ဧည့်သည်

•••••••••••

လာတုန်းကလည်း
တစ်ယောက်တည်းနော်
... လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

ပြန်သွားတော့လည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။

လာပြီးတော့နား
မသွားသေးခင်
ချိန်လေးတွင်မှ
ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။

ပြုံရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင်
ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။

ငါသည်ပင်မှ
ခေါ်သူမရှိ ရောက်လာမိစဉ်
နင်သူမရှိ ပြန်ဖို့ ရှိ၏။

ငါနေသည့်အိမ် ငါ၏ အိမ် ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါ့သားသမီး
ငါ့ပစ္စည်း ဟု ယူသည့် စိတ်စွဲ
အမှတ် လွဲခဲ့။

အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျှင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင် မရှိပါတကား။

လာသူလာလည်း လာစမ်းပါစေ
မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ
မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင်
အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား.....

မင်းကွန်းဆရာတော်ဘုရားကြီး


Posted via Blogaway
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment