စက်ဝဋ်ချမ်းသာ
စက်ဝဋ်ချမ်းသာ၊ ဘေးဖြစ်စာကို၊ နည်းနာစေ့ရေ၊ ကြံဦးချေမူ၊ သည်းချေနောက်မူး၊ ယောင်္ကျားရူးသည်၊ မဆူးမရား၊
လံပါးချေးအိုး၊ ရေဟုချိုး၏၊ ပုပ်သိုးမစင်၊ ဘင်တီးပြင်ကို၊ ဖိရင်နံတောင်း၊ လိမ်းကျံရှောင်းလျက်၊ အကောင်းအတူ၊ နံ့သာမူ၍၊ ရှူရှူရဲရဲ
၊ မီးခဲတမူ၊ ချက်စူမျက်ကောင်း၊ နားတောင်းနှင်းနိုး၊ မြွေဆိပ်ချိုးကို၊ ခါးကြိုးဆောက်လုံး၊ ပန်းကုံးစတေ၊ ဤအခွေဟု၊ သွပ်နေမူဆိုး၊
တင့်စနိုးလျက်၊ အကျိုးမဖြစ်၊ ဆင်းရဲနစ်၍၊ အပြစ်သာမျှ၊ အဆင်းစသည်၊ ပဉ္စကာမာ၊ ဤခြင်းရာကား၊ တန်းဆာဆင်ရုပ်၊ သူရူးနုပ်နှင့်၊
စက်ဆုပ်ဘေးဒဏ်၊ ဖြစ်ကြဟန်လျှင်၊ တသွန်ခင်းကျင်း၊ ဆိုနှုန်းထွင်းလျက်၊ အချင်းအတ၊ နည်းနာချ၍၊ ၀ဋ်မှကွာမှု၊ ဤသို့ရှုလျက်၊
တခုကိုယ်ရှောင်၊ လွတ်လွယ်အောင်ကို။ ။ အမောင်ကြံရေးယူလေဿ။
ရှင်မဟာသီလ၀ံသ
(ပါရမီခန်းပျို့မှ)
မြကန်သာ ကဗျာစာအုပ်မှ
ကာလရှည်လျား
ကာလရှည်လျား၊ လူ့ငနွားတို့၊ ကြီးမားယုတ်မာ၊ နတ်မိစ္ဆာကို၊ ဘိုးလာဘွားဘက်၊ မြေးသားဆက်၍၊
မပျက်ခုတိုင်၊ နတ်ခရိုင်နှင့်၊ပန်းခိုင်ရေအိုး၊ ဆယ်စုံဖြိုး၍၊ မြတ်နိုးနှစ်သက်၊ အနက်အနီ၊ အတီခေါင်းပေါင်း၊
တင်အုပ်ဆောင်းနှင့်၊ အပေါင်းစုံဝေး၊ အမွှေးအကြိုင်၊ မုံ့ဆိုင်မုံ့ခဲ၊ ကြက်ဝက်လဲ၍၊ ပုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊
ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငနတ်တို့ကို၊ မပြတ်ကိုးကွယ်၊ အန္တရာယ်လည်း၊
ကိုယ်ဝယ်လွတ်ကင်း၊ မရှိမလျှင်း၊ ဆောင်နှင်းမင်္ဂလာ၊ လှူဒါပုည၊ ပြုကာလလည်း၊ မိဘရှေ့မှတ်၊
ငါတို့နတ်ကို၊ ပေးအပ်အပ်လျှင်၊ ပွဲလမ်းပြင်၍၊ အရှင်မှတ်မှတ်၊ ကိုယ်ဝယ်ကြပ်လျက်၊ မပြတ်ထင်ရှား၊
မမေ့မှားဟု၊ ဆုများရွယ်ရွယ်၊ ရှက်စဘွယ်နှင့်၊ ဘယ်ဝယ်တခါ၊ ကိုယ်တိုင်လာ၍၊ ဥစ္စာထင်ရှား၊
ဘယ်သူအားကို၊ နတ်များပို့လာ၊ ရှိဘူးပါအံ့၊ မိစ္ဆာစွဲမှတ်၊ ဘယ်အရပ်မှာ၊ နတ်တို့နေရာ၊ အိမ်ခမ်းဝါနှင့်၊
သာယာခမ်းနား၊ နတ်မယားနှင့်၊ နတ်သားနတ်လင်၊ ကြည့်မမြင်တည့်၊ ငြိုငြင်စိတ်စွဲ၊ အံသွားခဲ၍၊
ညှဉ်းဆဲနှိပ်စက်၊ နတ်တို့လက်နှင့်၊ ထုတ်လျက်ဆွဲငင်၊ ပြုကြအင်ကို၊ မမြင်ဘူးပါ၊ သည်အရာကို၊ မိစ္ဆာမောဟ၊
အယူခွ၍၊ နတ်များသခင်၊ နတ်ဘုရင်ဟု၊ နတ်တွင်အကြီး၊ ငါ့သမီးကို၊ ဘမ်းဆီးတတ်ငြား၊ ငါ့မယားကို၊
ဘမ်းစားတတ်ခြေ၊ ချမ်းသာစေဟု၊ ကချေပွဲလမ်း၊ အခမ်းအနား၊ နတ်ထိန်းများနှင့်၊ သောက်စားဟစ်အော်၊
တကျော်ကျော်နှင့်၊ မောင်တော်ရှင်ချစ်၊ နတ်သံပစ်၍၊ မူးရစ်မှိုင်းဝေ၊ အထွေထွေလျှင်၊ လူ့မြေရပ်ရွာ၊
နတ်မိစ္ဆာကို၊ ကယ်သာထင်မှတ်၊ သဘောကပ်၍၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ကံသာအရင်း၊ ပြုဘန်ဆင်းဟု၊
ယူလျှင်းအပ်စွာ၊ ယခုမှာကား၊ ချမ်းသာဆင်းရဲ၊ နတ်ခပဲသည်၊ ပေးမြဲတို့မှာ၊ ထင်မှတ်ရာသည်၊
မိစ္ဆာယူမိယူမှားတည်း။ ။
ရှင်မဟာသီလ၀ံသ
(သံဝေဂခန်းပျို့မှ)
(၁၅၅၃-၁၆၁၈၀)
0 comments:
Post a Comment