အိုအေစစ်ဆိုတာလည်း အကြမ်းပန်းကန်ထဲက တစ်နှစ်ခံငရဲဖြစ်နေလိမ့်မယ်
ခေါင်မိုးပေါ်မှာလဲ မစ်တွေဝဲနေလိမ့်မယ်
ခေါင်းမြီးခြုံ မလုံမလဲ ဘဝတွေဟာလည်း အာဃာတတွေနဲ့ ကြည့်နေလိမ့်မယ်
ကိုယ်နင်းရမယ့် သံပြားဟာလည်း ကုလားအုတ် အရေပြား ဖြစ်နေလိမ့်မယ်
ယမ်းငွေ့ဝေနေတဲ့ ပင်လယ်လေဟာလည်း ကန္တာရ နွေဖြစ်နေလိမ့်မယ်
၂၁ရာစုရဲ့ ပါရှန်မတွေ ပင်လယ်ထဲ ဘစ်ကနီဝတ်ပြီး ရေကူးနေလိမ့်မယ်
သွပ်မိုးပူပူပေါ်မှာ ကြောင်တွေခြေပူခံပြီး ပျော်နေလိမ့်မယ်
လိမ့်မယ် လိမ့်မယ် လိမ့်မယ် တွေအပြည့်ထည့်ဆွဲပြီး
နေရာယူချင်သူတွေအတွက် နေရာချန်ထားခဲ့ပြီလို့
ပြည်ပထွက်ခွါနေရာကနေ ရွှေနိုင်ငံကြီးကို လည်ပြန်ငေးမိလိုက်တယ်။
ဒီကိစ္စ ဘယ်သူနဲ့တိုင်ပင်ပြီး
ဘယ်အကောင်တွေ ခေါ်ရမယ်ဆိုတာ ဘယ်သူက ဆုံးဖြစ်ခဲ့တာတဲ့လဲ
ခွေး ကြံသကာကျွေးထားသလို
ပါရှန် စစ်သားတွေဟာ စကားတစ်ခွန်းမျှ မပြောအားကြဘူး
ကြွေရည်သုတ်သင်္ဘေားကြီးကို ပြောင်သထက် ပြောင်အောင်တိုက်ဖို့ထက်
ဂွင်းတွေ ဂွတွေနဲ့ ဆော့ကစားဖို့ပဲ ငါဟာ ရောက်လာခဲ့တာပါတဲ့
လေပင့်လိုက်တိုင်း တလူလူပျံဝဲနေတာ ငါ့နိုင်ငံတော် အလံမဟုတ်ဘူးလို့
ဆားငန်ရေထဲ တံတွေးတွေပဲ ထိုင်ရောနေရတဲ့ ချာတိတ်ကလေးပါ
ဆီးဖြူသီးဘန်းထဲ လိမ့်နေသလို
အင်ဂျင်ခန်းထဲ လိမ့်မယ် လိမ့်မယ် နဲ့
ဆက်မလိမ့်ချင်တဲ့ လိမ့်မယ် luggage ကိုရပ်ပြီး
ရွာမြီးကျောင်းက ဆရာတော်ကြီးက ပစ် မိန့်ပေးလိုက်လို့
ကပ္ပိယကြီးလက်ထဲကနေ တဒက်ဒက်နဲ့ မြောင်းထဲ လိမ့်ပါသွားတဲ့
ထမင်းကြမ်းခဲတွေလို တို့တွေ ခုတော့ တစ်ယောက်တစ်နေရာစီ
ငါ့ကို ဘယ်လိုမှလည်း မဖွဲ့နွဲ့တတ်လေတော့
ရင်ကြားချင်း မစေ့ကြရင်လည်း မတတ်နိုင်ပေဘု
‘ငါ အီရန်သွားရတော့မယ် မလင်းပြာ’
ဖားတစ်ပိုင်း ငါးတစ်ပိုင်းဘဝပေမို့
မူမမှန်ဆင့်ကဲဖြစ်စဉ်တစ်ခုကိုမှ
ငွေအသပြာ ၄သန်းပေးကာ ငါဖြတ်သန်းရတော့မယ် မိယမင်းရယ်။
ငါ့မှာ ပွားစရာဆိုလို့ သံသယတွေပဲ ရှိတယ်လို့ နင်
နောက်နှစ်ဆယ်လေးနာရီမှာ
အမြီးစွန့်ဖို့သွားတာလား ခေါင်းစွန့်ဖို့သွားတာလား
ငါ့ကိုယ် ငါ သေချာမေး ရဦးမယ်
ရွာဦးဆရာတော်ပေးတဲ့ သရက်သီးသနပ်နဲ့
ဖင်ကြားစေ့နေတဲ့ငါ့ကိုယ်ငါ ပင်လယ်ထဲ ဗုံးကျဲလိုက်တယ်
ပင်လယ်ကွေ့စစ်ပွဲကို ငါဆက်နွှဲရတော့မလား အမိရယ်
နွားရှေ့ထွန်ကျူးတာထက် ဘုန်းကြီးရှေ့ လေလည် မိသလို မဖြစ်ဖို့ ငါ
နဖူးပေါ်က ချွေးတွေကို လက်နဲ့ မသုတ်လို့ ဘာနဲ့ သုတ်ရမလဲ
(ငါ့အမြီးက အဲ့လောက် မရှည်ဘူးရယ်)
ငါ့ကမ္ဘာကြီးကို ငါချုံ့ပစ်လိုက်တယ်
ကုန်းပတ်နဲ့ စက်ခန်း၊ စက်ခန်းနဲ့ ကုန်းပတ်
ငါဟာ တစ်ပတ်တည်းသမား စစ်စစ်ဖြစ်ခဲ့တာ သေချာပါပြီဟာ
ဟိုး အချိန်တုန်းကတော့ ကြိုမသိနိုင်ခဲ့ဘူးပေါ့
ဒါပေမဲ့ တာဝန်ရှိသူတွေက
ရေတို့ ရေခဲတို့ မရောပဲ ဒီတိုင်းပဲ သောက်ပစ်လိုက်ဖို့ မှာတယ်
အဲ့လိုနဲ့ အတွေးတွေဟာ လိမ့်ဖယ် လိမ့်ဖယ်ဖြစ်ပြီး
ပမ်တစ်သိုက်နဲ့ တညင်တဝိုက်မှာ ဂေါ်လီရိုက်ခဲ့တာတွေ
ဂေါ်လီသွင်းဖို့ ကြိုးစားခဲ့တာတွေ
မကြီးမငယ်နဲ့ နိုဗိုတယ်မှာ လှူပ်မြင်းရုပ်ကြီး ခွခွစီးခဲ့တာတွေ
ဘဘဆီးချုပ် ဝမ်းချုပ် မူးပြီး ကျန်းမာပါစေ ချမ်းသာပါစေ
သက်တော်ရာကျော်ရှည်ပါစေကြောင်း
ဆရာမ ခိုင်းထားသမျှ ဖင်ကုန်းပြီးအော်နေတဲ့ လှလှကြီးရဲ့မျက်နှာတွေ
ဗိုလ်ချုပ်လမ်းမှာ ဘရာစီယာကြော် ဝယ်စားရင်း
သတင်းစာ စက္ကူ ပေါ်က ဆီစွန်းနေတဲ့ ခိုမေနီ ရဲ့ မျက်နှာတွေ
မြန်မာ ပြည် တနံတလျား မီးသတ်သမားလေးတွေ အလုပ်ရှုပ်သွားတဲ့… … အိုဝိုဝို
တွေးရင်း တွေးရင်း ပမ်တွေအတူ သောက်ခဲ့ကြတဲ့ဝီစကီတွေ
မျက်လုံးထဲ ဝဲဝဲလာသလားပဲ
တစ်ပတ်ပြီး တစ်ပတ်သောက်ရင်းပဲ တစ်ပတ်ပြီး တစ်ပတ် ဝဲဝဲလာတယ်
ဒါပေတဲ့ လေ့ကျင့်ပျိုးထောင်ထားခဲ့တာ ကြာပြီပဲ
ဘယ်မှာ တုန်လှုပ်ပါတော့မလဲ
ဥပေက္ခာတရားဟာ လှိုင်းတွေပေါ်မှာ ဗောလော ဘောလော မသိဖြစ်နေတယ်
သမိုင်းဆိုတာနဲ့ယှဉ်ပြီး နင့်ကို ချစ်ခဲ့တာပါ မိယမင်း
စစ်အစိုးရခေတ်ပဲ ဖြစ်ဖြစ် ရွှေရည်စိမ်ဒီမိုကရေစီခေတ်ပဲ ဖြစ်ဖြစ်
ဆိုဗီယက်စစ်သားတွေဟာ အခုဆို ထမင်းဟင်းအချက်ကောင်းရုံမကဘူး
သစ်သီး သစ်ဥ သစ်ဖု သစ်မြစ် နဲ့ မြက်စစ်စစ်တွေပါ စားတတ်ကုန်ပြီဟယ်
ပြီးတော့ သူတို့ ဆိုဗီယက်ဘာသာနဲ့ အာလိပ်လျှာလိပ် သံဗြဲကြီးတွေနဲ့ အော်ဆိုကြတဲ့
“ငါ့ဘဝရဲ့ ဆီးအိမ်ရှင်ပါ ငါ့ဘဝရဲ့ ဆီးအိမ်ရှင်ပါ” ဆိုတဲ့ သီချင်းသံတွေ
သူတို့ဆီမှာ ဘက်ဆဲလားဖြစ်ခဲ့တဲ့ “ဆီးဖြူသီးတွေနဲ့ မိုးထားတဲ့ အိမ်” တို့
“ဆီးသီးဘဝ ရှာတော်ပုံ” တို့ တွေးရင်းလွမ်းလာ
ခုဒီမှာ တစ်ယောက်ယောက်က “ဆီးယူ” လို့ ပြောတိုင်း
ကိုယ့်ဘက်က “ခွက်ကလေးနဲ့” လို့ ပြောဖို့
ငါ ဘယ်မှာလဲ … … တစ်ဖက်ကမ်း အီရန် တစ်ဖက်ကမ်း အီရတ်
ငါ့စိတ်က စိန့်ပီတာ စပတ်မှာ
တူးမြောင်းစည်းလေးထဲက ဖီရိုဈာန်ဆိုတဲ့ ကွန်တိန်နာ သင်္ဘောလေးပေါ်မှာ
ခိုရမ်ရှေးဆိုတဲ့ ဆိပ်ကမ်းမြို့လေးမှာ ပုပ်သိုးနေတဲ့ luggage ကြီးကို ငါမဖွင့်ရဲဘူး
လီနင်ဂရက်မှာ တကယ့်ဖြစ်ရပ်တွေဟာ သတင်းစာမျက်နှာပေါ်က
ထွက်ပြေးလွတ်မြောက်နေတဲ့ အယ်လီဘာဘာ
ဒီနေရာမှာ စစ်အတွင်းက ကျွတ်ကျန်ခဲ့တဲ့ ဘဘဆဒ္ဒန်ရဲ့ နှုတ်ခမ်းမွေးကြီးများ ရှိနေမလား
ညလုံးပေါက်လင်းနေတဲ့ ရေနံစင်တွေမှာ
ယန်းကီးတွေရဲ့မျက်လုံးကြီးများ အလည်ရောက်နေမလား
တီဗီချန်နယ်က အလကားလွှင့်နေတဲ့ လာလီဂါပွဲတွေကို ကြည့်ရင်း
ပြည်သူအတွက် စစ်ကိုင်းနတ်ဆိုတာကြီးကို ပြေးပြေးသတိရမိတယ်။
luggage ထဲက ဘက်တီးရီးယားတွေကို ဘယ်သူလာမွေးသွားသလဲ။
