ကိုယ့်ဘဝတစ်ခုလုံး ဆရာဝန်မလေးနှင်းကို ပြထားတယ်



။ရခဲ့ ပြီ။

ဝလုံး ဝိုင်းဝိုင်းလေးတွေရေးတုန်းက ရခဲ့တဲ့ စိတ်မှာ ဒဏ်ရာ
မရှိတဲ့အသံတွေ ကြားကြားနေရတာ
မဟုတ်တဲ့ အရုပ်တွေ မြင်မြင်နေမိတာ
မမှန်တဲ့ စကားတွေ လေထဲ လွင့်နေတာ
ဘာရောဂါလေးပါလိမ့် ဆရာဝန်မလေးရယ်။

။ကျခဲ့ပြီ။

အခုတော့ကျကွဲသွားပါပြီ
ကိုယ်ဟာ ဓားသွားကိုမက်မောမိသူ ထန်းတက်သမား
အဲဒီဓားတွေကပဲ ကိုယ့်အရေပြားတွေ ပြတ်ရှစေရုံ
ကိုယ့်သွေးတွေ နံရံပေါ် အရုပ်တွေ အားလုံးဖြစ်
အချစ်ဟာ ခွဲစိတ်ဓားအောက်က သွေးကြောပါးပါးလေးတွေ ဖြစ်ကြောင်းသက်သေ
ငေးကြည့်နေမိတာ
ကိုယ်မရတော့တဲ့ ညနေစစ်စစ်ပေါ်က ခုန်ချမိသူ ကိုယ့်အကြောင်း
ဆရာဝန်မလေး စမ်းသပ်ပါ။

။ကြွခဲ့ ပြီ။

နေ့စဉ်
ကဗျာလိုသူ တစ်ယောက်ရဲ့ စိတ်အကြွ ပြန်အကြွေ
စာသားများသာ ကိုယ့်ကမ္ဘာ ဖြစ်စေဖို့
ဆရာဝန်မလေး ကူပါ။

။လေခဲ့ ပြီ။

အကြမ်းဖက်ခံ မြမ္မာကဗျာလေးတွေရဲ့ ဘာသာစကား
စိတ်ဟာ စာသားတွေအောက်မှာ အသေ။

။ဝေခဲ့ ပြီ။

အချစ်ဆိုတာ ပေတရာလမ်းပေါ် ပြုတ်ကျနေတဲ့ ခေတ်ကြီးပေါ့ကွယ်
လေတွေကလည်း လမ်းပေါ်
လူတွေကလည်း လမ်းပေါ်
ဘယ်တော့မှ ပြန်မရနိုင်တော့တာ ကိုယ့်အစိတ်အပိုင်းတွေပါ
လမ်းတွေလျှောက်တော့လည်း ကိုယ့်စိတ်တွေ နာနာနေလို့
ဆရာဝန်မလေး ကယ်ပါ။

။နေခဲ့ ပြီ။

ခွေးကိုက်ရာလေးတွေနဲ့ ခုံဖိနပ်လေးရဲ့
ကျန်းမာရေး အတွက်ပါ
လဲကျနေတဲ့ ပစ်တိုင်းထောင်ရုပ်လေးတွေရဲ့
ချစ်ခြင်းမေတ္တာ အတွက်ပါ
ထန်းလက်ငါးလေး ရွှေစာရံနဲ့
ဗုံတီးလိုသူ သားငယ်လေးအတွက်ပါ
ကိုယ့်ဘဝအစုတ်ကလေးကိုမှ ကောက်ထားချင်တဲ့ ဆရာဝန်မလေးကိုမှ
ကိုယ့်ဘဝ တစ်ဘဝလုံး ကုသစေလိုပါတယ်။

။ကြွေခဲ့ ပြီ။

ကိုယ်မှ ထွက်သောချွေးများဟာ ကမ္ဘာကြီးရဲ့ နှလုံးခုန်သံအတွက်ဖြစ်ပါတယ်။

။ကိုယ့်မှာ အားငယ်။

မြတ်ဝေ
၁၇၊ ၇၊ ၂၀၁၃
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment