(၁)
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့---
မမပါးစပ်က
ထွေးထုတ်လိုက်တဲ့နေကြာစေ့ခွံလို
ကျွန်တော့်ကို
ထွေးထုတ်မပစ်လိုက်ပါနဲ့
ကျွန်တော်မလွင့်ကျခဲ့ချင်ဘူး။
ကတ္တရာလမ်းမှမဟုတ်ပါဘူး
တောလမ်းလေးကလည်းသယ်ဆောင်နိုင်ပါတယ်
သစ်ခွပန်းမှမဟုတ်ပါဘူး
စံပယ်ပန်းလေးလည်းလမ်းပြနိုင်ပါတယ်။
မမ
ဒီလမ်းလေးကိုယုံပါ
ဒီပန်းလေးကိုပန်ဆင်ပါ
နားလည်မှုတစ်ခုဆီ
ကျွန်တော်တို့ အရောက်သွားမယ်။
မမ နှုတ်ခမ်းလေး တစ်တွန့်မှာ
ကျွန်တော်
လက်နက်ချခဲ့တာပဲမဟုတ်လား
မမ မျက်စောင်းလေး တစ်ချက်မှာ
ကျွန်တော်
အလံဖြူလေးကို ကိုင်မြှောက်ပြခဲ့တာပဲမဟုတ်လား
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့---
(၂)
ကြည့်စမ်း--
တိုက်မြင့်မြင့်ပေါ်က
ခွမ်းကနဲ ကွဲကျသွားတဲ့ဖန်ခွက်လို
ညပေါ်က
အိပ်စက်ခြင်းတွေ ကွဲကျသွားရဲ့။
တကယ်တော့
ညအခွံတွေပေါ်က
သေသေချာချာ ခုန်ချခဲ့တာပါ။
ပျှော်ရွှင်ခြင်းတွေ ဖိတ်လျှံနေတဲ့မနက်ခင်းဆီ
အကြင်နာတွေစိမ်းစိုနေတဲ့ မနက်ခင်းဆီ
လက်ဖက်ရည်တစ်ခွက် တပ်ဆင်ထားတဲ့မနက်ခင်းဆီ
မမ အကြည့်တွေ သိမ်းပိုက်ထားတဲ့ မနက်ခင်းဆီ
ထွက်ပြေးဖို့
သေသေချာချာ ခုန်ချခဲ့တာပါ။
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့---
အိပ်မက်တွေရဲ့ မြူဆွယ်မှုနဲ့ဝေးရာ
အပေါက်အပြဲညတွေနဲ့ဝေးရာ
မနက်ခင်းဆီထွက်ပြေးဖို့
သေသေချာချာ ခုန်ချခဲ့တာပါ။
မနက်ခင်းနေခြည်နုနုမှာ
သိင်္ဂါရပန်းပွင့်လှလှကို
လေညှင်းလေးရဲ့လက်ထဲကလုယူဖို့
သေသေချာချာခုန်ချခဲ့တာပါ။
ပေါ့ကျလက်ဖက်ရည်သောက်ရသလို
ရင်ထဲစိမ့်ဝင်သွားသလို
မမအပြုံးကိုသောက်ဖို့
သေသေချာချာ ခုန်ချခဲ့တာပါ။
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့---
(၃)
ကျွန်တော့်ရင်ခုန်သံတွေကို
သံသယမဖြစ်ပါနဲ့
သံသယတွေစွတ်စိုတဲ့မျက်လုံးဆို
ကျွန်တော်ကြောက်တယ်။
မမပါးပြင်ပေါ်မှာ
မွေးညှင်းနုလေး တစ်ပင်ပေါ်မှာ
တွယ်ကပ်နေတဲ့ မြူတစ်မှုန်စာတောင်
သံသယ မဖြစ်လိုက်ပါနဲ့။
မမထံက
လိုချင်တာတွေ ခူးဆွတ်ပြီး
ထွက်ပြေးမသွားပါဘူး
လိုချင်တာတွေ ပေးဆပ်ဖို့
ထွက်ပြေးလာခဲ့တာပါ။
ယုံကြည်ချက်နဲ့ နာကျင်ရတဲ့အခါ
မှားယွင်းမှုနဲ့ ကြေကွဲရတဲ့အခါ
မမအပြုံးတွေဆီ ပုန်းကွယ်ဖို့
ထွက်ပြေးလာခဲ့တာပါ။
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့---
တစ်ခြမ်းက
ကမ္ဘာကြီးကို ဆွဲငင်ထားပြီး
တစ်ခြမ်းက
အသက်ရှင်မှုကို ဆွဲငင်ထားရတဲ့
အသဲနှလုံးမှာ
မောပမ်းတကြီး တုန်ခါနေရဲ့။
အဲဒီအသဲနှလုံးမှာ
နုညံ့ပျော့ပြောင်း
မမဆံပင်ရှည်ရှည်တစ်ချောင်းရဲ့ဆွဲငင်မှုမှာ
လည်ပတ်တုန်ခါဖို့
ထွက်ပြေးလာခဲ့တာပါ။
ဘ၀ကိုရှာဖွေဖို့
ပျော်ရွှင်ခြင်းကိုရှာဖွေဖို့
ရင်ခုန်သံတွေကိုရှာဖွေဖို့
ထွက်ပြေးလာခဲ့တာပါ။
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့---
အရှိန်အဟုန် ပြင်းပြင်း
ရာစုသစ်ရဲ့ ရသမြစ်ထဲစီးဆင်း
မားမတ်တောင်တန်းတွေ ကျော်ဖြတ်
ရှုပ်ထွေးတောတန်းတွေ ကျော်ဖြတ်ခဲ့သမို့
မမငြိမ်းချမ်းရိပ်ခိုဝင်ဖို့
ထွက်ပြေးလာခဲ့တာပါ။
မြစ်တစ်စင်းရဲ့
ဂုဏ်သိက္ခာနဲ့အလှတရားဟာ
ကမ်းပါးတွေမဟုတ်ဘူး
ရေတွေရဲ့ ညီညွတ်ခိုင်မြဲမှုနဲ့
နက်နက်ရှိုင်းရှိုင်း စီးဆင်းမှုဆိုတာ
လူတစ်ချို့သဘောမပေါက်ကြဘူး။
မမကိုရင်ဖွင့်ဖို့
ထွက်ပြေးလာခဲ့တာပါ။
မမအပြုံးနဲ့
ရင်ခုန်သံနဲ့
အဓိပ္ပါယ်ရှိတဲ့လက်ဖက်ရည်တစ်ခွက်
ကျွန်တော်သောက်ဖို့
ထွက်ပြေးလာခဲ့တာပါ။
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့---
စီးကရက်တစ်လိပ်မှာ
မီးခိုးစိမ်းစိမ်း
မြက်ခင်းစိမ်းစိမ်း
ပျော်ရွှင်ခြင်းစိမ်းစိမ်း
လေပြေစိမ်းစိမ်း
ကိုယ်သင်းရနံ့စိမ်းစိမ်း
အားလုံးကိုသောက်ဖို့
ထွက်ပြေးလာခဲ့တာပါ။
အထီးကျန်နာရီတွေ
ခြေရာခံအုံဖွဲ့လိုက်လာ
မမပါးချိုင့်ထဲဝင်ပုန်းဖို့
ထွက်ပြေးလာခဲ့တာပါ။
မျက်လုံးတွေနဲ့ပစ်ပေါက်တဲ့
သံယောဇဉ်တွေကို
မျက်လုံးတွေနဲ့ဖမ်းယူဖို့
ထွက်ပြေးလာခဲ့တာပါ။
မမ
အိပ်ယာထနောက်မကျနဲ့နော်
ထွက်ပြေးခြင်းအဓိပ္ပါယ်
ပျောက်ကွယ်သွားမှာစိုးတယ်။
မနက်ခင်းတသုန်သုန်မှာ
မမ အပြုံးတွေ ဖွေးဖွေးလှုပ်ပွင့်လို့-
မောင်သစ်ဝေ(မြင်းခြံ)
0 comments:
Post a Comment