တဲလ်အဗီးမှာ ဆုံမယ် အချစ်ရယ်လို့ ငါတို့ ထုံးဖြူစေတီတစ်ဆူဆူမှာ ကတိမပြုမိခဲ့ကြဘူးနော်
ဇနက္ကထုံး နှစ်လုံးမူလိုက်တော့ ငါ့ကို ဘောဖြူကြီးလို့ ပါရှန်တွေက ထင်ကြတယ်
ငါ… အခု ဘယ်ကိုရောက်နေတယ် တကယ်မသိတာပါ။
ငါ့ကိုတွေ့ရင်ခေါ်ပါ။
ငါဟာ ဒိုင်လူကြီးမသိလိုက်လို့ အနီကဒ် နှစ်ခါနဲ့ ခုထိ ကွင်းထဲ ယောင်ချာချာ ဖြစ်နေတာပါ
ငါဟာ ဒူဘိုင်းမြို့ပြကြီးရဲ့ မီနာရာရှစ်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံဆိုတာ တကယ်ရှိလား။
ဘယ်နိုင်ငံနဲ့နီးလဲလို့ လဝကရဲ့ စစ်ဆေးတာကိုခံခဲ့ရတဲ့ကောင်ပါ။
ငါဟာ မြေမြှုပ်မိုင်းတွေဘယ်မှာ မြှုပ်ထားသလဲ မသိတဲ့ကောင်ပါ။
ငါဟာ အခြေခံဥပဒေဆိုတာကို အခြေခံကစပြီး မသိနားမလည်းခဲ့တဲ့ကောင်ပါ။
ငါဟာ လီဆာလည်းမသိ လိုင်ဇာလည်းမသိတဲ့ကောင်ပါ။
ဖဘမရ၊ ဘလော့စပေါ့မရ၊ အရက်လည်းမရ တဲ့ဒေသမှာ
ဟာဂျီမှူး ဇော်ကို သာမာန်ပြည်သူတစ်ယောက်အဖြစ် နှစ် ၂ဝလောက်
တစိမ့်စိမ့် ထိုင်ကြည့်နေချင်တယ်။
အခြေအနေပေးရင် မေခလာ ရင်နို့တွေ သောက်စို့ချင်နေမယ်လို့တော့ မထင်လိုက်ပါနဲ့
ရန်ကုန်မြို့ကြီးဆိုတာလည်း တကယ်ရှိသလားမသေချာတော့
ငါလွမ်းနေတဲ့ ငါ့ဘဝလေးလည်းတကယ်ရှိလား မသေချာတော့ဘူး။
တိရစ္ဆာန်ရုံအကြောင်း အသေးစိတ်တွေကအစ အားလုံးတော့ ငါမှတ်မိနေပြန်တယ်
နောက် ငါအခုရောက်နေတဲ့ နေရာမှာ ဟို ဖိုးပါကြီး ဆရာ မရှိတာလည်း သတိထားမိပြန်တယ်
ပင်လယ်ကွေ့မှာတရေးနိုးညတိုင်း ဗမာပြည်ကြီးလိုမှောင်နေတဲ့ အိပ်မက်တွေ
ဆဝပ်ဒီ ဆိုတာကိုကြားကတည်းက ငါဟာ ကွဲပြားလာတယ်
ငါဟာ လိုင်းကားပြောင်းစီးနေကြ ဗမာတစ်ကောင်ပါ၊
ခြားနားခြင်းရဲ့အရသာဟာ စူးစမ်းခံရမှုကြောင့် ထိသိလာတယ်။
ဘဝကူးကောင်းတယ်ပဲခေါ်ခေါ် ကောင်းရင်းဘဝကူးတယ်ပဲခေါ်ခေါ်
ဆေးထိုးမှားလို့သေတာထက် ဆေးထိုးများလို့ သေတာကိုပဲ ငါရွေးချင်တယ်
ဟော မရတချက် ရတချက် ဖဘလေးနဲ့ ကိုဘီကျုံးဆိုတဲ့ အမေရိကန်ဘောသမားဟာ
ကိုဘီနိုးဆိုတဲ့ငါ့လို ရက္ခပူရသားစစ်စစ်မရှိတဲ့အချိန်မှာ ခြေစွာနေတယ်ဆိုတာလည်း ငါတွေ့သိမိရ
မယ်ရွေးပွဲတွေတိုင်း ရွှေမတွေ နှစ်ဆု အနည်းလေး ချိတ်တယ်ဆိုတာလည်း ငါမြင်သိမိရ
လွမ်းစရာ ရွှေရောင်အချိန်တွေနဲ့ ရွှံ့တစ်ပိဿာကို ရွှေမျက်ပါးအုပ်
ရွှေနိုင်ငံလို့အော်နေတဲ့ ပြည်လည်းမဟုတ်
ကိုယ့်ဥ ကိုယ်ညှစ်ပြီး ကိုယ်ကြေကွဲလာတယ်၊
အမှားတွေအများကြီး ဖြစ်ပြီးခဲ့ပြီ
ဥကနေ အကောင်ဖြစ်ကာနီးမှ ဥထဲပြန်ဝင်ရတဲ့ ဆင့်ကဲဖြစ်စဉ်ဆိုတာလည်း ရှိတယ်။
အရှေ့ အလည်ပိုင်းဒေသမှာ အင်္ဂါဂြိုဟ်သားအတွက် ဘော်ဒါပတ်စ်ထုတ်မပေးဘူး။
ဌာနဆိုင်ရာက ပေးထားတဲ့ လိုင်းခန်းတွေက
ခုငါအလုပ်လုပ်တဲ့ သင်္ဘောပေါ်က အိပ်ခန်းတွေလောက် တောင် မဟန်ဘူး။
ငါတို့ အခုလွတ်လပ်နေပုံများ
ပင်လယ်ထဲမှာ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ စီတန်းရေကူးခွင့်ရှိတယ်
အဲ ဘောတော့ မြဲအောင် ကိုင်ထားဖို့လိုတာပေါ့
ကိုယ်ရွေးချယ်ခဲ့ပေသမို့ ကိုယ့်ကိုက်လမ်းအတိုင်း လျှောက်ရပေဦးမယ်။
ရောက်ဖူးပြီလား… စကားလုံးတွေထဲမှာ
လျှောက်ဖူးပြီလား… နေပူပူတောင်ကမူနီနီတွေပေါ်မှာ
ပါရှန်းဘာသာစကားမှာ ပင်လယ်ဆိုတာ ဿဒိယ
ကမ်းနဲ့ခပ်ဝေးဝေး စစ်သင်္ဘောလေးပေါ်ကနေ အီရန်စစ်သားလေးက
ငါ့ကို အလေးပြနှုတ်ဆက်သွားတယ်
ဆလမ်… …
ဆလမ်… …
ကိုယ့်သေတွင်း ကိုယ်တူးတယ်ဆိုတာ စီမံကိန်းပညာရှင်တစ်ယောက်ရဲ့ အမျှော်အမြင်ရှိမှုပါလို့
ကိုယ့်ပြွန်တန်ဆာ ကိုယ်ထူထောင်နေတဲ့ ပဲခူးတိုင်း မျိုးချစ်လက်သမားတစ်ယောက်ရဲ့
ထိပ်နဲ့ပဲ ဖြစ်ဖြစ် စိတ်နဲ့ပဲဖြစ်ဖြစ် ပစ်မှားစရာ တစ်ကောင်တစ်မြှီးမှမရှိတဲ့ ရေငံပြင်ထဲ
နေသိုး
0 comments:
Post a Comment