ကြွက်တွေက မြင်းပိန်မကို ကိုက်ကြတယ်၊ ပါးကိုကိုက်တယ်။ နားကိုကိုက်တယ်။ ပေါင်အတွင်းသားတွေကို ကိုက်တယ်။ မြင်းပိန်မခမြာ ဒုက္ခပိုပိုရောက်လေ၊ ဘုရားပိုပိုတလေ၊ အရှင်ကြီးအရှင်ကောင်းတွေမဖို့ ပိုပိုကိုးလေ။ မြင်းပိန်မစာမဖတ်ဘူး။ ပညာဆိုတာ ဘာမှန်းမသိဘူး။ ကြာတော့ အစာစားဖို့နဲ့ ၀န်ရုန်းဖို့ပဲ မြင်းပိန်မသိတယ်။ စားရဖို့ ၀န်ရုန်းတယ်။ ၀န်ရုန်းနိုင်ဖို့စားတယ်။ ဒီလိုပဲလုံးချာလည်ပြီး မြင်းပိန်မ မသေသေးသရွေ့ပေါ့။ ငှက်ပျောသီးမှည့်တွေ တောင်းကြီးအပြည့် သရက်သီး မှည့်တွေ ဗန်းကြီးနဲ့ အပြည့်အမောက်ရွက်ပြီး လည်ရောင်းနေရသူ။ ဇက်ပုနေအောင် ၀န်လေးတယ်။ တချို့ဆို ကိုယ်ဝန်အရင့်အမာကြီးနဲ့။ တချို့က ကလေးကို ခါးထစ်ခွထားသေး။
မြင်းလှည်းသမားတွေကြားမှာ ပြောလေ့ရှိတဲ့စကား မြင်းမမှ ခိုင်းကောင်းတယ်တဲ့။ မြင်းပိန်မဟာ ၀တ်ကောင်းစားလှ မ၀တ်ရဘူး။ အဟာရပြည့်ပြည့် အစားအစာ မစားရဘူး။ မြင်းပိန်မမှာ အိမ်သာကောင်းကောင်းမရှိဘူး။ ဆေးရုံကောင်းကောင်းမရှိဘူး။ မြင်းပိန်မအတွက် ကျောင်းကောင်းကောင်းရှိစရာမလိုဘူး။ ပြင်သစ်လွှတ်တော်ထဲမှာ ခေါင်းမြီးမခြုံရေးဥပဒေ အနိုင်ရတယ်။ “ခြေတစ်လှမ်း ကုဋေတစ်သန်း” တဲ့၊ ”ခါးသေးရင်ချီ ပဒုံမနီ” တဲ့၊ တေးပလီ စီရင်ခဲ့ကြဘူးတယ်။ အခုတော့ ပေါင်လယ်ရောက်အောင်စကတ်တိုသူတိုကန်ုကြပြီ။ သမီးညက ဘယ်မှာအိပ်ခဲ့လဲ အမေမမေးဖြစ်တော့ဘူး။ တရုတ်ပြည်ဟောင်းတုန်းက မိန်းမသားတွေကို တုန့်ဆိုင်းနှေးနှောင် ခြေသေးအောင်လုပ်လားလုပ်ခဲ့ကြရဲ့။ ဒါတွေကို မြင်းပိန်မ မသိပါဘူး။ မသိတာကိုတောင် မသိပါဘူး။ မြင်းပိန်မအဖို့ လောကဓံက လော်မာလွန်းတယ်။ လိင်စိတ်ပါ အစောကြီးကုန်ခမ်းသွားရော။ သားကိုသခင် လင်ကိုဘုရားတဲ့။ မိန်းမဟာ အိမ်မှာမွေးကြီး ခွေးထီးကိုသော်မှ မကျော်ရတဲ့။ မိန်းမကို နှိမ်တဲ့စကား။ မြင်းပိန်မ မသိဘူး။
၃၁ဘုံ မယုံဘူးလားတဲ့။ ပြဿနာရှာချင်လို့ မေးတာရှိသော်။ အမှန်တရားသိချင်လို့ မေးတာရှိသော်။ မြင်းပိန်မကို ဒီလိုဘယ်သူမှ မမေးပေါင်။ မြင်းပိန်မဘာမှ မသိဘူးလို့သိနေကြလို့လေ။ မြင်းပိန်မရဲ့ မျက်လုံးနှစ်ဖက်ကို ဘေးဘီမမြင်ရအောင် အုပ်ထားတယ်။ လိုရာကြိုးဆွဲနိုင်အောင်လို့ မြင်းပိန်မရဲ့ ပါးစောင်းနှစ်ဖက်ထဲ သံပချပ်ထည့်ချိပ်ထားတယ်။ ဘယ်ဘက်ပါးနာရင် ညာဘက်ကွေ့၊ ဘယ်ဘက်ပါးစောင်းနာရင် ဘယ်ဘက်ကိုကွေ့ မြင်းပိန်မရေ။ ဒီလောက် အဓမပြုခိုင်းစေထားတာတောင် မြင်းပိန်မကိုယ်တိုင်က “စာချွန်လွှာ” ကိုမသိ။ မဒမ်ဒီဗိုးဘွား၊ ဆတ်၊ ကမူး၊ ကက်ဖကာ၊ ဂျူး၊ ကြည်အေးတို့ကိုလည်းသူမသိ။ ဂျူးရဲ့ ” ကံကြမ္မာကို မယုံကြည်သူများ ” ကိုသူမသိ။ ကြည်အေးရဲ့ အသိသစ်စေမယ့် “သစ္စာသစ်” နဲ့ “ခွန်အားသစ်” ကဗျာတွေကိုလည်း မြင်းပိန်မသိဖို့ဝေလာဝေး။
စိမ်းစိမ်းစိုစို နုနုဖတ်ဖတ် မြက်ခင်းတခွင်တပြင် တပြန့်တပြောကြီးမှာ ငုံ့စားနေတဲ့ မြင်း၀၀ဖီးဖီးတွေ။ ဘာအနှောင့်အဖွဲ့မှ မရှ ချောချောလှလှတွေ။ ခုန်ပေါက်မြူးတူးနေတဲ့ မြင်းပေါက်ကလေးတွေ။ ဆွတ်ဆွတ်ဖြူမြင်းတစ်ကောင်က ဟိုးအဝေးငေးမျှော် နတ်မြင်းပျံလို မြူးကြွနေသပ။ ၀လင်မှု၊ ကျေနပ်မှု၊ ဘ၀ပျော်ရွှင်မှု၊ ဒါတွေကို ဒီရှုခင်းတွေကို မြင်းပိန်မ မွေးကတည်းက မကြုံဘူး မမြင်းဘူးခဲ့။ တူညီလွတ်လပ်တဲ့ ဂုဏ်သိက္ခာ၊ တူညီလွတ်လပ်တဲ့ အခွင့်အရေး မြင်းပိန်မ ဘာမှနားမလည်။ ဘာမှမသိ၊ မသိတာကို မသိ။
၂၀၁၀၊ ဇူလိုင်လထုတ် ပိတောက်ပွင့်သစ်မှာ ဖော်ပြခဲ့တဲ့ ဒီ”မြင်းပိန်မ”ကဗျာဟာ အင်တာနက်ပေါ်ရောက်နေတယ်။ ကဗျာဆရာ ငြိမ်းအေးအိမ်တင်လိုက်တာပါ။ ဘယ်လိုခံစားရပြီး ဘယ်လိုအာဘော်နဲ့ တင်လိုက်ပါလိမ့်။ အွန်လိုင်းပေါ်က ပဋိပက္ခတွေ ဖြစ်ကြတယ်လို့ တဆင်စကားကြားရတယ်။ ကဗျာရဲ့ သူ့နဂိုပကတိထက် ဘယ်သူမှ ပြောလို့ လွှဲပြောလို့တော့ မရပေဘူး၊ အခုဒီမှာ “မြင်းပိန်မ” ကဗျာ…
