မင်းကွာ
နေနိုင်လိုက်တာ
စာမရေး....လေမသွေး သတင်းလေးတောင်မကြားရ
ပဲ့တင်သံ ပြန်မလာတဲ့ နံရံဆိုတာ ရှိမှမရှိပဲ
ဒီအတိုင်းဆို
လ၀န်းထဲက ဆန်ဖွတ်တဲ့အဘိုးအို
မန္တလေးကတစ်ဆင့် ရန်ကုန်ကို ဆင်းလာတဲ့အခါ
ပြည်တော်ဝင်ဖို့
ပြည်လမ်းဘက်ကို ရွေးချယ်လိုက်တော့
မင်းပါမှ မဟုတ်တော့ဘူး
အပူရှိန်ပြင်းသလို
လေပြင်းတွေလည်း ခဏ ခဏတိုက်လိုက်တာ
ဆန်ကောထဲက ဆီးဖြူသီးတွေအဖို့
မရပ်မနားပေါ့ သူငယ်ချင်းရယ်
ဒါပေမယ့်
ငါတို့ကျောပြင်တွေဟာ
ကြာပွတ်မြင်ရုံနဲ့
အေးစိမ့်သွားတတ်တာမျိုးမှ မဟုတ်ဘဲ
ကြွေလည်း အတူတူပေါ့
နှင်းတောထဲ ရောက်နေသူအတွက်
ကျောက်မီးသွေးအရောက်ပို့ဖို့ အဓိကကျတယ်
ဟုတ်တယ်.....
နစ်မြုပ်တော့မယ့် သင်္ဘောတစ်စင်းပေါ်မှာ
နေ့ကောင်းရက်သားရွေးပြီး
ကန်တော့ပွဲပေးတဲ့ ဖြစ်ရပ်ဟာ
တကယ့်ကို ရယ်(ရီ) စရာမကောင်းဘူးလား
ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတိုင်း
"ပန်းတိုင်းပွင့်ပါစေ" သီချင်းဟာ အသက်ဝင်ပါ့မလား
တို့အစ်ကို
ကိုမြတ်လေး...
စစ်မုန်းသူ ... စစ်ကိုမုန်းတဲ့သူတွေ
လာ ... လာလေ ... လာကြလေ .... လို့
သီချင်းရေးခဲ့တယ်
ငြိမ်းချမ်းရေးလည်း အပေါင်းလက္ခဏာလို့ ဖွဲ့ဆိုတယ်
ဆံမြိတ်လည်းပြေ ပန်းလည်းကြွေနဲ့ ကြေကွဲတယ်
သွေးနဲ့ချွေးနဲ့ ရင်းသည့်မြေကို ဖော်ကျူးတယ်
ငို၍ရယ်၍ မရသောမျက်နှာကို တင်ပြတယ်
သူဟာ ကဗျာကို ချစ်ခဲ့တဲ့ ကဗျာဆရာဖြစ်တယ်
သူဟာ "မဗေဒါ" အတွက် ကိုယ်ချင်းစာစိတ်နဲ့
ပင့်သက်ချရတဲ့ သစ္စာရှင်ဖြစ်တယ်
မြေ၏သားအစ်ကို
ကျွန်တော့်ကို ငေးကြည့်နေတဲ့
"တောင်တန်းများရဲ့  မျက်နှာစာ" ထဲမှာ
အထင်အရှားတွေ့ နေရတယ်
ကြွေခဲ့တာအမှန်ဖြစ်ပေမယ့်
"မခင်နှင်းဆီဇာတ်သိမ်း" ဟာ
တကယ်ပဲ သိမ်းခဲ့ပြီလား
ထားရစ်ခဲ့တဲ့ အနုပညာ လှံသွားဟာ ချွန်ဆဲ မြဆဲ
အမှန်တရား စည်မောင်းသံတွေ ... ဝေဆဲ
ဖြစ်ခဲ့သမျှ ဇာတ်လမ်းတွေထဲ
အရပ်ကကောင်းပေမယ့်
ဇာတ်ကကောင်းဦးမှ
ဇာတ်ကကောင်းပြန်တော့ အရပ်ကညီဦးမှ
ပဲ့နှင်းဦးထောင် အတောမသတ်တဲ့ ၀ိရောဓိတွေ
သံသရာ နေ့ညဘ၀ထွေထွေ ရှင်းလေရှုပ်ချည်ခင်
နေပါစေတော့
နေ...ပါ...စေတော့
အားလျော့တဲ့အသံ တိုးညင်းလွန်းပေမယ့်
မနက်ခင်း...ပျက်ယွင်းသွားလောက်အောင်
အရောင်တွေ မှိုင်း...မှိုင်း...မှုန်...မှုန်...
ဟေ့ကောင်...၁၉၆၉ ဒီဇင်ဘာ မမေ့ပါနဲ့တဲ့
သတိတရ ဖွဖွလေးပြောခဲ့တယ်
အသံက ယိမ်းယိုင်ေ၀၀ါးနေပေမယ့်
အဓိပါယ်ကတော့ သံမဏိလက်ချောင်းတွေပါပဲ
ခန်းမကြီးထဲမှာ
မီးရောင်တွေ ပြိုးပြိုးပြက်ပြက်
စိန်ရောင် မြရောင်တွေ လင်းလင်းလက်လက်
ဖန်ခွက်သံ ဇွန်းသံတွေ တဖျတ်ဖျတ်
မတ်တတ်ရပ်သူရပ် ခေါ်သူခေါ်
အော်သူအော်လို့ ပျော်တဲ့သူတွေ ပျော်တဲ့ပွဲ
သူလည်းလေ လောကီသားပေမို့လို့ပဲ ကျေနပ်ထားလိုက်ပါတယ်
နှစ်ပေါင်း နှစ်ဆယ်
သုံးခါလည်ခဲ့ပြီးပါပြီ
ငါတို့ အသက်ရှုသံတွေ ပြင်းထန်နေဆဲပါပဲ
မရည်ရွယ်ပေမယ့်
ကိုယ့်သမိုင်းကိုယ်ရေး ကိစ္စဟာ အတူတွဲပါခဲ့တယ်
သေချာခဲ့တယ်... တကယ်ပဲ သေချာခဲ့တယ်
ဘယ်သူမဆို နေညိုတဲ့အခါ
အလွမ်းဓာတ်ခံတေးသွား... ရွှေဘိုထိအောင်
ရောက်သွား တတ်တာမျိုး....
ခုကြည့်
တို့တတွေရဲ့  တစ်ကျိပ်ထဲက ပဲ့ထွက်လွင့်စင်သွားတာ
မောင်ပြုပြင်
ရွှေရတောင်ကုတ်
တတိယမြောက် မောင်ချောနွယ်
ဘယ်လိုပဲဖြစ်ဖြစ်
ကဗျာချစ်တဲ့သူ အလံထူခဲ့ကြပြီးဖြစ်တယ်
ဘ၀တစ်လျှောက်လုံး ကဗျာကို ချစ်မက်ခဲ့တာ
ငါယုံတယ် "သစ္စာပန်းများနဲ့ မေလ" ဆိုတာ
ကမ္ဘာလောကကြီးရဲ့  သံမဏိလက်ချောင်းစစ်စစ် ကဗျာဖြစ်ခဲ့တယ်
ကဗျာကိုချစ်တယ်ပြောပြီး
အပျော်ကြံတဲ့ စိတ်ကူးအတွေး
ငါတို့နဲ့ ဝေးခဲ့ပါတယ်
ထပ်တူ... အသက်နဲ့ ထပ်တူဆိုတဲ့စကား
လေးလေးစားစား အလေးပြုလိုက်ပါတယ်
ကဗျာနဲ့ ကဗျာဆရာ
ထပ်တူကျခြင်းရဲ့  အဓိပါယ်ဟာ
ခုထိ ရှင်သန်နေဆဲ ဖြစ်တယ်
လူထုရေစီးကြောင်းရဲ့ 
လူသားတွေထဲမှာ
သရုပ်ဆောင်ကောင်းသူတွေပါတယ်
အကောင်းဆုံး ဘိလိယက်သမားတွေပါတယ်
လက်ဝှေ့မထိုးတော့တဲ့ ခံတပ်ဟောင်းတွေပါတယ်
မြားတစ်စင်းရဲ့  အလျဉ်ကို
လက်ညှိုးနဲ့ လက်ခလယ်ကြား ထည့်ထားနိုင်သူတွေပါတယ်
အဆုံးမသတ်ခင်
မျက်မမြင်ခြောက်ယောက်ကို မွေးစားထားသူတွေပါတယ်
ဒီမှာ
ကမ်းနားသစ်ပင်ဆိုတာ
အမြစ်မကျွတ်ခင် အရာဝင်တာပါ
သစ္စာမဲ့သူအတွက် သစ္စာဖောက်သူတွေဟာ
သူ့ဝမ်း သူကျောင်းပြီး
သူ့လမ်း သူသွားတယ်ဆိုပေမယ့်
တစ်မိုးအောက်ထဲမှာဆိုတော့
မတွေ့ချင်ပေမယ့် မြင်နေရတတ်တယ်
မြင်တဲ့အခါ ကျောခိုင်းလိုက်ပါ
နောက်ပြီး "၀ယ်စားရင်း" ဖျက်လိုက်ပါ
ဒါဟာ...တရားမျှတတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်
မှောင်ရီပျိုးစ
တရိပ်ရိပ်ထက်လာတဲ့ ဖြန့်ကျက်ခြင်းများ
ကမ္ဘာတစ်ခြမ်းဝိုးတ၀ါး ညီအစ်ကိုမသိတသိ... သတိနဲ့ မြဲလိုက်ပါ။
တံလျှပ်နှုန်းပြင်များကို ကျော်ဖြတ်ကာ
ကြယ်နီရောင်ဆင်သထားသော တစ်ဖက်ကမ်းပါးသို့
ချောမောစွာ ဆိုက်ရောက်စေသတည်း။ (ဒဂုန်တာရာ)
တုန်ဟည်းရိုက်ခတ်၊ အထပ်ထပ်အခါခါ၊ ပဲ့တင်လာတဲ့၊ ညီညာပေါင်းစု
လူထုကဗျာ... ကဗျာလူထု...။ ။
မောင်စိမ်းနီ
ပိတောက်ပွင့်သစ်
အမှတ်(၂၆) စက်တင်ဘာလ ၂၀၀၉
0 comments:
Post a Comment