အလွမ်း အော်ပရာ

(အချစ်မှာ... ...
________________
ဆုံးရှုံးဖူးသူ တိုင်း အတွက်)
_____________________





 


ငါချစ်သလောက် မုန်းနိုင်ပါစေ
ငါက
ကမ္ဘာကြီးလောက်ချစ်ရင်
မင်းက
ကမ္ဘာကြီးလောက် မုန်းနိုင်ပါစေ
ပျော့ညံတဲ့ ယောက်ျားတစ်ယောက်မျက်ရည်က
မင်းအတွက်
ခြေဆေးရည်သာ ဖြစ်ပါစေ။

"ကျက်သရေကို မရှိဘူး”လို့
ငါ့ကိုပြောပါ
အငြိုးအတေး အာဃာတတွေနဲ့ပဲ
ငါ့ကိုပြောပါ
ငါ့ကိုကြည့်ပါ
ငါ့ကို လာလာရိပါ၊ ဒါပေမယ့်
ငါ့ရင်ထဲမှာ ဘယ်လောက်ထိ
သိမ်ငယ်သွားခဲ့ရပါတယ် ဘယ်လောက်ထိ
ကြေကွဲဝမ်းနည်းခဲ့ရပါတယ် ဆိုတာ
မင်းမသိပါစေနဲ့။

ရွဲ့တယ်ဆိုပေမယ့်၊ ဒါဟာ
ထိပါတယ်
ရင်ထဲမှာ နုံးချိသွားရအောင်ထိ
ခွေခေါက်လဲကျခဲ့ရပါတယ်
မင်းကျေနပ်ပါ
ငါ့ခံစားရမှ စားဝင်အိပ်ပျော်ခဲ့ပါတယ်
ဆိုလည်းငါ
ခံစားပေးမှာပါ
ငါကသိကအောက်ဖြစ်ရမှ
မင်းဘဝ
နေသာထိုင်သာရှိလှပါတယ်ဆိုလည်း
ငါ ကသိကအောက်ဖြစ်ပေးမှာပါ။

အခြားသူ တစ်ယောက်အတွက်
တံခါးမရှိ ဓါးမရှိ
အဆောင်တံခါးဝမှာ
ခြေစုံရပ်နေမိတဲ့ ငါ့ကိုမှာမှ
သူဖုန်းစားသာသာ ကြည့်တဲ့
မျက်နက်ဝန်းတွေ
ကန်တော့ပါစေလို့
ပြောမလွှတ်တာကိုပဲ မင်းကိုငါ
ကျေးဇူးတင်မဆုံးပါ။

ဘယ်သူမှ မသိအောင်
ဘ၀ချောင်ထဲမှာ
ငါငိုခဲ့ဖူးပါတယ်
ငါ ၀မ်းနည်းရပါတယ်
ငါ ပူဆွေးရပါတယ်
ငါ ဒုက္ခရောက်ရပါတယ်
ငါ သောကပွေရပါတယ်
ငါ သိမ်ငယ်ရပါတယ်
ငါ ခံစားရပါတယ်
ငါ ဒီအချစ်မှာ
လုံးဝ လုံးဝ ညွတ်ကျခဲ့ပါတယ်။

နှင်းနွယ်
ဒီကောင်ငါ့ကို
သိပ်ချစ်နေပြီဆိုပြီး
မင်းငါ့ကို ဖိသတ်ပါ
ဒီကောင်ငါ့ကို
အရူးအမူးဖြစ်နေပြီ ဆိုပြီး
မင်းငါ့ကို အရှက်ခွဲပါ
ဒီကောင်ငါ့ကို
အစွဲလန်းကြီး စွဲလန်းနေပြီဆိုပြီး
မင်းငါ့ကို
အနိုင်နဲ့ ပိုင်းပါ။

ထိပ်ပုတ်
ခေါင်းခေါက်
မင်း ငေါက်ရင်ရတယ်ဆိုတဲ့
ယောက်ျားတကာတွေ စာရင်းမှာ
ငါ့နာမည်ကိုပါ ပစ်သွင်းလိုက်ပါ။