မြင်းပိန်မ
မြက်ခင်းစိမ်းစို အားရပါးရ ငုံ့စားနေတဲ့မြင်းတွေ
ခုန်ပေါက်မြူးတူးနေတဲ့ မြင်းလေးနှစ်ကောင်
အဝေးငေးမျှော် ဆွတ်ဆွတ်ဖြူမြင်း နတ်မြင်းပျံလိုမို့ မြူးကြွားချင်သပ
မြက်ခင်းတခွင်တပြင်တပြန့်တပြောကြီး
ဝလင်မှု၊ ကြေနပ်မှု၊ ဘ၀ပျော်ရွှင်မှု…
သဘာဝတရားကြီးရဲ့ အစုစုသော ကောင်းမှုတော်
ခေတ်လိုလွတ်လပ် လည်ဆန်မွေးတွေ တဖွားဖွား
လှည်းဆွဲမြင်းပိန်မလေ
မြင်းမမှခိုင်းကောင်းဆိုပဲ
သူ့မျက်လုံးနှစ်ဖက်ကို ဘေးဘီမမြင်ရအောင်အုပ်ထား
သူ့ပါးစောင်နှစ်ဖက်ထဲ သံပချပ်ထည့် သခင်ကြိုးဆွဲရာ နာခံပေရော့
ဒါနဲ့တောင် သူ့ခေါင်းပေါ်မှာ ပန်းပွားအလှဆင်ပေးထားသေးတယ်နော်
သူ့လည်ပင်းက ခြူဂီတဖြစ်ပါ့မလား
ဒီခြူသံထဲ သူ့လိင်စိတ်ပျောက်သွားပါရော့လား
မြင်းမတစ်ကိုယ်လုံး ခါးပတ်ကြိုး မြီးသိုင်းကြိုးတွေ
မြင်းသိုင်းကြိုးအောက်မှာ မစင်ခံအိတ်ကတွဲလဲ
လှည်းတံနှစ်ခုကြား မလှုပ်သာမလွန့်သာ အမြီးမခတ်သာ
(မြင်းမြီးကို ယင်ကောင်မောင်းဖို့ ဘုရားသခင်က ဖန်ဆင်းထားထာတဲ့၊ ဒီလိုဆို အလုပ်ရှုပ်လို့ မြင်းမြီးရော ယင်ကိုပါ မဖန်ဆင်းခဲ့ရင် ကောင်းမယ်။ ခြေလေးချောင်းတော်လှန်ရေးထဲမှာ မြင်းမလေးမနီတာရယ် ထွက်ထွက်ခေါင်ခေါင် တွေးဝံ့ခဲ့တယ်။)
မြင်းပိန်မလ
ကုန်းအတက် အားစုညွန့်ရုန်းနှလုံးသားကွဲထွက်တော့မလား
ကျားပွတ်သံ ခြူသံ အော်ငေါက်ဆဲဆိုသံ ငရဲပွက်ပွက်ညံ
မျက်လုံးအစုံက မျက်ရည်ပူတွေကျ၊ တစ်ကိုယ်လုံးချွေးတွေထွက်၊ လေးလက်ခြေစုံ့ရပ်ထားတုန်းမှာလည်း
သူ့နှလုံးသားအခုန်ကြမ်းသလောက် လှည်းပါလိုက်တုန်လို့။
ရှစ်ခွင် ရှစ်ရပ်ခရီးအနှံ့က အိပ်ပြန်ရောက်တဲ့ည
နံဘေးမှာ အိပ်မောကျနေသူရဲ့ တကျွီကျွီသွားကျိတ်သံ
လူမတောင်ဆလတ်ဖြူ၊ လူမ၊သူလူမစစ်စ်
ကျွန်တော်ကတော့
လှည်းဆွဲမြင်းပိန်မကိုပဲ သတိတရရ။ ။
မောင်အောင်ပွင့်
18.10.2009
0 comments:
Post a Comment