ကြယ်ပြာလေးနဲ့ ထမင်း စားပြီးနောက်



ဟိုး..ခပ်ဝေးဝေး
ကြီးကောင် စ ၀င် စ အသံ လေး မှာ
ပြန်စရာအိမ် မရှိရှာပါဘူး အ မေ ရယ်
ကမ္ဘမြေကြီးပေါ်မှာ အကုသိုလ်ပန်းတွေဝေပုံကလည်း
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အ မေ
သံသရာလေး တေးချင်တွေက စီစီ
ပုရစ်ကလေးလို သားက မြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အ မေ ရယ်
သားဘ၀ဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင် အသီးတွေ
ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးလို
အားကျမိတယ်။

အမေရယ်
လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေလေ ပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှူမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။

တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ။
အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီး နစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ်။

ခုတော့
တစ်ခြားသူတွေ မမြင်မိတဲ့ အသံလေးကို
ခေါင်းအုံးအိမ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဒ်ကို သားရခဲ့ပါတယ်။
အမေမသိဘူးလား
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေ ပါတယ် အမေရဲ့။

ဧည့်ခန်းနဲ့  အိင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ် အမေ။

အမေရယ်
တစ်ခြားသူတွေ အတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ။
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

သားရဲ့"ဘီး" ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲ ဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ် ခုန် ခုန် ချနေရတဲ့ ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော် ဘယ်လောက်မှာယွင်းမိလို့လည်း အမေ
အဆုတ်က ကြပ်ခိုးစွဲ မီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီး ထ ထ တောက်တာ မြင်ရ
အမေရယ်
အတွင်း လူမမာ တစ်ယောက်ပါ။

ဒါပေမယ့်
သစ်သား ဘတ်(စ်)ကား အိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီး ဆိုတဲ့ လူလည်းပါတယ်လေ
လူနဲ့သူနဲ့ မတူတော့တဲ့ လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မတ်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မာဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကိုတစ်ယောက်မေးရင်းပေါ့
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည်ကျန်သေးတယ်
အို....
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။

ကုတ်အိင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်မဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင် က လေး ရယ်
လမင်းကို
ပြည့်ပြည့်၀၀ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်ကလေးရယ်
သားလက်ဖ၀ါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ယာမှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖို အငွေ့ပေးချင်တယ်
ဗမာ ပရဆေး သန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံး အရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့် ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ။

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာကြာပြီဖြစ်တဲ့
သား သင်္ဘောလေ အမေရဲ့။
ကျနော်ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။      ။

မောင်ချောနွယ်
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment