေတဲ့ အထဲက တစ်ချို့ကပဲ
အချင်းချင်းရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်း ချ နင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာကတော့ သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့တော့ မတန်ဘူးအမေ။
သူတို့ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတစ်လောက
စာအုပ်ထဲမှာ ဖတ်လိုက်ရတယ် အမေ။
လင်းကွန်းဆိုတဲ့ လူက ကျွန်စနစ်ပပျောက်အောင် လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့လည်း အမေရယ်
သားတို့ကို လာကြည့်စမ်းပါ
သူ လုပ်နိုင်ခဲ့တာ သူနိုင်ငံ ကွက်ကွက်လေးပဲ
သူ့ကို လေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူး အမေရယ်။
လူ့အဖြစ်က ရ ခဲတယ်ဆို
ရ ခဲ တာပဲ ကောင်းပါတယ် အမေ
ကျွန်တော် လူမဖြစ်ချင်တော့ဘူး
ကျွန်တော် ငှက် တွေကို ငေးကြည့်မိတယ် အမေ။
ငှက် အချင်းချင်း မျိုးနွယ်မတူလို့ ရက်စက်ကြတာ မရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ် မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်း မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲ နေရရင်တောင်
သူတို့သခင် သူတို့ကို အချစ်နဲ့လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာအရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွားဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့။
လူ့အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ
ကျွန် စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မ ပျောက် သေး ပါ ဘူး အ မေ ရယ်။
ကောင်းကင်ကို
(မကျွတ်သေးတဲ့ တစ္ဆေ....ကဗျာစာအုပ်မှ)

0 comments:
Post a Comment