တုတ်တစ်ချောင်းချိုးမိလို့ အစားပြန်ချိုးခံရလည်း ဂရုမစိုက်ပေါင် တဲ့
နေရာစုံမှာ ၀ါဒတွေပြန့်ကျဲနေတဲ့ ဗီနိုင်းစတွေကို လိုက်သုတ်ရင်း
ရွှေအိမ်သာဟာ မျှော်တိုင်းဝေးနေခဲ့တယ်
ရှုပ်ထွေးမှုမရှိလှတဲ့ ကန္တာရတောင်တန်းတွေဟာ ပင်လယ်နဲ့ခွဲမရအောင် ဆင်တူသတဲ့
ပြောရင်ဆိုရင် နောက်ကျောကိုပွတ်စမ်း ကြည့်တဲ့အကျင့်ကို
စစ်သမိုင်းပြတိုက်ထဲက ကောက်ရလာခဲ့တယ်
မနက်က တပ်ဖို့မေ့လာတဲ့ ခြေထောက် ၂ ဖက်မှာ
စပိုင်ရီကော့ဒါကို အထည့်ခံထားရတာကို စပမ်းမေးလ်တစ်စောင်မှာ ဖတ်လိုက်ရတယ်
အထူးပြုလုပ်ချက် ခပ်ကြမ်းကြမ်းထဲက အံ့ဘနန်း ထွက်လာခဲ့တဲ့ ကျွန်တော်ဟာ
အပေါစားလူကြမ်းကြီးပါ
အကြမ်းပန်းကန်ထဲက သကြားနံ့သင်းတဲ့ လက်ဖက်တွေ
ဘယ်သူလာလှန်းပြီး ဘယ်သူလာရုတ်သွားသတုန်း
ပျိုမလာလို့ ကိုပြာခဲ့ရတဲ့ ရက်တွေတောင် ပြေးတွေ့ချင်မိတုန်းပဲ
အင်တာနက်မိုင်းဗုံးကြ်ီးကို ဖြုတ်သိမ်းအပြီးမှာ
ချခဲ့မိဖူးတဲ့သက်ပြင်းတွေလည်း ကိုကာကိုလာဘူးထဲရောက်ကုန်ပြီ
တမ်းတစရာဆိုလို့ နောင်တ နဲ့ အာဃာတ ပဲ ကျန်တော့တယ်
ချွတ်လဲပစ်လိုက်တဲ့ ဦးဏှောက်တစ်လုံးကို အောက်ဈေးနဲ့တောင် ရောင်းမရဘူး
မထင်မရှား ငါ့မျက်နှာလေးကို စည်ပင်ကား သိမ်းသွားတာ ငေးရင်း
အိပ်ငိုက်ပြီး ပါသွားတဲ့ အလင်းတန်းတွေ မီးခြစ်မှာ ပြန်တွေ့လိုက်ရတယ်
ခဏပါ
သူတို့ဟာ မြန်မာ မဟုတ် တိုက်ဂါးမဟုတ်ပေမယ့်
ရိုးရှင်းတဲ့ ဘ၀ရဲ့ ပျော်ရွှင်မှုတွေ
သူတို့အိမ်တွေခပ်နိမ့်နိမ့်ပဲ မြင်ရလို့ အထင်မသေးပါနဲ့
သူတို့မြေကို ၄ မီတာလောက်တူးရင်
တချို့ ပြောတာက ဒေါ်လာထွက်သတဲ့
တချို့ကပြောတော့ အမ်တမ်ဗုံးထွက်သတဲ့
အဲ… တချို့ကလည်း လက်ထိပ်နံ့ ထွက်တယ် ပြောကြပြန်တယ်
တကယ်ပါ… သူတို့မှာ ဦးချောရဲ့ကဗျာတွေရှိတယ်
အိုမာခရမ် ရှိခဲ့ဖူးတယ်
နေညိုရင် ရွှေဘိုက ကြက်ဖကြီးကိုလည်း လွမ်းတတ်ကြသေးတယ်
အဲဒါ အာရဗီယံပင်လယ်ထဲက စည်သွပ်ဘူးထဲမရောက်သေးတဲ့
ဝေလငါးကြီးပေါ့
ပါကင်လှလှလေးထဲတိုးဝင်သွားတဲ့ ငါးတောင်စင်းတွေကြားမှာ
ဝေလငါးကြီး သိမ်ငယ်စိတ်အမြဲဝင်တတ်သေးတယ်
တချို့က ကယ်ရီဖိုးမှာ
တစ်ချို့က ဟိုတယ်ဟင်းလျာတွေပေါ်မှာ
အာသာမပြေတဲ့ ပင်လယ်ရေဗွက်လေးထဲ ကူးခတ်ရင်း
အစိမ်းမကလို့ အနီပဲပေးပေး ဂရုမစိုက်ဘူး ဆိုပေမယ့်
ကိုယ့်စားခွက်ပေါ် မြေခွေးနင်းနေတော့လည်း
ဝေလငါးဟာ ပုံပြင်ထဲက နွားဖြစ်သွားပြန်တယ်
အစာအိမ်ရဲ့ အတွင်းပိုင်းမှာ ထောက်လှမ်းမရအောင် ပလပ်စတစ်အမဲ ကြမ်းကြီးတွေနဲ့
တစ်ခါတစ်လေတော့လည်း ကမ္ဘာမြေကိုလွမ်းမိနေဦးမလား
အိမ်အောက်ကနေ ဒေါ်လှတစ်ယောက် ထဘီထုတ်ထမ်းပြီးထွက်သွားတယ်
ဘယ်သူမြင်တယ်ထင်သလဲ
ဒေါ်လှမဟုတ်ဘူး ဒေါ်လာလို့ တချို့ကငြင်းတယ်
တချို့ကတော့ ဖိုးလှကြီးလို့ဆိုသတဲ့
ပသို့ဆိုစေ
ကလေးတစ်ကောင် ခွေးတစ်ကောင်မကျန် လစာပေးထားမယ်ဆိုတဲ့ကမ်းလှမ်းချက်
နင်မို့ငြင်းရက်လေတယ် စုပ်သပ်ကြပြန်သေးတယ်။
ဘကြီးဖြိုးအကြောင်းကိုလည်း တစ်စေ့တစ်စောင်း မေးချင်သေးတယ် အညို
စီပီကြက်တွေနဲ့ စီးပွားဖြစ်နေတော့လည်း ဘကြီးဖြိုးတို့အိမ် မိုးမယိုတာကြာခဲ့ပြီ
မိုးပြိုရင်တောင် သူတို့ရှောင်လို့ရတဲ့ အနေအထားမှာ
မင်းကော နေသားတကျရှိ နေပြီလား ပြန်မေးရင်း
ကြက်ဟာ ဝေလငါးထက် ကြီးထွားလာတယ်
ဗီဇမရှိ ဗီဇမသိတော့တဲ့ ကြက်တွေအတွက် အိုးမဲသုတ်စရာမလိုတော့ဘူး
တစ်ခါတုန်းက အိမ်ကြက်တွေ တောခိုကုန်ကြပြီလား
သင်ရိုးပေါ်က ထိုးဇာတ်တွေကြားမှာ အုန်းသီးတိုင်းဟာ ကတုံးဖြစ်ကိုဖြစ်တယ်
နောက်အစာတစ်နပ်အတွက် အစူးခံမလား အရူးခံမလား
တေလေတို့နောက်ဖေးက အရူးမကတော့ လင်ကောင်မပေါ်ပဲကလေးမွေးသွားပြီ
ကိုယ့်အသားကိုယ် စည်သွပ်ဖို့ဟာ ရူးနှမ်းတဲ့ကိစ္စလို့ ဆိုချင်လား
ကတုံးတိုင်းဟာ အုန်းသီးမဟုတ်ကြောင်း ကြက်သွန်ကသက်သေပြပြီးပြီ
အိမ်ပြန်မရောက်သေးတဲ့ အိမ်သာတစ်လုံးကို စောင့်ကြသူတွေထဲ သူတို့လည်းပါချင်တယ်။
လင်းရမ္မာ
0 comments:
Post a Comment