မခူးရက်
မပန်ရက်
မကမ်းရက်
မလှမ်းရက်
မနမ်းရက်
မချူရက်
မဆွတ်ရက်
မချိုးရက် နိုင်လို့
မင်းကိုငါ
ရွှေစင်နန်းထက်မှာပဲ
အလှကြည့်နေပါရစေတော့
ငါ
အလှကြည့်နေပါရစေ နှင်းနွယ်။

မခေါ်ရက်လို့
အခြားသူတစ်ယောက်အတွက်
ရည်းစူးခဲ့တာပါ
အပျော်အပျက်သဘောထား
ကြည်နှုးခံစားခဲ့တာ မဟုတ်ဘူး
မလူးမလှုပ်သာအောင်
ဘီလူးအယုတ်တမာကောင်လို့
မင်းငါ့ကို
လက်ညှိုးထိုး ပြောရက်တယ်
တနင့်တပိုးနဲ့ ချစ်တဲ့
ငါ့ အချစ်တွေကိုမှ
အညွန့်ချိုးတယ်လို့
မင်းထင်ရက်တယ်။

‘မလာနဲ့’ လို့
မင်းငါ့ကို ပြောပါ
‘မသွားနဲ့’ လို့
မင်းငါ့ကို တားပါ
‘မစားနဲ့’ လို့
မင်းငါ့ကို ခိုင်းပါ
မင်းပြောသမျှ စကားလုံးတိုင်း
ငါဟာ
(အားလုံး)
ကိုင်းရှိုင်းရိုသေခဲ့ပါတယ်။

တစ်ယောက်
နှစ်ယောက်
သုံးလေးယောက်
ရွေးချယ်စရာတွေ
မှိုလိုပေါက်နေတဲ့
မင်းရဲ့ဘ၀ထဲမှာ
ဘေးဖယ်နေရမယ့်
အပိုလူတစ်ယောက်ဆိုလည်း
ငါ
ကျေနပ်နေမှာပါ။

ကောင်းကင်ဘယ်လောက်ပြာပြာ
ပင်လယ်ဘယ်လောက်ကျယ်ကျယ်
ဟောဒီ
သံသရာသြဃအလယ်
မင်း
ရှိနေသေးလို့သာ
ငါ
ရှိနေသေးတာပါ နှင်းနွယ်
စကားတစ်ခွန်း အတွက်
တံခါးတွန်းဖွင့်ခဲ့တဲ့
ငါ့ကို
မတူသလို မတန်သလို
မျက်နှာအိုတာကတော့
မင်း သက်သက်အထာပိုတာပဲ
ငါ့အတွက်
ဆုံးဖြတ်ဖို့ ခက်နေတယ်ဆိုလည်း
မသုံးသပ်ဘဲ
အရှုံးဇာတ်သာခင်း
မုန်းတတ်အောင်မင်း
မုန်းပစ်လိုက်ပါ။

ငါစွန့်လွှတ်ခဲ့ပါတယ်
ရင်ခွင်သစ်မှာ
(တကယ်)
ပျော်ရပါစေ
ဘ၀တစ်ခုလုံး
စိမ်းလန်းငြိမ်းချမ်းရပါစေ
ငါ
ကျရှုံးမှ ကျေနပ်တဲ့သူ
ငါ
လဲပြိုမှ ၀မ်းမြောက်တဲ့သူ
ငါ
ဒုက္ခရောက်မှ ပျော်နိုင်တဲ့သူ
စံပယ်ပန်းတွေထက်ပို
မင်းက
ဆွတ်ဆွတ်ဖြူစင်တယ်။

တစ်ချိန်က ငါ့ပြိုင်ဘက်တွေလည်း
ရှိ ခဲ့ ဘူး တယ်
နှိပ်ကွပ်
ထိုးသတ်
လူမိုက်ဇာတ်ကို
ငါကိုယ်တိုင်
မင်းအတွက် ကျေကျေနပ်နပ်ခင်း
ငါ့ရဲ့ တစ်ဝက်တစ်ပျက်သော
အလင်းဟာ
မင်းပဲ နှင်းနွယ်
မင်းပဲ
မင်းပဲ။

ငါနဲ့ကွဲသွားတာကိုက
လူတွေပြောကြသလို
မင်းအတွက်
ကံအကောင်းဆုံးဖြစ်မှာပါ
လက်ရှိတွဲနေသူက
ငါ့ထက်ပို လူပီသတယ်
မတူညီတာ တစ်ခုက
သူက သူဌေးသား
တလေးတစားနဲ့
အရေးထား ကိုးကွယ် ဆက်ဆံပါ
မနက်ဖြန်ထဲမှာတော့
ငါ့ နာမည်ကို
မင်း
စိတ်မ၀င်စားတဲ့
အပျော်တမ်း ကဗျာတစ်ပုဒ်လို
အသာအယာ
ဖယ်ထုတ်မေ့ပစ်လိုက်ပါ။

အချစ်မှာ
ပေတံမရှိဘူး
ရေဆန်မှာ
မင်း ရှောင်ကွင်းသွားတယ်
အဖြေမှန်ဟာ
မင်းဘက်အမြဲရှိတယ်
လုပ်ဇာတ်တွေနဲ့
ပုတ်ခတ်နေတယ် လို့
မင်း
ထင်နေတာလား နှင်းနွယ်
ရင်ထဲက စေတနာ
အပြင်မှာ နေမသာလည်း
ရင်မှာ
ကြေငြာစရာမလိုအောင်
မင်းအပေါ် ပြည့်ဝခဲ့တယ်။

ငါ
သိပ်မြတ်နိုးလို့
ငါ့စိတ်ငါ ချိုးခဲ့တာပါ
မပိုင်ဆိုင်ချင်တော့ဘူး
မပြိုင်ဆိုင်ချင်တော့ဘူး
မင်းအပေါ်
ဘယ်တုန်းကမှလည်း
ငါ
မနိုင်ချင်ခဲ့ဖူးဘူး
ဒါကို
မစာနာတဲ့ မင်း
မညှာတာတဲ့ မင်း
ငါ့ အပေါ်မှာ
သူဖုန်းစာသာသာ
ဆက်ဆံတဲ့ မင်း
ငါ့ အပေါ်မှာ
ခွေးလို ၀က်လို သဘောထား
ဆက်ဆံတဲ့ မင်း
အထင်သေး အမြင်သေး
မျက်ဝန်းမှေးမှေးလေးတွေနဲ့
ကြည့်တတ်တဲ့ မင်း
မုန်းပါ
ငါ့ကို
မုန်းပစ်လိုက် စမ်းပါ
ဘယ်လောက်ထိလဲ
ငါ ဘ၀ပျက်တာ မြင်ချင်တဲ့အထိ
ငါ ဒုက္ခရောက်ရတာ မြင်ချင်တဲ့အထိ
ငါ သိမ်ငယ်ရတာ မြင်ချင်တဲ့အထိ
ငါ ခံစားရတာ မြင်ချင်တဲ့အထိ
ဒီ့ထက်ပိုချင်ပါတယ်ဆိုလည်း
စင်္ကြာဝဠာကြီးလောက်
မုန်းမိအောင်
မင်း
မုန်းကြည့်လိုက်စမ်းပါ။

ဒါမှ
အားမရ မကျေနပ်နိုင်ပါဘူးဆို
လာပါ
ငါ့အနားကို လာခဲ့ပါ
ဖြေရှင်းချက်တွေ မလိုပဲ
ခြေနင်းဖက်လိုသာ သဘောထား
ငါ့ရဲ့ ဘယ်ဖက်ပါးကို
မင်းလက်ဖမိုးနဲ့
တမြတ်တနိုး
နမ်းရှိုက်နိုင်ပါသေးတယ်။

နှင်းနွယ်
ငါ
သိပ်ချစ်ရတဲ့ နှင်းနွယ်
တကယ်တော့
တို့တတွေဟာ
ပျော်စရာမပါတဲ့ အောပရာမှာ
ကမ္ဘာပျက်လောင်နေတဲ့
ဗလာဇာတ်ဆောင်တွေပဲ
ဖြစ်တယ်။

တို့တွေ မဆုံနိုင်တော့ဘူး
ဘယ်တော့ ဘယ်သောအခါမှ
တို့ ဘ၀တွေ
မဆုံစည်းနိုင်တော့ဘူး
တစ်နေ့နေ့မှာပေါ့
မင်းအပေါင်းအသင်းတွေနဲ့
ကြုံကြိုက်ခဲ့ရင်
ငါ့ အကြောင်းတွေက
ပြန်ပြောချင်စရာကောင်းတဲ့
သံယောဇဉ် အော်ပရာ
တစ်ပုဒ်ပမာ ရှိပါစေ
ငါ့ဘ၀ကို နင်းချေခဲ့သမျှ
အပျင်းဖြေ ညတွေမှာလည်း
မင်းအပေါင်းအသင်း မင်းရောင်းရင်းတွေနဲ့
(ငါ့အကြောင်းတွေ)
အတင်းချေ မွ ကြပါ။

‘နေအဝေး’ ဆိုတာ
သူ့ထီးနန်းသူဖျောက်
မင်းရဲ့ ခြေဖ၀ါးအောက်
လမ်းပျောက်ခဲ့ရတဲ့ သူဆိုတဲ့ အကြောင်း
‘နေအဝေး’ ဆိုတာ
မင်းရဲ့မာယာညွတ်ကွင်းမှာ
အခါခါဝပ်ဆင်းခဲ့ရတဲ့
ကျိန်စာမိ သားကောင်တစ်ကောင်
ဖြစ်ခဲ့ရတယ် ဆိုတဲ့အကြောင်း
‘နေအဝေး’ ဆိုတာ
လေမတိုက်ပါပဲ
မနေထိုက်စွာနဲ့
မင်းရဲ့ နံဘေးကနေ
လွင့်စင်မြေစိုက် ခဲ့ ရ တဲ့
ဝါရွက်လေး တစ်ရွက်ဆိုတဲ့အကြောင်း
လက်လှမ်းမှီသမျှ
ဇာတ်လမ်းစီကာ
သူတို့တွေကို ပြောပြလိုက်ပါ
နှင်းနွယ်။

တစ်နေ့
ရာသီတွေ နွမ်းရော်သွားတဲ့အခါ
မင်းနဲ့ငါ အလွမ်းအော်ပရာ
မှန်းမျှောကာ ပြန်မတွေးပါနဲ့
ရန်ကြွေးတွေလို့သာ ငါ့အပေါ်မှာ
သဘောထားအပြစ်ဖွဲ့ရင်း
အပေါစားချစ်ခဲ့ခြင်းတွေ
မင်းမေ့ပစ်လိုက်ပါ
တုံ့ပြန်မှု မရှိတဲ့
မင်းအမုန်း နွေတံခါးဝမှာ
နေသားတကျနဲ့ ငါ
နေတတ်သွားခဲ့ ပါ ပြီ
ငါ
နေတတ်ခဲ့ ပါ ပြီ နှင်းနွယ်။

တစ်ဖက်သတ် အချစ်ဆိုတာ
တကယ်ချစ်တတ်ရင်
‘ကျေနပ်ဖို့ ကောင်တယ်’ ဆိုတဲ့
ဖြေတွေးတွက်ကိန်းနဲ့ပဲ
မင်းနဲ့ငါ
အနေဝေးဇာတ်သိမ်းခဲ့သမျှကို
မနက်ဖြန်ထဲမှာ
ငါလက်ခံရဲလာအောင်
ကြိုးစားလိုက်ပါ့မယ်
တကယ်လည်း
‘မင်း’
ကို
‘ငါ’
ချစ်ခဲ့ ဖူးခဲ့ တယ် နှင်းနွယ်
… … …။

နေအဝေး








ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment