အခုလို . . သီတင်းကျွတ်
မီးပုံးလေးတွေလည်း မိုးရေတွေထဲ
စိုလို့ ရွှဲလို့
မီးခိုးသူရိန် မြူတိမ်ဆီးနှင်းတွေနဲ့
နက္ခတ်မှားတဲ့ညတွေချည်းပဲပေါ့ ။
ကောင်းကင်ကိုပဲ မော့ကြည့်ကြည့်
တမျှော်တခေါ်ရှုခင်းကိုပဲ ငေးငေး
ပင်လယ်မှာ စံပယ်တွေ မဖွေးနိုင်
ကောက်သင်းရနံ့လည်း ရှာမရ
စာခြောက်ရုပ်တွေ ပျောက်ပျောက်သွား
သံဆူးကြိုးတွေ ရောက်ရောက်လာ
ပုံနှိပ်သတင်းစာ မျက်နှာပေါ်မှာတော့
တန်ဖိုးနည်းဖုန်း တန်ဖိုးနည်းအိမ်ရာ
ရေအားလျှပ်စစ်တွေ တထိန်ထိန်
ရန်ကုန်မှာ . . အငြိမ်ဇယား
ဂုံးကျော်တံတားကြီးတွေဆောက်ေ
နပြီ
မြို့တော်ခန်းမ ရှေ့မှာ ယာယီသပိတ်စခန်းတွေ
ရောက်နေပြီ
လက်ပံတောင်းလယ်တီသိမ်တော်
ဖူးမြော်ချင်လို့ စုစုရုံးရုံ အုံအုံကြွကြွ
သူတို့ . . တချို့ ငြိမ်းချမ်းရေးစကားဝိုင်းထိုင်နေပြီ
သူတို့ . . တချို့ စာရွက်ဖြူလက်မှတ်ထိုးကြပြီ
သူတို့ . . တချို့ လေယာဉ်စီးပြီး ကမ္ဘာပတ်ပြီ
ငါတို့ . . အားလုံး အိမ်ထောင်စု ဇယားအဟောင်းတွေပြန်ရှာ
ငါတို့ . . အားလုံး ဖုန်းပေါက်မဲတွေ လစဉ်နှိုက်
ငါတို့ . . အားလုံး လမ်းကြပ်ကြပ် ကားကြပ်ကြပ်ထဲ
လမ်းမပျောက် ကားမကြောက်တော့ဘူး
ငါတို့ . . အားလုံး မြှောက်ထားတဲ့လက်တွေညောင်း
အော်နေတဲ့ပါးစပ်တွေညောင်း
ငါတို့ . . အားလုံး ကျွန်တော်လည်း ထိုနည်းလည်းကောင်း
ထိုနည်းလည်းကောင်း
ဝမ်းဟောင်းလောင်း အူဟောင်းလောင်း
လူမပြောင်း မူမပြောင်းတဲ့ ဂူဟောင်းထဲမှာ
ကြာ . . ကြာ . . ကြာ . . . ။

မောင်သော်တာ
ဒီဇိုင်း ကိုထိုက်ကောင်းကင်မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment