လွမ်းမပြေ
လွမ်းမပြေ၊ မန်းမြေတမိတော့၊ ကမ်းခြေမှာ စမ်းရေကျတယ်နှင့် ဖျန်းလေက တသုန်သုန်။
တဲတဖက် ဆွဲဖျက်ကာ အလျင်လိုရော့ထင့်၊ ကရင်အိုယာပြင်ကြီးမှာ မီးထည့်ကာလှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလှ၊ လွှမ်းတဲ့လို့ လွှားကာခြုံ၊ ပါးမှာငုံပါလို့ နုရွှေကွမ်း။
ဆေးအိပ်ကိုလျှို၊ ဆေးလိပ်တို နားမှာထိုးပါလို့၊ တောင်ရိုးမှာဘာသာပျော်ကြ၊ အမိုးခေါ် ဖိုးဆော်ကဲတို့မှာ၊ ကွင်းအငူ နှင်းမြူမှမစဲခင်က တဲဖျက်တဲ့လမ်း။
ဦးကြင်ဥ (၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ
နံနက်ကိုလယ်ထွန်
ချစ်တဲ့သူငယ်လေး။ ။သူငယ်ချင်းရယ် ကောင်းသည် ယောင်းမတို့လေး။ ။ နံနက်ကို လယ်ထွန်၊ နေမွန်ကျွဲကျောင်း၊ ညမောင်းထောင်းနှင့် ညောင်းရှာလိမ့်နိုး။ မြို့ပဲခိုးသို့၊ လှေထိုးလိုက်မယ်၊ အပျိုဖြူငယ်နှမကို မှာခဲ့တယ်။ ။ချောင်းပတ်ရုံနှင့်၊ ရွှေဂုံ မြောက်ပါး၊ မယ်လိပင်နှင့်၊ ထန်းပင်နွဲ့နောင်း၊ ယှက်ခါပေါင်းသည့်၊ ကင်းချောင်းဆိပ်မှာ၊ထိုးဝါးကိုဝယ်သည်၊ တကယ်စုန်ဖြစ်တော့မလားတော်။ ။ စုန်မယ်ဆိုလဲ၊ စုန်မဲ့ရက်ကို၊ ဆက်ဆက်မဆို။ ဆန်မယ်ဆိုလဲ၊ ဆန်မဲ့ရက်ကို၊ ဆက်ဆက်ကယ်မဆို။ တီးသည့်စောင်းနှင့်၊ လောင်းသည်ကြက်ကို၊ ဖက်ခါငိုသည်၊ မောင့်ကို ကုန်သွားထည့်သလားတော်။ ။ ဆီကိုဆဲ့လေး။ ဆေးကိုဆဲ့ငါး။ ဆားကိုဆဲ့ခြောက် ပဲခိုးသို့အ၀င်။ တညင်သို့အဆိုက်။ လွန်မောင်မင်းကို၊ ခြင်ပုန်းကိုက်လို။ ခြင်ရိုက်ကယ်မှမပါ။ လေမလာလို့။ သွေးသံစို့သည်၊ ခြင်ဖို့ခြင်စာ၊ ဖြစ်လေရှာရော့သလားတော်။ ။အပျိုဖြူငယ်၊ မယ်တဖြတ်ဖြတ်၊ တရုတ်ယင်နှင့်၊ ဖြတ်ဖြတ်လူးအောင်၊ သေမင်းငယ်ခြင်၊ စုံလျှင်လျှင်ကို၊မနှင်ပါရ။ အောက်ပြည်စုန်သည်၊ ရွှေဂုံကျွန်းက ဝေးလွန်းလှလေး။ ။
ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ
ခေါင်းလောင်းငယ်မှသံသာ
ခေါင်းလောင်းငယ်မှသံသာ၊ တဗိသာတဲ့။ ဆည်းလည်းငယ်မှသံသေး၊ ငါးဆယ်ပေးတဲ့။ တင်ကြေးငယ်မှမကြီး။ သုံးနှစ်နှီးနှင့်၊ တင့်ရည်းငယ်မှလှနိုး။ သုံးခေါက်ချိုးနှင့်၊ သုံးချိုးလေးထွား။ မောင်တို့နွားမှာ၊ နွားကား သံတောင်၊ နွားကြောင်လိမ္မာ၊ တပွင့်ကြာကို၊ နှုတ်သာကောင်းနှင့်။ မောင်းကနှစ်လုံး၊ မျောခွက်ကယ်ကျုံး၊ မြေဒူးဈေးမှာ၊ ဈေးမှီအောင်ရှာ။ အပျိုဖြူမယ်သာကျွမ်းပါတဲ့ လွမ်းထုံ့တင်လေ။ ။
ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ
နွားညီနောင်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်၊
ပျို့တို့မောင်ယာမလုပ်တယ်၊ ၀ါးခုတ်တဲ့တောင်၊
နွားညီနောင် စည်အောင်ကွဲ့ ဖေကျောင်း၊
မောင်နှင့်မယ် တူယဉ်နွှဲကာမှ၊ ယူငင်ကာချူဆင်ဆွဲလို့ရယ်
လှည်းယာဉ်နဲ့မောင်း။
ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ
ကောက်စိုက်သီချင်းများ
ရမထာရွှေကြိမ်လုံးရယ်နဲ့။
ထွန်တုံးကိုတဲ့ခြေတော်တင်၊
နွားကြန်စုံရှင်။
ပျိုးခင်းကိုပြင်၊ ကောင်းကင်ကရွှေပိန်ညှင်းရယ်။
မိုးဆော်လို့သွင်း။
ကောက်တီနဲ့ မယ်စော၊
ရောနှောပါလို့ ပျိုးထောင်၊
မိုးလေကခေါင်။
သည်ပျိုးရေအောင်မှ၊ မယ်နဲ့မောင်အလှူပေးမယ်၊
မိုးကူပလေး။
ရွှေထိန်ပင် သာတဲ့အောက်က၊
ကောက်စိုက်ရင်းမိုးမြှော်။
မပေါ်လာရွှေမိုးကြောင့်၊
ကောက်ပင်တွေညိုး။
လယ်ကြီးကို စိုက်မယ်ဆင်းတယ်၊
နေမင်းကပူ။
သည်နေပူ ဘိက္ခူလုပ်မယ်။
ဗန်းကုတ်နဲ့လေး။
ပျိုလေးနေရောင်ထိုးတယ်၊
ငန်းစမှာညှိုး။
ကွယ်လေးရယ် မောင့်ခြုံထည်
တန်းသွယ်လို့မိုး။
ခါးပုံကိုမောင်ဖြုတ်လို့၊
ချွေးသုတ်တော့ပေး။
စီးပလေစေ မောင်မသုတ်နဲ့
တုတ်တုတ်ကျချွေး။
ပျိုလေးတို့ကောက်စိုက်ရာ၊
လိုက်လာနဲ့လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ယဉ်သွေး။
သည်လယ်ကို သည်မယ်စိုက်ပါလို့၊
လိုက်လာမည့်ပုံလိုလို
သျှောင်ကြီးဗွေ လူတင်စားရယ်။
သွားနှင့်တော့ဆို။
မြတ်ဖုန်းမို၊ လာမည်ဆိုမှာကတိကြောင့်၊
သည်တောကို မယ်ကျော်လို့၊
မြှော်မိတယ် ဆံတိုလေးရယ်။
ပန်းရိုက်လို့လေး။
ပျိုလေးတို့ လယ်တလျှောက်၊
ပေါက်လာပါတဲ့ မှိုနတို၊
ဟင်းချိုလှလေး။
အချိန်တန်အိမ်ပြန်လျှင်၊
ပျို့ချစ်ဦးရယ်၊
ခူးခဲ့ပါလေး။
မိုးချုပ်လျှင် ကြိုလှည့်လို့
မှာခဲ့သလေး။
ဖန်မီးအိမ် နန်းခြည်ကျွမ်းအောင်၊
ထွန်းကြိုလိမ့်လေး။
မိုးချုပ်လို့ချိန်တန်၊
ပြန်ချိန်မှ မြှော်ကွဲ့လေး။
ရွှေဖိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထိပ်ကိုနေစွယ်ခမှ၊
ချစ်တဲ့သူရွှေသျှောင်ပွငယ်။
ကြိုပကွဲ့လေး။
ပျိုလေးကိုကြိုလှည့်လို့
မှာခဲ့သလေး။
ကြိုမည့်သူပေါ်လာခဲတယ်၊
တောခံလို့လွဲ။
ဦးကြင်ဥ
(၁၈၁၉-၁၈၅၃)
မြကန်သာ ကဗျာစာအုပ်မှ
မုဆိုးချင်း
ရောသည်တခါ၊ ၀နေစရာ၊ တောကို လျှိုး၍၊ သားမျိုးကို ရှာတော့မည်။ နောင်လာ နောက်သား
တို့၊ မှတ်ငြားလောက်အောင်၊ ကောက်ကြရော့ရစ်တံ၊ ဘုန်းဖန်သည့် ရှင့်ကျွန်၊ အမွန်စဉ်ဆက်၊ သက်တံ
ကွေးနှင့်၊ ဘေးဘိုးဆင်းသက်၍၊ ဘလက်ထက်တိုင်၊ လေးတော်နှင့်ပွင့်လန်း၊ မှုတော်ကိုထမ်းခဲ့သည်၊
လူတမ်းစေ့ကာ၊ မထင်ပါနှင့်။ ရန်တကာရှောင်ရှောင်၊ မရှောင်နင်လား၊ ဘားကင်ကောင်ကို တော
ကြောင်က၀ါးသည့်နှယ်၊ ငါးမြှားတွင်ဆက်ဆက် သားတကာခက်နေကျ၊ တောဝက်ကိုမရှောင်၊ ပြောင်
ပြောင် ဆင်ဆင်၊ မြင်မြင်သမျှ၊ အလွတ်ရဘူး၊ မုဆိုးတကာ့ပဂေး၊ ငါ့လက်တွင်ဖေးရမည်၊ ကိုင်းကွေး
သက်တံ၊ စမြိန်စာကို၊ စုံစွာဖန်၍၊ မြိုင်ယံသို့ဝင်တော့မည်၊ သို့ရာတွင် နောက်ပါအဖေါ်၊ တွေ့လျှင်ဝါးနေ
ကျ၊ ရဲကျားကို ခေါ်အုံးမှ၊ ရှေးထုံးအစဉ်၊ ၀လဉ္စန၊ အ၀ါးဝ၊ သွားနေကျလမ်း၊ စခန်းနှင့်ရေတွင်း၊ ကွင်းနှင့်
သစ်အုပ်၊ မျောက်လုပ်ပင်တန်း၊ စမ်းတ၀ါးဝါး၊ အထင်မှား၊ ရဲကျား မှတ်မိကောင်းငဲ့။ ငါ့ခွေးကိုခေါ်ရအုံး
တော့ဗျား။
ဦးကြင်ဥ
( ၁၈၁၉-၁၈၅၃)
လွမ်းမပြေ၊ မန်းမြေတမိတော့၊ ကမ်းခြေမှာ စမ်းရေကျတယ်နှင့် ဖျန်းလေက တသုန်သုန် က အချုပ်တန်းဆရာဖေရေးတာဖြစ်ပါတယ်။
ReplyDelete