ယနေ့ကာလ
နိုင်ငံရေးပုံသဏ္ဌာန်ထဲမှာ အချိုးမကျဆုံး ပုံသဏ္ဌာန်တစ်ခုကို ပြပါဆိုရင်
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အတူ ဖြစ်ပေါ် နေတဲ့ ပြည်တွင်းစစ်ဆိုတဲ့
အရာပါပဲ။ တိုင်းပြည်တစ်ပြည်မှာ စစ်ကိုကြုံတွေ့ခံစားလာရပြီ ဆိုရင်
သက်ဆိုင်ရာ နိုင်ငံရေးအဆောက်အအုံဟာ သံသယရှိ ခံရတတ်ပါတယ်။ ပထမကမ္ဘာစစ်အပြီး
ကမ္ဘာစစ်နှစ်ခုအကြား စစ်ရိပ်စစ်ငွေ့တွေ လောင်ကျွမ်းနေချိန်မှာ အနောက်တိုင်း
ဥာဏ်အလင်းပွင့်ခေတ်နဲ့ အတူ ထွက်ပေါ်လာတဲ့ လစ်ဘရယ်ဝါဒဟာ ကျဆုံးခဲ့တယ်။
ဒီမိုကရေစီအပေါ်
မယုံကြည်မှုနဲ့ လစ်ဘရယ်ဝါဒအပေါ် သံသယတွေဟာ အနောက်တိုင်းမော်ဒန် ဝါဒကို
ထင်ဟပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက နိုင်ငံရေးကဗျာတွေမှာတော့
ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ပြည်တွင်းစစ်ဆိုတဲ့ အချိုးမကျမှု ရှိနေရက်သားနဲ့
ဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှုပျောက်သွားတာမျိုး မရှိခဲ့ဘူး။ ပြည်တွင်းစစ်ဟာ
ယခင်အာဏာရှင်ကာလရဲ့ အကျိုးဆက်ဖြစ်တယ် လို့သာ ပိုမိုယုံကြည်ထားကြတယ်။
ဒီအတွက် နိုင်ငံရေးဆိုင်ရာကဗျာတစ်ချို့မှာ တွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခုက
ယုံကြည်သက်ဝင်မှု (Commitment) နဲ့ အချိုးမကျမှု (Irony) နှစ်ခုလုံး
တပြိုင်တည်း သက်ဝင်နေတဲ့ ပုံစံပဲ။
ယခင်က
ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်တီထွင်မှုကို ပိုပြီး အားစိုက်ခဲ့တဲ့
ကဗျာဆရာလူဆန်းရဲ့ အရေးအသားတစ်ခုမှာတောင် အကြောင်းအရာပိုင်းကို
လှည့်လည်ကိုင်တွယ်လာတယ်။ ဒါပေမယ့် အကြောင်းအရာ သက်သက် တော့ မဟုတ်ဘူး။
ယနေ့ခေတ်ပြိုင်အခြေအနေရယ်၊ ကဗျာ ပေါ်မှာ ရေးသားတင်ပြထားတဲ့ အကြောင်းအရာနဲ့
ကိုက်ညီမယ့် ပုံသဏ္ဌာန်ဆိုင်ရာရယ်ကို ရှာဖွေဖော်ထုတ်လာတာပဲ။ ယနေ့
နိုင်ငံရေးပုံသဏ္ဌာန်ထဲမှာ အချိုး မကျဆုံးပုံသဏ္ဌာန်တစ်ခုဖြစ်တဲ့
ဒီမိုကရေစီကူးပြောင်းရေးနဲ့ ပြည်တွင်းစစ်ဆိုတာက နေဖြစ်လာတဲ့
ကဗျာပုံသဏ္ဌာန်တွေထဲက တစ်ခုကတော့ ကျွန်တော်အထက်မှာ ဆိုသလိုပဲ
ယုံကြည်သက်ဝင်မှုနဲ့ အချိုးမကျမှုပဲ။ ဒီသဘောကို လူဆန်းရဲ့ကဗျာ့ပုံသဏ္ဌာန်အဖြစ်
တွေ့လာရမယ်။
လာပြန်ပြီလားလို့ နောက်မပြောတော့ဘူး
ပထမတော့ လာပြန်ပြီလားဆိုပြီး တာဝန်မဲ့ ငြင်းပယ်ပစ်လိုက်ဦးမလို့ပဲ။
နိုင်ငံတော်
သမ္မတကြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အမှူးပြုသော အရာရှိ အရာခံ
အကြပ် တပ်သား ရဲဘော်သစ်တွေကနေ ယနေ့ ဝက်စာကျွေး၊ ချဉ် ပေါင်စိုက်၊
ကန်စွန်းရွက် နှုတ်နေရတဲ့၊ အလေးတောင် သေသေသပ်သပ် မပြုတတ်လို့ နားရင်း
ပါးရင်း ခဏခဏ အရိုက်ခံရတဲ့ ရဲဘော်ငယ် ရဲဘော်သစ် ပေါက်စနတွေ။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော အသိပညာရှင် အတတ်ပညာရှင် မြို့နယ်၊ ခရိုင်၊
ရပ်ကွက်၊ ကျေးရွာ၊ အိမ်စု၊ အိမ်တန်း အဆင့်ဆင့် စည်းရုံးရေးမှူးများ၊
လူထုရေးရာမှူးများ၊ ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူများ၊ လူအချင်းချင်း
သိက္ခာ သမာဓိရှိရှိ မသိမသာ သိသိသာသာ တောင်းရမ်းစားသောက်နေကြရတဲ့ သူငယ်ချင်း
ရဲဘော် ရေးဘော် ကဗျာဆရာများ အရေးသမားများ၊ သမားတော် ပညာရှင်များ။
ဒေသဆိုင်ရာ
ရေခဲတောင် တောင်တန်း၊ ပြည်မ၊ နယ်စပ်၊ ဒေါန တနင်္သာရီတစ်ကြော တိုင်းရင်းသား
လူမျိုးကြီးစု လက်နက်ကိုင် တပ်မတော် စစ် အကြီးအကဲ ခေါင်းဆောင် အသီးသီး
အကြီးအမှူးပြုသော သူတို့ရဲ့ စစ်ပုန်း၊ စစ်ရှောင်၊ စစ်ပြေး၊ ရွာပုန်း၊
ရွာရှောင်၊ ရွာပြေး၊ သားသမီး၊ မြေး၊ မြစ်၊ ဆွေမျိုး၊ ညာတိ အသိ ပညာ မျိုးဆက်
အဆင့်ဆင့် စတဲ့ သုံးဦး သုံးစား ရှိတည် နေတာဟာ ယနေ့အခြေအနေပါ။
ငြိမ်းချမ်းရေးဟာ
အထိအရှ မခံပါဘူး။ အကိုင်အတွယ် မတတ်ရင် ကျကွဲ လွင့်ပြယ် တတ်တယ်လို့ ဖတ်ခဲ့
မှတ်သားခဲ့ရဖူးပါတယ်။ အားကြီးသူက အားနည်းသူအပေါ် နည်းမျိုးစုံ ဖိစီး
လွှမ်းမိုး ကြီးစိုးပြီးလုပ်တဲ့ ငြိမ်းချမ်းရေး အားနည်းသူက အားကြီးသူအပေါ်
မယုံမကြည် သင်္ကာမကင်းပဲ လက်နက် အသင့်ပြင်ထားရတဲ့ ငြိမ်းချမ်းရေးစတဲ့
ငြိမ်းချမ်းရေးမှာ သမိုင်းရှိပါတယ်။ လက်နက် မကိုင်ပဲ ခြေညှပ်
ဖိနပ်နဲ့သွားလာနေတဲ့ ကျွန်တော် အပါအဝင် မြို့နေ၊ တောနေ၊ ပင်လယ် ရပ်ခြား၊
အိမ်နီးချင်း၊ အိမ်ဝေးချင်းနေတွေတောင်မှ စိတ် ပန်း၊ လူပန်း၊ ခြေကုန်
လက်ပန်းကျနေတာ။
ကိုယ်စီ
ကိုယ်စီ လူမျိုး၊ ဘာသာ စကား၊ သာသနာ၊ နယ်မြေ၊ စာပေ အတွက်ဆိုပြီး
သုံးပိဿာလောက်လေးတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားရတဲ့ ဗမာ့ တပ်မတော်၊
တိုင်းရင်းသား လူမျိုးစု တပ်မတော် အသီးသီးဟာ ဘယ်လောက် စစ်ပန်း၊ စိတ်ပန်း၊
ခြေကုန် လက်ပန်း ကျနေကြမလဲ။ တွေးမိပါတယ်။
ဘယ်လောက်ပဲ
ပန်းပန်းပါ၊ ငြိမ်းချမ်းရေးဆိုတာ အသံ ကြားရရုံနဲ့တင် အမောတွေ၊ အပန်းတွေ
ပြေလည်ပြီး ကိုယ့်အိမ် ကိုယ့်ယာထဲ ကိုယ့် လယ်ကွက်၊ ကိုယ့် တောင်ယာထဲ
လုံလုံခြုံခြုံ စိတ်အေးရတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ အဲဒီအတွက် အထက်
ဖေါ်ပြပါ အမှူးပြုကြကုန်သော သုံးဦး သုံးဖလှယ် အပြင် လူတိုင်း လူတိုင်းထဲက
တစ်ယောက် အပါအဝင်ဖြစ်တဲ့ ကျွန်တော်ကလည်း ဇွန်ပန်းရုံအနီး ဒုတိယကမ္ဘာစစ်ကြီး
ပြီးကတည်းက နွံနစ် ကျွံဝင်နေတဲ့ လှည်းဘီးကြီးကို တကယ် ရွေ့မယ်၊ တကယ်
ရွေ့မယ်ဆိုရင် အတူတူ အခုပဲ ဝိုင်းကူ တွန်းဖို့ အဆင်သင့်ပါပဲ ခင်ဗျား၊
ကျေးဇူးနဲ့မှ ဥပကာယ အရမ်းနဲ့မှ တင်ချင်ပါတယ်။
ရေးသူ - လူဆန်း
စက်တင်ဘာ၊ ၂၀၁၁။
လူဆန်းရဲ့
ကဗျာပထမဆုံးနှစ်ပိုဒ်မှာကတည်းက ယုံကြည်သက်ဝင်မှုနဲ့ အချိုးမကျမှုကို
တွေ့ရမယ်။ ပထမပိုဒ်က စစ်တပ်အကြောင်း ဖော်ပြချက်ကို တွေ့ ရမယ်။
စစ်တပ်အကြောင်း ဖော်ပြချက်မှာ လူဆန်းဟာ မုန်းတီးစိတ်နဲ့
ဖော်ပြတာမျိုးမရှိဘူး။ ယနေ့ ဒီမိုကရေစီအပြောင်းအလဲအတွက် အချိုးမကျမှုတွေ
ရှိနေပေမယ့် အပြုသဘောဆောင်တဲ့ စိတ်ထားနဲ့ ပြောဆိုလုပ်ကိုင်နေရတယ်ဆိုတဲ့
သဘောထားကို ကဗျာရဲ့ အကြောင်းအရာအတွင်းမှာ တည်ဆောက် သွားတာကို တွေ့ရမယ်။
ကဗျာကို ဖတ်တဲ့အခါ သမ္မတကြီးဆိုတဲ့ အသုံးအနှုန်းနဲ့ တလေးတစား အသိအမှတ်ပြု
ဖော်ပြထားတယ်။ တစ်ဖက်မှာလည်း စစ်သားတွေအပေါ် စာနာနားလည်စိတ်နဲ့
ဖော်ပြထားပုံကို လူဆန်းရဲ့ “ဒီမိုကရေစီအကူးအပြောင်းကာလ
အပြုသဘောဆောင်တဲ့စိတ် ဝါ ဒီမိုကရေစီ ပြောင်းလဲမှုအပေါ် တတ်သိနားလည်မှုရယ်” လို့ဆိုချင်တယ်။ တနည်းအားဖြင့် ဒါဟာ ကဗျာမှာတွေ့ရတဲ့ ကဗျာဆရာရဲ့ လစ်ဘရယ်ဒီမိုကရေစီအပေါ် “ယုံကြည်သက်ဝင်မှု” ပါပဲ။
တစ်ဖက်မှာလည်း
ကဗျာဆရာဟာ ယနေ့ နိုင်ငံရေးပုံသဏ္ဌာန်မှာ ဖြစ်ပေါ်နေတဲ့ အချိုးမကျမှုကို
လစ်လျူရှုမထားခဲ့ဘူး။ ဒါပေမယ့် အချိုးမကျ မှုကို ဖော်ပြတဲ့ နေရာမှာတောင်
စကားလုံးအရ၊ ပုံသဏ္ဌာန် သိမ်မွေ့စွာတည်ဆောက်သွားတာကို တွေ့ရမယ်။
ကဗျာရဲ့ပထမပိုဒ်မှာပဲ နိုင်ငံတော် သမ္မတကြီးဆိုတဲ့ ဝေါဟာရနဲ့
ဗိုလ်ချုပ်ကြီးဟောင်းဆိုတဲ့ အရာနှစ်ခုကို တွဲဖက်ဖော်ပြတယ်။
ဒီစကားကိုဖော်ပြတဲ့ နေရာမှာ အချိုးမကျမှုကို ဖော်ပြထား တယ်ဆိုပေမယ့်
ခေတ်ပြိုင်နိုင်ငံရေးလောကမှာ
အလွှမ်းမိုးဆုံးနိုင်ငံရေးတရားတစ်ခုလို့ဆိုရမယ့် အပြုသဘောဆောင်တဲ့
စိတ်ထားကလေးနဲ့သာလျင် အချိုးမကျမှုကို ဖော်ပြထား တယ်ဆိုတာကို တွေ့ရမယ်။
အကြောင်းက နိုင်ငံတော်သမ္မတကြီးဆိုတဲ့ ဝေါဟာရနဲ့ ကပ်သုံးတဲ့နေရာမှာ
ဗိုလ်ချုပ်ကြီး ဟောင်းနေရာမှာ နဲနဲ အပျက်သဘော ဆန်မယ့် ဗိုလ်ချုပ်ကြီး
ဒါမှမဟုတ် ဗိုလ်ချုပ်ဟောင်းကြီးလို့ သုံးနှုန်းဖော်ပြထားတာကို မတွေ့ရဘူး။
ကဗျာမှာ
အချိုးမကျမှုကို အစပိုင်းနှစ်ပိုဒ်မှာ တွေ့ရမယ်။ တနည်းအားဖြင့်
ကဗျာနှစ်ပုဒ်မှာ ပထမပိုဒ်က အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းကို ဖော်ပြ ထားပြီး
ဒုတိယပိုင်းက အတိုက်အခံနိုင်ငံရေးခေါင်းဆောင်နဲ့
အအုပ်ချုပ်ခံပြည်သူတွေရဲ့အကြောင်းကို ဖော်ပြထားတယ်။ တတိယအပိုဒ်မှာတော့
လူဆန်း ဟာ ခေတ်ပြိုင်အခြေအနေကို ထင်ဟပ်နိုင်တဲ့ ယုံကြည်သက်ဝင်မှုကို
ဖော်ပြလာတယ်။ ဒီအပိုဒ်တွေထဲမှာ အဓိကဖော်ပြထားတာက ပြည်တွင်းစစ်ရဲ့
အခြေအနေပဲ။ လူဆန်းရဲ့ ကဗျာကို ထပ်ရွတ်ကြည့်နိုင်ပါတယ်။
“ဒေသဆိုင်ရာ
ရေခဲတောင် တောင်တန်း၊ ပြည်မ၊ နယ်စပ်၊ ဒေါန တနင်္သာရီ တစ်ကြော တိုင်းရင်းသား
လူမျိုးကြီးစု လက်နက်ကိုင် တပ်မတော် စစ် အကြီးအကဲ ခေါင်းဆောင် အသီးသီး
အကြီးအမှူးပြုသော သူတို့ရဲ့ စစ်ပုန်း၊ စစ်ရှောင်၊ စစ်ပြေး၊ ရွာပုန်း၊
ရွာရှောင်၊ ရွာပြေး၊ သားသမီး၊ မြေး၊ မြစ်၊ ဆွေမျိုး၊ ညာတိ အသိပညာ မျိုးဆက်
အဆင့်ဆင့် စတဲ့ သုံးဦး သုံးစား ရှိတည်နေတာဟာ ယနေ့အခြေအနေပါ။”
ဒီအပိုဒ်သုံးပုဒ်ကိုကြည့်ရင်
လူဆန်းရဲ့ နိုင်ငံရေးဆိုင်ရာကဗျာမှာ ပထမနှစ်ပုဒ်ဟာ
ဒီမိုကရေစီကူးပြောင်းရေးအတွက် အရေးပါတဲ့ နိုင်ငံရေးအက်တာတွေ ကို
ဖော်ပြထားပြီး တတိယအပိုင်းကတော့ ပြည်တွင်းစစ်ရဲ့ အကျိုးသက်ရောက်မှုကို
ဖော်ပြထားတယ်။ ထပ်ပြီး ဆိုရရင် ကဗျာရဲ့ ပုံသဏ္ဌာန်ပိုင်းမှာလည်း
ယုံကြည်သက်ဝင်မှုရဲ့သဘောနဲ့ အချိုးမကျမှုကို ထင်ရှားပေါ်လွင်အောင်
ပုံသဏ္ဌာန်ဆိုင်ရာတည်ဆောက်မှု လုပ်ထားတယ်လို့ဆိုရမယ်။ ယနေ့ နိုင်ငံရေး ရဲ့
ပုံသဏ္ဌာန်ဆိုင်ရာ အချိုးမကျမှုပါပဲ။
ကဗျာဆရာတွေရဲ့
ဒီမိုကရေစီအကူးအပြောင်းကာလအတွင်း နိုင်ငံရေးဆိုင်ရာကဗျာတွေမှာ အချိုးမကျမှု
(irony) ရဲ့သဘောဟာ ထင်ရှားတဲ့လက္ခဏာ တစ်ခုပါပဲ။ ယနေ့
ခေတ်ပြိုင်စာပေအဘိဓါန်တွေမှာ အချိုးမကျမှု (irony) ရဲ့သဘောက
အဓိပ္ပာယ်တစ်စုံတစ်ရာ ဒါမှမဟုတ် ခံစားချက်နဲ့ ယုံကြည်သက် ဝင်မှုတစ်ခုကို
တည်ဆောက်တဲ့နေရာမှာ မတူညီတဲ့ ကွဲပြားခြားနားနေတဲ့အရာတွေကနေ သူတို့ရဲ့
ယုံကြည်သက်ဝင်မှုနဲ့ အဓိပ္ပာယ်ကို ထွက်ပေါ်လာ အောင်လုပ်တာပါပဲ။ ယနေ့
အကူးအပြောင်းကာလမှာ ဦးသိန်းစိန်အပေါ်အခြေခံတဲ့ အုပ်ချုပ်သူတွေရယ်၊
အတိုက်အခံခေါင်းဆောင်တွေ၊ ပညာတတ်တွေ နဲ့ ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ကို
သူ့ရဲ့ တန်ဖိုးစံတွေနဲ့အညီ ဖော်ဆောင်နိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့
အတွေးအခေါ်တွေနဲ့ တတ်နိုင်သမျှ ဖော်ဆောင်ဖို့ကြိုးစားနေတယ်ဆိုတာကိုတော့
မငြင်းနိုင်ပါဘူး။ တစ်ဖက်မှာလည်း အဲဒီလို
ဒီမိုကရေစီအကူးအပြောင်းရယ်လို့ဆိုပြီး ပြည်တွင်းစစ်ဖြစ်နေ ခြင်းဟာ
နိုင်ငံရေးရဲ့ပုံသဏ္ဌာန်ဆိုင်ရာ မညီညွတ်မှုပဲဆိုတဲ့ ခံစားမှုဟာ
လူ့အဖွဲ့အစည်းအပေါ် ရိုက်ခတ်နေတယ်။ ကဗျာဆရာတွေရဲ့ နိုင်ငံရေးဆိုင်ရာ
ကဗျာတွေမှာ ဒီလို ပုံသဏ္ဌာန်ဆိုင်ရာ မညီညွတ်မှုကို တုံ့ပြန်တဲ့
ကဗျာဗေဒအမျိုးမျိုးကို တွေ့ရမှာဖြစ်တယ်။ တနည်းအားဖြင့် ကျွန်တော့်အနေနဲ့
ဒီသ ဘောကို လူဆန်းရဲ့ကဗျာအပြင်၊ ဇော်လူစိမ်းရဲ့ကဗျာမှာလည်း တွေ့ရပါတယ်။
ကဗျာဆရာဇော်လူစိမ်းရဲ့ ကဗျာဟာလည်း ပြည်တွင်းစစ်အပေါ် တုံ့ပြန်ထားတဲ့ ကဗျာပါပဲ။ ကဗျာ့ခေါင်းစဉ်ကတော့ “ စစ်ဟာ ကခုန်နေတယ်” ခေါင်းစဉ်ပါပဲ။
“စစ်ဟာ ကခုန်နေတယ်”
မနက်ခင်း သတင်းတွေထဲကနေ တို့ကိုပါးနားရိုက်လို့
စစ်ဟာ ကခုန်နေတယ်၊
စစ်ပြန်တစ်ယောက်ပြောတာက
စစ်ဟာ ကျောသားရင်သား မခွဲခြားဘူးဆိုပါလား
ဟုတ်တာပေါ့၊
ဒုက္ခသည်တွေရဲ့ ကျောတွေရင်တွေတီးပြီး
စစ်ဟာ ကခုန်နေတယ်၊
သူ့ကိုယ်သူပြန်ကောက်လို့ မရတော့ဘူးတဲ့
အဝတ်တစ်ထည်ကိုယ်တစ်ခုက အော်လိုက်တာ
ဟုတ်တာပေါ့၊
ခြေပြတ်လက်ပြတ်တွေ မြှောက်မြှောက်ပြီး
စစ်ဟာ ကခုန်နေတယ်၊
အပိုင်းပိုင်း အတစ်တစ်တွေကြားထဲမှာ
စစ်ဟာ ကခုန်နေတယ်၊
အိုးပစ်အိမ်ပစ်တွေရဲ့ ပြေးလမ်းကြောင်းနောက်မှာ
စစ်ဟာ ကခုန်နေတယ်၊
တစပြင်ရဲ့မီးတောက်တွေနဲ့အတူ
စစ်ဟာ ကခုန်နေတယ်၊
ထိုးစစ်ဖြစ်ဖြစ် ခံစစ်ဖြစ်ဖြစ်
စစ်ဟာ ကခုန်နေတယ်၊
ဗုံတစ်လုံးဖြစ်ဖို့ နွားမည်းတွေရဲ့အရေကို ဘယ်လိုဆုပ်ခဲ့သလဲ
စစ်တစ်ခုအသံထွက်ဖို့များ ဒုက္ခသည်တွေကို ချနင်းရတယ်လို့
စစ်ဟာ ကခုန်နေတယ်၊
စစ်လျော်ကြေးအဖြစ်
ခေတ်အဆက်ဆက် ဒုက္ခသည်တွေရဲ့ခုံရုံးမှာ
စစ်ကို စီရင်ပါ
စစ်ကို ကွပ်မျက်ပါ
ဒုက္ခသည်စခန်းထဲက အမျှဝေသံနဲ့အတူ စစ်ကိုဆွဲချက်တင်လိုက်တယ်
ခုထိ… စစ်ဟာ ကခုန်နေတယ်၊
ခင်ဗျားအနားမှာ ဝိဥာဉ်တစ်ခုလို
စစ်ဟာ ကခုန်နေတယ်၊
ခင်ဗျား မျက်စိရှေ့မှာ စုန်းတစ်ကောင်လို
စစ်ဟာ ကခုန်နေတယ်၊
အရိုးထဲအထိ စိမ့်ဝင်လာအောင်
ခင်ဗျားရဲ့သွေးပြန်ကြောထဲကနေ
` စစ်ဟာ ကခုန်နေတယ်၊
ခုထိ… စစ်ဟာ ကခုန်နေတယ်။
ဇော်လူစိမ်း
ကဗျာဆရာဇော်လူစိမ်းရဲ့
အရေးအသားမှာ နိုင်ငံရေးပုံသဏ္ဌာန်ဆိုင်ရာအချိုးမကျမှုကို
ကဗျာဗေဒတစ်ရပ်အနေနဲ့ ထင်ဟပ်တဲ့အခါ တန်ပြန်အဆို (coun- ter narrative)
ကိုသုံးထားတယ်။ ဒီနေရာမှာ Counter ဝါ တန်ပြန်လို့သုံးရတာက စစ်ဟာ
ကခုန်နေတယ်ဆိုတဲ့ သာယာနူးညံ့တဲ့ ဂီတအနုပညာရဲ့ အပြု အမူကို
စစ်နဲ့တွဲဖက်ထားတဲ့ အတွက်ပဲ။ စစ်ဟာ ကခုန်နေတယ်။ ဒါပေမယ့်
မနက်ခင်းသတင်းတွေထဲက သတင်းတွေဟာ တို့ကိုပါးနားရိုက်ပြီး ကခုန်နေ တာ၊
ဒုက္ခသည်တွေရဲ့ ကျောရင်တွေ တီးပြီး ကခုန်နေတာ၊ ခင်ဗျားမျက်စိရှေ့မှောက်မှာ
စစ်ဟာ ကခုန်နေတာ။ တနည်းအားဖြင့် စစ်ရဲ့ကခုန်ချင်းဟာ နူးညံ့ပျော့ပြောင်းတဲ့
အနုပညာအလုပ်ကို မလုပ်တော့ဘဲ ရက်စက်ကြမ်းကြုတ်မှုအပေါ်
မွေ့လျော်တဲ့အဓိပ္ပာယ်ထွက်လာအောင် လုပ်လိုက်တာဖြစ်တယ်။ စစ်ဟာ
ကခုန်နေတယ်ဆိုတာကို နောက်ထပ်အဆိုတစ်ခုနဲ့ အဓိပ္ပာယ်
ပိုမိုထွက်ပေါ်လာအောင်လုပ်ထားတာပါပဲ။ ဒါကြောင့် တန်ပြန်အဆိုတွေကို အသုံး
ချရင်း ပထမအဆိုဖြစ်တဲ့ စစ်ဟာ ကခုန်နေတယ်ဆိုတဲ့ သဘောမှာ
အချိုးမကျမှုဖြစ်ပေါ်လာတယ်။ အနောက်လူ့အဖွဲ့အစည်းအတွင်းက ကဗျာတွေမှာ စစ်ပွဲကို
သရုပ်ဖော်တဲ့အခါ အများစုက စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ပြတယ်။
ဇော်လူစိမ်းရဲ့ ကဗျာမှာ စစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအပြင် စစ်ပွဲကို
ရပ်တန့်ကြပါလို့ အပြုသဘောဆောင်တဲ့ ဘက်အခြမ်းကိုပါလှမ်းကြည့်ထားတာတွေ့ရမယ်။
ကဗျာမှာတော့
“ ထိုးစစ်ဖြစ်ဖြစ် ခံစစ်ဖြစ်ဖြစ်
စစ်ဟာ ကခုန်နေတယ်၊
ဗုံတစ်လုံးဖြစ်ဖို့ နွားမည်းတွေရဲ့အရေကို ဘယ်လိုဆုပ်ခဲ့သလဲ
စစ်တစ်ခုအသံထွက်ဖို့များ ဒုက္ခသည်တွေကို ချနင်းရတယ်လို့
စစ်ဟာ ကခုန်နေတယ်၊
စစ်လျော်ကြေးအဖြစ်
ခေတ်အဆက်ဆက် ဒုက္ခသည်တွေရဲ့ခုံရုံးမှာ
စစ်ကို စီရင်ပါ
စစ်ကို ကွပ်မျက်ပါ
ဒုက္ခသည်စခန်းထဲက အမျှဝေသံနဲ့အတူ စစ်ကိုစွဲချက်တင်လိုက်တယ်
ခုထိ… စစ်ဟာ ကခုန်နေတယ်၊”
လို့ဆိုတာ စစ်ကို ရပ်တန့်ဖို့ သူ့အနေနဲ့ ဖိအားပေးထားတယ်။ သူ့ရဲ့ လေသံထဲမှာ အဓိကသုံးထားတဲ့ “စစ်ဟာ ကခုန်နေတယ်” ဆိုတာကိုက
အချိုးမကျ ဖြစ်နေတာ။ ဒါပေမယ့် သူ့ရဲ့ကဗျာကို သဘောထားကြီးမှု၊
အပြုသဘောဆောင်မှုတွေနဲ့ တည်ဆောက်ထားတယ်။ စစ်ကြောင့် ဒုက္ခရောက်ရသူတွေရဲ့
အခြေအနေကိုသာဖော်ပြပြီး ဘယ်သူ့ကိုမှ ထူးထူးခြားခြား အပစ်မတင်ထားတာဟာ
ဒီမိုကရေစီအပြောင်းအလဲကာလနဲ့ ကိုက်ညီတဲ့ သဘောထားကြီးမှုနဲ့
အပြုသဘောဆောင်အခြေအနေတစ်ရပ်ဆီ ခေါ်ဆောင်ချင်မှုရဲ့သဘောတွေပဲ။ ထပ်ဆိုရရင်
ဇော်လူစိမ်းရဲ့ နိုင်ငံရေးဆိုင်ရာကဗျာမှာ ဒီမိုကရေစီအကူးအ ပြောင်းနဲ့
ပြည်တွင်းစစ်ကြောင့် နိုင်ငံရေးဆိုင်ရာအချိုးမကျမှုကို “စစ်နဲ့
ကခုန်ခြင်းကို တွဲပြတဲ့ အချိုးမကျမှုပုံစံ” နောက် “စစ်ဟာ ကခုန်နေတယ်” ဆိုတဲ့
စာသားကို အိုးပစ်အိမ်ပစ်တွေရဲ့ ပြေးလမ်းကြောင်းမှာဆိုတဲ့ စာသားမျိုးတွေနဲ့
တန်ပြန်ထားတဲ့ တန်ပြန်အဆိုအတွင်းကနေ လုပ်ကိုင်သွားတယ်လို့ဆိုရ မယ်။
ယနေ့တွေ့ရတဲ့
နိုင်ငံရေးဆိုင်ရာကဗျာတွေမှာ နိုင်ငံသားလွတ်လပ်ခွင့်၊
အခြေခံလိုအပ်ချက်တွေနဲ့ သက်ဆိုင်တဲ့ကဗျာတွေကိုလည်းတွေ့ရမယ်။ မိုးဝေးရဲ့
သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင်ကလည်း သိသာထင်ရှားတဲ့
ကဗျာဗေဒပုံစံသစ်တစ်ရပ်ဆီကို ရွေ့လျားသွားဖို့ ဦးတည်မှုတစ်ခုပဲ။
သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင်
ဘတ်စ်ကားတွေ တင်သွင်းခွင့်ပြုတော့မယ် ဆိုတဲ့ သတင်းကို
သတင်းစာမှာ ဖတ်ခဲ့ရင်း ဘတ်စ်ကား တစ်စီးပေါ်မှာ
ငါရယ် သမ္မတကြီးရယ် ထိုင်ခုံအလွတ်တစ်ခုမှာ နေရာဦးကြရင်း တွေ့ကြ
ငါတို့ကဗျာအကြောင်းပြောမိ၊ ငါကလည်း ကဗျာတွေ စိစစ်ရေး တင်ရဦးမလားမေးမိ
သမ္မတကြီးက ရိုးစင်းလှပါတယ်၊ သူ မသိပါဘူးတဲ့
သူဟာ တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေတည်ဆောက်ခြင်းမှာ
အလုပ်များနေပါသတဲ့။ ဒါနဲ့ ငါလည်း ရောက်တတ်ရာရာ
ခု သမ္မတကြီးစီးနေတာ အထူးဘတ်စ်ကားကြီးတွေပေါ့ လို့
စကူပြုတ်၊ ထိုင်ခုံနဲ့နေတဲ့ နေရာလွတ်ကို ဦးစားပေးရင်း ပြောရင်း
အင်္ကျီဟပြဲစပယ်ယာကို ငါးရာတန်တစ်ရွက် ပေးမိ
၂ ယောက်စာ အဲဒီမှာ စပယ်ယာက သမ္မတကြီးရဲ့ ဘေးပြတင်းကနေ
ကွမ်းတံထွေးကို ဗျစ်ကနဲ ထွေးရင်း တစ်ရာတန်ပေးဖို့ ဟောက်လိုက်တာ
ငါ ခံလိုက်ရ၊ သမ္မတကြီး မြင်သွားတယ်၊ သမ္မတကြီးကိုလည်း ခရီးသည်တွေ မြင်သွားတယ်။
ဒီလိုနဲ့ စံပြ၊ ဒီလိုနဲ့ စိန်ဂျွန်း၊ ဒီလိုနဲ့ ပဲခူးကလပ်
ဒီလိုနဲ့ အဲဒီရှေ့ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း(ပြုပြင်ဆဲ)ကို ဖျတ်ကနဲ၊
ပြီးတော့မှ အမျိုးသားပြတိုက် မတ်တပ်ရပ်တွေ ပြည့်ကြပ်ညပ်နေတဲ့
ဘတ်စ်ကားပေါ်မှာ ထိုင်ခုံအပြည့်သာ တင်သည် ဆိုတဲ့
စာတန်းလေးကို သမ္မတကြီးက ဘာနဲ့ဆက်စပ် ငေးရင်း အလုံလမ်းမှာ ပွိုင့်မိ
ဒရိုင်ဘာက ရှေ့က တွန့်ဆုတ်နေတဲ့ နံပါတ်မဲ့ယာဉ်တောက်တောက်ကြီးကို ကြိမ်ဆဲ
မိုးကလည်း မေလလယ်မှာ ရွာရင်း
ကားခေါင်မိုးကလည်း ရေတွေ ယိုကျ
ဒီတော့မှ သမ္မတကြီးက သက်ပြင်းချ စကားတစ်ခွန်းပြောတယ်
မောင်ရင်တို့ ရေးတဲ့ကဗျာတွေထဲမှာ ဒါတွေပါလားတဲ့
ဒါဆို ကဗျာကိုလည်း တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ထဲ ထည့်ရမတဲ့
ဟုတ်ကဲ့ပါ သမ္မတကြီး၊ ကျမ်းမာပါစေလို့ ပြောရင်း
မြေနီကုန်း မြေနီကုန်းမှတ်တိုင် (ပြိုင်တူ)တွန်းချတာ ခံလိုက်ကြရတယ်
သမ္မတကြီးဟာ သစ်လွင် လှပတဲ့ကားမှတ်တိုင်ကို ပွတ်သပ်ကြည့်ရင်း
တို့ဆင်းခဲ့ကြတာ မြေနီကုန်းမှတ်တိုင်လား တဲ့
ဟုတ်ကဲ့ပါ သမ္မတကြီး ပြည်သူ့ရင်ပြင်ရှေ့မှာ လုပ်ထားတဲ့
မြေနီကုန်းမှတ်တိုင်ပါလို့ ပြန်ဖြေလိုက်ရတယ်
ဒါတွေကော မောင်ရင်တို့ ကဗျာတွေမှာ ပါသလား တဲ့
ဒါဆို ကဗျာကိုလည်း တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ထဲ ထည့်ရမတဲ့
ဒီလိုနဲ့ ငါနဲ့ သမ္မတကြီး တကယ့်မြေနီကုန်းလည်း ရောက်ရော
မောလို့ ပန်းလို့ ရေရှိရာအရပ်ကို အမြန်ရှာခဲ့ကြ
ခေါင်းဆောင်နဲ့ ပြည်သူ ချွေးပေါက်ချင်း လဲလှယ်ကြ
ဒီလိုနဲ့ နောက်တစ်နေ့မှာ သမ္မတကြီးရဲ့ ကျန်းမာရေးသတင်းတွေ ပျံ့နှံ့ခဲ့တယ်
ငါတို့ရဲ့ကဗျာတွေဟာလည်း တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ထဲ ပါမပါ မှုန်းဝါးခဲ့တယ်။ ။
မိုးဝေး
ကဗျာမှာ
ဒီမိုကရေစီအကူးအပြောင်းကာလ သဘောထားကြီးမှု ၊ အချိုးမကျမှုကို
ကဗျာဗေဒတစ်ခုအနေနဲ့ တည်ဆောက်ကြည့်နိုင်တယ် ။ သမ္မတကြီး ဘတ်စ်ကားပေါ်ပါလာတာဟာ
အချိုးမကျမှု(irony)ပဲ ။ ဒီအချိုးမကျမှုကို ၀န်းရံတည်ဆောက်ထားတာက
ဘတ်စ်ကားပေါ်ရောက်လာခြင်းဆိုတာတဲ့ တင်စားပြောဆိုမှု
မတ္တဖော်(Metaphor)၊ပြီးရင် သမ္မတနဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို
ကပ်လျက်ချပြထားတဲ့ မတောန်နမီ(metonymy)ပဲ ။ အချိုးမကျမှုကို နောက်ထပ်
ဝန်းရံဖော်ဆောင်ထားတဲ့ ပုံသဏ္ဌာန်က လွယ်ကူချောမွေ့တဲ့ ဘာသာစကားရေးသားဟန်နဲ့
ကဗျာထဲမှာ ပါဝင်တဲ့ လုံးဝထပ်တူ မညီနိုင်တဲ့ အခြေအနေတစ်ရပ်ကပ်လျက်ချထားခြင်း
ဝါ radical parataxis ကို သုံးထားတဲ့ ဟန်ပါပဲ ။ လွယ်ကူပြီး
အပြုသဘောဆောင်တဲ့ ဟန် ၊ သဘောထားကြီးတဲ့ ကဗျာဆရာတစ်ယောက်ရဲ့ “သမ္မတကြီးက
ရိုးစင်းလှပါတယ်” ဆိုတဲ့
ဖော်ပြချက် ၊ ရိုးစင်းတဲ့ အရေးအသားနဲ့ လုံးဝထပ်မတူညီတဲ့
အခြေအနေအဖြစ်အပျက်က ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်နဲ့
နိုင်ငံရေးပုံသဏ္ဌာန်အချိုးမကျတွေကို ဖော်ပြတဲ့ ကဗျာဗေဒတစ်ခုအဖြစ် တည်ဆောက်
ကြည့်နိုင်ပါတယ် ။
ဒိဆောင်းပါးဟာ
ယနေ့ခေတ်ပြိုင်အတွင်းက ကဗျာမှန်သမျှတွေမှာလည်း ဒီလိုအခြေအနေနဲ့
ကဗျာဗေဒတွေရှိတယ်လို့ အစွန်းရောက်အနက်ပြန်ထားခြင်း မျိုးမဟုတ်ပါဘူး ။
ကျွန်တော်တည်ဆောက်ယူထားတဲ့ ခေတ်ပြိုင်နိုင်ငံရေး အခြေအနေအတွင်းက
နမိတ်ပုံတွေဟာ ဒီကဗျာသုံးပုဒ်မှာ ဘယ်လိုယှက်နွယ် နေသလဲဆိုတာကို
အနက်ပြန်ဖွင့်ဆိုကြည့်ခြင်းပါပဲ။ ခေတ်ပေါ်ကဗျာတွေမှာ အများဆုံးတွေ့ရတတ်တဲ့
သီးခြားအမှတ်လက္ခဏာ အကြပ်အတည်း၊ လူ သားဘ၀ပျောက်ဆုံးခြင်းဆိုတဲ့
လက္ခဏာမျိုးတွေကိုလည်း ဒီကဗျာသုံးပုဒ်မှာ လုံးဝမတွေ့ရဘူး ဒီအစားယနေ့
ဒီမိုကရေစီအပြောင်းအလဲ၊ နိုင်ငံရေးပုံ သဏ္ဌာန် အချိုးမကျမှုတွေနဲ့
သက်ဆိုင်တဲ့ သဘောထားကြီးမှု ၊ ယုံကြည်သက်ဝင်မှု ၊ အချိုးမကျမှုတွေကိုသာ
ကဗျာဗေဒ အဖြစ်တွေ့ရတယ်။
အင်္ဂလိပ်နဲ့အမေရိကန်လိုနိုင်ငံမျိုးတွေ၊
အာဏာရှင်နိုင်ငံမျိုးတွေမှာ သူတို့ဟာ စစ်ပွဲတွေနဲ့ ဖိနိုင်တဲ့
နိုင်ငံရေးစနစ်တစ်ခု ၊ ဒါမှမဟုတ် သမိုင်း ဆိုင်ရာ အခင်းအကျင်းတစ်ခုကို
ဖြတ်သွားပြီးတဲ့ အခါမှာ အကြောင်းအရာအသစ်တွေပေါ်ပေါက်လာပြီး
ပေါ်ပေါက်လာတဲ့အကြောင်းအရာ အသစ် နဲ့ ကိုက်ညီမယ့် တက်ခနိတွေ၊ ပုံသဏ္ဌာန်တွေကို
ရှာဖွေရင်း ကဗျာလှုပ်ရှားမှုအသစ်တွေ၊ ကဗျာဗေဒအသစ်တွေပေါ်ပေါက်လာတတ်တယ်။
အာဏာရှင် စနစ်ကိုသာဖြတ်သန်းခဲ့ရတဲ့ ခေတ်ပေါ်ကဗျာနဲ့ ယနေ့ကာလ
ပုံသဏ္ဌာန်ဆိုင်ရာ တီထွင်ဖို့ကြိုးပမ်းနေတဲ့ကဗျာတွေမှာ မကိုင်တွယ်ခဲ့သေးတဲ့
အကြောင်း အရာအသစ်ပေါင်းများစွာလည်း တိုးလာမှာတော့အမှန်ပဲ ။ ကဗျာဆရာတွေက
သူတို့ရဲ့ အာရုံခံစားမှုနဲ့ စမ်းသပ်တီထွင်မှုတွေကို အခြေခံပြီး လူ့အခွင့်
အရေးချိုးဖောက်မှုတွေ၊ စီးပွားရေးဆိုင်ရာမညိမျှမှုတွေ၊ လူမှုရေးဆိုင်ရာ
တရားမျှတမှုကင်းမဲ့နေပုံတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ နိုင်ငံခြားရေးပေါ်လစီ အပါ
အ၀င် ပေါ်လစီမှားယွင်းမှုကြောင့်ဖြစ်လာတဲ့ ဒုက္ခတွေကို
လွတ်လွတ်လပ်လပ်ရေးလာတာတွေ့လာရနိုင်တယ် ။ ကျွန်တော့်အနေနဲ့တော့
ဒီလိုအကြောင်း အရာအသစ်တွေကို ကိုင်တွယ်ခြင်းဟာ မြန်မာကဗျာအသစ်အသစ်
ဖွံ့ဖြိုးမှုတွေဆီ ဆက်လက် ဦးတည်သွားကောင်းသွားနိုင်တယ်လို့မြင်တယ်။ ဒါပေ
မယ့် အကြောင်းအရာအသစ်အောက်ကို ရောက်သွားရင် ကဗျာဟာ လူမှုရေး ၊
နိုင်ငံရေးသက်သက်အောက် ရောက်သွားနိုင်တဲ့ အစွန်းရောက်မှုလည်းရှိ နေတယ်။
အဲဒီလို မရောက်ဖို့ လိုအပ်တာက ကိုယ်တင်ပြမယ့် အကြောင်းအရာအသစ်နဲ့
ကိုက်ညီမယ့် ပုံသဏ္ဌာန်အသစ်တွေ ၊ တက်ခနိအသစ်တွေ ရှာဖွေတည်ဆောက်နိုင်ဖို့
အရေးကြီးတယ်လို့မြင်ပါတယ်။
မင်းခက်ရဲ
|
0 comments:
Post a Comment