အရိုးတွေနဲ့ ထောက်တိုင်လုပ်
အကြောတွေနဲ့ ချည်တုတ်လိုက်
အရေပြားနဲ့ ဖုံးအုပ် ခဲ့ပြီး
သွေးနီ တချို့ကိုတော့
အန္တရာယ် ရဲ့ အချက်ပေးခေါင်းလောင်းသံ အဖြစ်
ငါ ထုဆစ် ထားလိုက်တယ် ၊
ဧည့်ခန်း ။
ပန်းအိုးပေါ် နှလုံးသား တစ်စုံ
အဖြူလား ၊အမဲလား သင့် ကိုယ်ပိုင်မျက်လုံးဖြင့် ကြည့်ပါ ၊
ချိုးဖြူငှက် နှင့် သေနတ် တစ်လက်ကိုတော့
နံရံက စုပ်ယူထားပြီး
သင့် အသံကိုလိုက်၍
ထို ပစ္စည်းတစ်ခုကို လက်ညှိုးထိုးပြလိမ့်မယ်၊
်
စကား
အများကြီးမပြောပါနဲ့
ယဉ်ကျေးမှုအရ ခင်ဗျားနှလုံးသားကိုပဲ ကြားပါရစေ ၊
နှင်းဆီနက်တွေရဲ့ ရနံ့ကို မြင်လိုက်သလား
ဒါက ပန်းချီကားဟောင်း တစ်ချပ် ပါ
အရာအားလုံး အဆင်ပြေပါသလား မေးမလို့လား
စိတ် ရောင်စုံတွေကို ခြံထဲမှာ လွှတ်ကျောင်းထားပါတယ်
ဇက်ကြိုး တပ်မထားဘူး ၊
ငွေတွေကို တိုက်ပိတ် အကျဉ်းချတတ်တဲ့
မီးခံသေတ္တာ ကို ဆောင်မထားဘူး
ငါသာ အရည်အချင်းရှိရင်
ဘဏ်ထဲက အကောင့်တစ်ခုဟာ အဖေပေးထားတဲ့ ငါ့နာမည်ပဲ ၊
ကိုယ်အမူအရာ ယဉ်ကျေးပါ
ဘုရားခန်းရှေ့မှာ
ပေါက်ဓါးတစ်လက်ဟာ အကြောင်းမဲ့ မပျံသန်းတတ်ဘူး ၊
ဗျာ...
ခင်..ခင်ဗျားက
ကဗျာဆရာ..ဟုတ်လား..
အားနာလိုက်တာ
ညစာ စားပြီးမှ ပြန်ပါဗျာ
ရော့..ဒီမှာ မီးခြစ်
ကျွန်တော့် ပြတိုက်ကြီုး
ခင်ဗျာကို မီးရှို့ခွင့် ပေးတယ်.......။ ။
စစ်ငြိမ်
17-10-2013
9:59 PM
0 comments:
Post a Comment