ကဗျာဆိုတာဟာ
အတွေ့အကြုံက မွေးဖွားလာပါတယ်။ အတွေ့အကြုံဆိုတဲ့နေရာမှာ မိမိတို့
တစ်ဦးချင်း တစ်ယောက်ချင်း တွေ့ကြုံရတဲ့ ဘဝအတွေ့အကြုံ၊
လူ့အဖွဲ့အစည်းဝင်တစ်ယောက်ရဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အတွေ့အကြုံ၊ မိမိတို့
အမွေဆက်ခံရတဲ့ နိုင်ငံရေးအတွေ့အကြုံ၊ မိမိတို့ ဇာတိနိုင်ငံရဲ့
သမိုင်းရေးအတွေ့အကြုံ၊ မိမိတို့ ဖတ်ရှုမှတ်သားခဲ့ရတဲ့ စာပေအတွေ့အကြုံ၊
မိမိယုံကြည်သက်ဝင်တဲ့ ယုံကြည်ချက်အတွေ့အကြုံစတဲ့ အတွေ့အကြုံအားလုံး
ပါဝင်နေမှာ ဖြစ်ပါတယ်။
ခေတ်ပေါ်ကဗျာ
စတင်ဖြစ်ထွန်းပေါ်ပေါက်ခဲ့တဲ့၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့တဲ့
၁၉၆၂ ခုနှစ် နောက်ပိုင်းကိုကြည့်ရင် ကဗျာဆရာတွေ ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး
ကဗျာအုပ်စု (၂) စု ကွဲသွားခဲ့ပါတယ်။ ပထမအုပ်စုက အစိုးရကို
ထောက်ခံတဲ့အုပ်စုဖြစ်ပြီး ဒုတိယအုပ်စုက အစိုးရကို ဆန့်ကျင်တဲ့အုပ်စုပဲ
ဖြစ်ပါတယ်။ အစိုးရကို ထောက်ခံတဲ့အုပ်စုဝင် တော်တော်များများက ဒီနေ့
အမျိုးသားစာပေဆုရွေးချယ်ရေး ကဗျာပုံသဏ္ဍာန်ဖြစ်တဲ့ အစဉ်အလာလေးလုံးစပ်
ကဗျာစနစ်ကိုပဲ ကိုင်စွဲခဲ့ပြီး အစိုးရကို ဆန့်ကျင်တဲ့အုပ်စုကတော့
ယနေ့ခေတ်ပေါ်လို့ ခေါ်ဝေါ်ကြတဲ့ ကဗျာပုံသဏ္ဍာန်သစ်ကို စတင်ရေးသားလာခဲ့ကြပါတယ်။
ယဉ်ကျေးမှု မျက်နှာစာပေါ်မှာ စတင်ပေါ်ထွန်းခဲ့တဲ့ ကဗျာသစ်နဲ့အတူ
ဖွားဖက်တော်ဖြစ်ခဲ့တာက “စာပေစိစစ်ရေး” ပဲ
ဖြစ်ပါတယ်။ စာပေစိစစ်ရေးက အစိုးရရဲ့ မူဝါဒတွေအပေါ် ခေတ်ပေါ်ကဗျာရဲ့
ဆန့်ကျင်မှုပြင်းအားကို လျှော့ချပစ်ဖို့ ဒါမှမဟုတ် ချေမှုန်းဖို့ အလုပ်လုပ်ပါ
တယ်။
ခေတ်ပေါ်ကဗျာအပေါ်မှာ စာပေစိစစ်ရေးရဲ့ အပ်နဲ့ထောက်ပိတ်ပင်၊ တားဆီး၊ ပယ်ဖျက်၊ နှောင့်ယှက်ခြင်းစတဲ့ လုပ်ငန်းခွင်အောက်မှာ ခေတ် ပေါ်ကဗျာဟာ
နည်းပရိယာယ် အလွန်ကြွယ်ဝလာခဲ့ပြီး သိပ်သည်းကျစ်လျစ်ကာ မြန်မာစာပေလောကအတွက်
ကဗျာပုံသဏ္ဍာန်သစ်ကို ဖန်တီးနိုင်ခဲ့တဲ့ အပြင် စာပေသမိုင်းမှတ်တိုင်ပါ
စိုက်ထူနိုင်ခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာ မွေးဖွားခါစကစပြီး ကဗျာဆရာတွေဟာ
လူသားတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲ တွေ၊ ငိုကြွေးသံတွေ၊ အသက်မဲ့မှုတွေ၊
စိုးရိမ်ကြောက်လန့်မှုတွေ၊ မြည်တမ်းသံတွေ၊ ထွက်ပေါက်ရှာမတွေ့မှုတွေကို
ဇောင်းပေးပြီး ရေးဖွဲ့ခဲ့ကြပါတယ်။ ဒါဟာ ရိုမန်တစ်ဆန်တဲ့ ဘဝအလွမ်း၊ ဘဝအမော
ညည်းချင်းတွေ မဟုတ်ပါဘူး။ လွတ်မြောက်ချင်စိတ် ပြည့်လျှမ်းနေတဲ့
နိုင်ငံရေးအကျပ်အတည်းထဲက လူသားတွေရဲ့ မျှော်လင့်ချက် မဟာတေးသံရှည်ကြီးပဲ
ဖြစ်ပါတယ်။
အတိတ်စာမျက်နှာတွေကို
ပြန်ကြည့်ရင် ၁၉၃၆ ခုနှစ်၊ ကျောင်းသားသပိတ်တိုက်ပွဲအပြီး အတွေ့အကြုံကို
ဆရာဒဂုန်တာရာက “သခင် ကိုယ်တော်မှိုင်းနှင့် နေခဲ့ရသောရက်များ” မှာ ခုလိုရေးသားခဲ့ပါတယ်။
“၁၉၃၆
ကျောင်းသားသပိတ်ပြီးသောအခါ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း
သိလာလေပြီ။ ဘွိုင်းကောက်ဋီကာ စာအုပ်ကို လိုက်ရှာ လာပေပြီ။ ကျောင်းသားသပိတ်
အတွေ့အကြုံသည် ကျွန်တော့်အား ဆရာကြီးထံပါးသို့ ပို့ဆောင်လိုက်လေပြီ။
သြော်… ဝေးခရီးကပေမဲ့
အရေးကြီးလျှင်ဖြင့်
သွေးနီးရာပါစမြဲပေမို့
………………………
ထီမထင်ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့။
လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏တေးသံကို ခံစားရမှန်းသိလာပေပြီ။”
(ဒဂုန်တာရာ၊ စာလုံး၊ စောင်းကြိုး၊ ဆေးစက်နှင့် ကတ္တီပါကားလိပ်)
ထိုစာအုပ်ထဲမှပင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ (ဝါ) မှိုင်းဗေဒခန်းတွင်…
“ဆရာကြီး
သခင်ကိုယ်တော်မှိုင်း၏ အနုပညာသည် မည်သည့် ခံစားမှုဝေဒနာမှ ဆင်းသက်လာပါသလဲ။
ဤအချက်မှာ ထင်လင်းလှပေသည်။ ဆရာကြီး၏ စာပေအနုပညာသည် ဆရာကြီး၏
ဘဝခံစားမှုဝေဒနာမှ ဆင်းသက်လာပေသည်။ တစ်နည်းပြောရလျှင် ဆရာကြီးဘဝသည်
တစ်ကိုယ်တော် ဘဝမဟုတ်၊ အုပ်စိုးသော လူတန်းစားများနေထိုင်ရာ မှန်စီရွှေချ
စံအိမ်တော်မဟုတ်၊ အဖိနှိပ်ခံ၊ အအုပ်စိုးခံ ပြည်သူတို့၏ ဘဝအောက်ခြေ
မြေစာမြက်ပင် များ၏ ဘဝနှင့် ဆက်စပ်နေသည်။ တစ်နည်းပြောရလျှင် ဆရာကြီး၏
စာပေအနုပညာသည် ယနေ့မျက်မှောက်ခေတ်၏ အခြင်းအရာတစ်ရပ်ဖြစ်သော ပြည်သူတို့၏
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှ ဆင်းသက်လာခြင်းဖြစ်သည်။”
(ဒဂုန်တာရာ၊ စာလုံး၊ စောင်းကြိုး၊ ဆေးစက်နှင့် ကတ္တီပါကားလိပ်)
စကားပြောတယ်ဆိုတာ
လူ့လောကကြီးကို လျစ်လျူပြုရက်စက်ရာ
ရောက်ပါတယ်။
မတရားတဲ့အဖြစ်သနစ်တွေကို
နှုတ်ပိတ်ရေငုံနေခြင်းလည်း ဖြစ်ပါတယ်။
ကစဥ့်ကရဲ ခေတ်ပျက်ထဲမှာ
မြို့တော်ကြီးကို ငါရောက်ခဲ့တယ်
လူတွေအကုန် အငတ်ငတ် အပြတ်ပြတ် ဖြစ်နေကြတယ်
လူတွေ ဆူပူအုံကြွတော့ ငါ လူအုပ်ကြီးနဲ့
ရောပါသွားတယ်အတူ
ငါလည်း သူတို့နဲ့ အတူတူ ဆူပူတော်လှန်ခဲ့တာပဲ
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။
ထမင်းစားလည်း ဘေးပတ်လည်မှာ အလောင်းတွေပြန့်ကြဲလို့
အိပ်နေရင်လည်း အိပ်မက်ထဲမှာ သတ်ဖြတ်တာတွေပဲ
မြင်တယ်
ချစ်သူနဲ့ ချစ်တဲ့အခါမှာလည်း ဥပေက္ခာစိတ်နဲ့ တစ်ဝက်ပဲ
ချစ်နိုင်ခဲ့တယ်။
၁၉၆၂
ခုနှစ်နောက်ပိုင်း ၁၉၇၀ ဝန်းကျင်ကစပြီး ပေါ်ထွန်းလာတဲ့ ခေတ်ပေါ်ကဗျာဟာ
မုန်တိုင်းထန်တဲ့လမ်းကို လျှောက်လှမ်းခဲ့ရပါတယ်။ ဘဏ္ဍာရေးအခွင့်ထူးခံတွေ
အဆီယစ်ပြီး ဒူးနှန့်နေတဲ့အချိန် ကဗျာဆရာတွေဟာ အင်မတန်နိမ့်ကျတဲ့
မဖြစ်စလောက် စာမူခငွေလေးကိုသာ တုံ့ပြန်ရရှိခဲ့ ပြီး ထောင်တန်းအကျခံရ၊
အရေးယူခံရ၊ အဆင်းရဲ အချို့တဲ့ခံရနဲ့ ယဉ်ကျေးမှု မျက်နှာစာပေါ်ကနေ
မိမိတို့ရဲ့ဘဝ၊ မိသားစုဘဝတွေကို ခေတ်နဲ့ပြည်သူ အတွက် ပုံအောထိုးအပ်ပြီး
စုတ်ပြတ်သတ်နေတဲ့ဘဝကြီးတွေနဲ့ မုန်တိုင်းထဲ လျှောက်လှမ်းလာခဲ့တဲ့
ခေတ်ပေါ်ကဗျာကို ၁၉၈၈ အရေးတော်ပုံကြီးရဲ့ ရှေ့တော်ပြေး တံပိုးခရာသံလို့
ပြောရင်လည်း မမှားပါဘူး။
၁၉၇၄ ခုနှစ်တုန်းက တရားမဝင် ထုတ်ဝေခဲ့ရတဲ့ သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ အမှာစာမှာ
အခု ၇၄။ အရိပ်တို့လည်း ရှည်မျောခဲ့ပါပြီ။ ဘဝတွေလည်း ပွန်းပဲ့ခဲ့ပါပြီ။ အသံတွေလည်း နာခဲ့ပါပြီ။ ကျွန်တော်တို့
ခေါင်းပေါ်မှာ ဘယ်လိုကောင်းကင်ကြီး ရှိပါသလဲ၊ ဘယ်လိုကောင်းကင်ကြီး ရှိပါသလဲ။
ကျွန်တော်တို့ ခေါင်းပေါ်မှာ ဘယ်လိုကောင်းကင်ကြီး ရှိပါသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဘဝကြီးတစ်ခုလုံး
နာလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရတဲ့ ခေတ်ပေါ်ကဗျာဆရာတွေရဲ့ တိုင်းပြည်နဲ့
ပြည်သူလူထုအပေါ်မှာထားတဲ့ ချစ်ခြင်း မေတ္တာနဲ့ ကိုယ်ချင်းစာတရားဟာ
ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ခေတ်ကြီးနဲ့ ယှဉ်ပြီး အင်မတန်မှ
ကြီးမားမြင့်မြတ်ကြောင်း ကျွန်တော်တို့ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
အခုတော့
ဖျိုးဖျိုးဖျဖျ ဒီမိုကရေစီ၊ ဖူးပွင့်စ ဒီမိုကရေစီ၊ ဥမှပေါက်စ ဒီမိုကရေစီ၊
အချင်းမဖြတ်ရသေးတဲ့ မွေးဖွားခါစ ဒီမိုကရေစီကို ကျွန်တော်တို့
မြင်တွေ့နိုင်ပါပြီ။ ခေတ်ပေါ်ကဗျာရဲ့ ဖွားဖက်တော် စာပေစိစစ်ရေးလည်း
ချုပ်ငြိမ်းခါနီးပါပြီ။ တကယ်လို့ စာပေစိစစ်ရေး အပြီးတိုင်
ချုပ်ငြိမ်းသွားပြီး စာပေ လွတ်လပ်ခွင့်ရတဲ့ တစ်နေ့ကျရင် ခေတ်ပေါ်ကဗျာရဲ့
ရတနာလိုဏ်ဂူဟာ ဟင်းလင်းပွင့်သွားနိုင်ပါတယ်။ ခေတ်ပေါ်ကဗျာက အစဉ်တစိုက်
တောင်းဆို ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြည့်ပြည့်ဝဝ
ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ တစ်နေ့ကျရင် ခေတ်ပေါ်ကဗျာဟာ ခေတ်စမ်းနဲ့
စာပေသစ်တို့လို ဂန္တဝင် အမွေအနှစ်တစ်ခုအဖြစ်၊ နှစ်ပေါင်းလေးဆယ်ကျော်
လွတ်လပ်ခွင့်တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာစာပေသမိုင်းရဲ့ အမွေအနှစ်တစ်ခုအဖြစ်
ထင်ကျန်ရစ်ခဲ့မှာဖြစ်ပြီး အဲဒီအချိန်ကျရင် စတုတ္ထမျိုးဆက် ကဗျာဗေဒဟာ
မြန်မာနိုင်ငံစာပေသမိုင်းမှာ အသစ်စတင် ပွင့်ဖူးလာလိမ့်မယ်လို့
မျှော်လင့်ရပါတယ်။
ဒါကြောင့်
ခေတ်ပေါ်ကဗျာကို လေ့လာတဲ့အခါ၊ ဝေဖန်တဲ့အခါ၊ အကဲဖြတ်တဲ့အခါ၊
အနုပညာတန်ဖိုးအပြင် သမိုင်းတန်ဖိုး၊ ဘဝတန်ဖိုး၊ နိုင်ငံရေး
တန်ဖိုးတို့ကိုပါ ထည့်သွင်းကြည့်ရှု အကဲဖြတ်စေချင်ပါတယ်။
ဒါမှမဟုတ်ဘဲ ခေတ်ပေါ်ကဗျာကို
ထိုးဇာတ်တို့ ပြောဇာတ်တို့
ကာရန်မဲ့ခြင်း၊ ကာရန်မမဲ့ခြင်းတို့
အကြောင်းအရာ၊ ပုံသဏ္ဍာန်တို့၊ နားလည်ခြင်း၊ နားမလည်ခြင်းတို့
အပြားတို့ လေးထောင့်တို့ အဝိုင်းတို့
ခံစားမှု ဗဟိုပြုတို့၊ ဘာသာစကားဗဟိုပြုတို့
ခံစားမှုဝါဒတို့၊ ခံစားမှုမဲ့ဝါဒတို့
ဗဟိုချက်မဲ့ မမဲ့တို့၊ အမေရိကန်ကဗျာ၊ ပြင်သစ်ကဗျာ၊ စပိန်ကဗျာတို့နဲ့
ချိန်ထိုးနှိုင်းယှဉ်တာတို့၊ ရစ်သမ်တို့ နိမိတ်ပုံတို့
ရီယယ်လစ်ဇင်းတို့ ဆာရီယယ်လစ်ဇင်းတို့၊ ရိုမန်တစ်ဖြစ်တာတို့၊ မော်ဒန်ဖြစ်တာတို့
အတိုဆုံးတို့
အရှည်ဆုံးတို့စတဲ့ ကဗျာရဲ့ အပေါ်ယံ အခွံနဲ့ အကာတွေကိုပဲကြည့်ပြီး ရှုပြီး
ဆွေးနွေးပြောဆိုငြင်းခုံနေကြတာဟာ တကယ့်အရှိ တရား၊ အမှန်တရားကို
မျက်ကွယ်ပြုပြီး အကြောင်းမဲ့ အချိန်ဖြုန်းနေတာနဲ့ တူပါတယ်။ ၁၉၆၂ ခုနှစ်နဲ့
၂၀၁၂ ခုနှစ်ကြားက ကဗျာတွေကို အနှစ်ချုပ်ကြည့် ရင် စကားတစ်ခွန်းတည်းနဲ့ ခေတ်ပေါ်ကဗျာကို မီးမောင်းထိုးပြနိုင်ပါတယ်။
ဒါဟာဖြင့် ‘ခေတ်ပေါ်ကဗျာဟာ အစဉ်တစိုက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တောင်းဆိုခဲ့တယ်’ ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ အခုလက်ရှိအချိန်ထိ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ ခေတ်ပေါ်ကဗျာဗေဒက တခြားသော နိုင်ငံတကာ ကဗျာဝါဒ၊
ကဗျာဗေဒတွေနဲ့ လုံးဝမတူဘဲ မိမိတို့ ကြုံတွေ့ဖြတ်သန်းခဲ့ကြရတဲ့
နိုင်ငံရေးစနစ်တွေ၊ ဖိနှိပ်မှုတွေကို ရုန်းကန်တိုက်ပွဲဝင်ရင်း
သီးပွင့်လာခဲ့တဲ့ “ကဗျာပုံသဏ္ဍာန်သစ်” ဖြစ်ကြောင်း လေးလေးနက်နက် တင်ပြရင်း နိဂုံးချုပ်ပါတယ်။
မိုဃ်းဇော်
၃၀-၆-၂၀၁၂
ဤ
ကဗျာစာတန်းငယ်သည် ရန်ကုန်မြို့ Home တွင် ၂၀၁၂ ဇုလိုင်လ ၂ ရက် နေ့
တွင်ကျင်းပသော ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ခေတ်ပြိုင် မြန်မာ့ကဗျာ
စာတန်းဖတ်ပွဲတွင်ကဗျာဆရာမိုးဃ်းဇော် ကိုယ်တိုင် ဖတ်ကြားခဲ့သော
စာတန်းဖြစ်ပါသည်
|
0 comments:
Post a Comment