ပေါ်နွေလလျှင်
ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ထိုင်း၊ မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊
မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေမျှင်၊
ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွမတတ်သော။
မြော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျံခဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊
အလှယ်လှယ်တိ၊ စံပယ်ဖြူမွှေး၊ စံကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်ဖြင့်၊ ရွေးလျက်ရွရွ၊
မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်စောင်ပန်းမှန်၊ မမီလွန်ကဲ၊ ချိန်တန်သို့သည်၊ ပြန်မည်လေသာ၊
မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေ့မျှ၊
မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်း၍၊ ၀မ်းနည်းလျက်ပင်၊ ပျောင်းလိမ့်ထင်သည်။ ။
ညက်စင်စံများအထွတ်သော။
ဖျော်ဖြေမှလျှင်၊ ယုယသံချို၊ ပြေလိုစိမ့်သား၊ ကျူးပိုက်ဖြား၍၊ ချီသွားမူးမူး၊ ရှေ့ရက်ဦးက၊
မကျူးထင်ထင်၊ ကဆုန်တွင်ကို၊ ကျိုင်းစင်မြခဲ၊ စစ်ပွဲရန်နှည်၊ ပြန်လျှင်းမည်ဟု၊ နှုတ်ခြည်ပေါ်သာ၊
ဆိုလေရှာသော်၊ မလ္လာရနံ့၊ ထုံပျံ့ပန်းသတ်၊ ခြူးနတ်ဆင့်ကုံး၊ စိန်ပွင့်အုံးဝယ်၊ ပင့်ရုံးရွရွ၊
လက်သင်မ၍၊ သက်မျှငယ်ချစ်၊ ပျောင်းလိမ့်ဖြစ်ကို၊ စိစစ်မိမိ၊ သတိချုပ်ဆည်၊ ပြေမည်မျှဝေး၊
ချစ်ဝန်လေးခဲ့၊ ရေးရေးဖူးချင်၊ မယ်သို့လျင်သည်။ ။ ငှက်ရှင်လျှံ မျှရဟတ်သော။
နတ်သျှင်နောင်
(၁၅၇၈-၁၆၁၉)
မြကန်သာ ကဗျာစာအုပ်မှ
မင်းမဟာဂီရိ နတ်သံဟောင်း
ခမောက်ကယ်မှ စိန်တောင်လေ။ ။ရွှေညာဖျားက၊ မြစ်နားသူမောင်၊ ဆောင်းတော်မူသည့်၊ သပြေရောင်လဲ။ ။နွဲ့ခေါင်ရယ်ကြော့ရွှန်း၊ ဆင်ပုဆိုးမှာ၊ ပိုးမဖက်သည် စက်တကျွန်းနှင့်။ ။ ယပ်ဝန်းကိုင်ကာ။ ။အင်္ကျီဇာရှက်၊ ခါသာညက်သည့်၊ အလက်ဖွါကို။ ။ ဗယ်ညာနောက်က။ ။ယဉ်လမ်းဖြောင့်အောင်၊ ဖနောင့်ကျလို့။ ။ခါးစည်းကရွှေ။ ။ ပိတ်ဖြူတွန့်၊ဖူးညွှန့်ဝေနှင့်။ ။ကြည့်လေတိုင်းလှ။ ။ပုပ္ပါးသာခေါင်၊ လေပြေခတ်သည်၊ မြတ်သည့်တောင်က၊ မဲ့မောင်ငယ်လာသည်၊ မသာတောင်း၊ တကောင်းကတဲ့။
တို့မွေးဘကား၊ ပေါက်ပြထင်းပေါ်။ ။ပန်းပဲးမှုကြောင့်၊ ခုတိုင်တွင်လို့၊ မြန်ခွင်ကျော်သည်၊ ခေါ်ဝေါ်တသီး။ ။တကောင်းမြို့မှာ၊ မောင်တင့်တော်တဲ့ ဖိုသူကြီး။ ။သမီးသည်းအူ ပြာဖြူညက်ထွား။ ။ညီအစ်မကို၊ ပန်းနှစ်ပွင့်သို့၊ ဆင့်ကာဖွားသည်။ ။ထင်ရှားအံ့ဘွယ်၊ ငါမောင်ကြီးကား၊ ယောက်ျားတန်ဆောင်၊ လက်ရုံးရောင်နှင့် မောင်တင့်တယ်။
အစွယ်ဖွေးဖြူ၊ မုန်အာသောက်နှင့်၊ ဆင်ပေါက်မူလည်း။ ။ဆွဲးယူချီကိုင်။ ။ ဝေးမြေဆစ်သို့၊ ငင်ပင်နိုင်၏။ ။ဘုန်းလှိုင်ပြည့်ရှင်။ ။ စွမ်းပကားနှင့်၊ ငါ့အားအင်ကြောင့်။ ။
မျက်ဝင်မလို၊ စည်းစိမ်တော်ကို၊ လုနိုးမှတ်၍၊ သတ်လေဆိုသော်၊ ကိုယ်လွတ်ပြေးခွါ။ ။ မလည်တောင်မှာ၊ တိမ်းရှောင်သွေလို့ နေသောခါ၌။ ။ မာယာပိုက်ကွင်း။ ။ နှမရင်းချာ၊ ယဉ်နားသတ်သည့်၊ လှမြစ်စွာကို၊ တောင်ညာနှင်းလို့၊ မင်းတို့ဥပါယ်။ ။ မြို့ကွပ်ခန့်မည်၊ ငါ့ကိုသည်လည်း၊ ယုံကြည်မှားအောင်၊ စကားသွယ်က။ ။ အကယ်ထင်မိ၊ ရှေးဝတ်ကြမ္မာ၊ ဂြိုစမ်းလက်နှင့်၊ ၀ိပါက်ပါသည်၊ ယုံရှာမိလို့၊ ကြိုးထည့်မျက်မှောင်။ ။ အရှင်လတ်လတ်၊ စကားပင်မှာ၊ ငင်ကာဆွဲးသည်၊ မြဲမြဲပပ်လို့၊ ကြပ်ကြပ်ကယ် နှောင်သည်။ ။သည်းခေါင်ပူအိုက်၊ ဖိုကျင်းထိုးလို့၊ မီးပြင်းတိုက်၊ ဆူလှိုက်ဗျာပါ၊ နန်းတောင်ညာက၊ ပြေးလှာမရွှင်။ ။ နှမရင်းချာ၊ လွန်ကြင်နာသည့်၊ ငါ့မောင်ကြီးကြောင့်၊ မီးပုံတွင်းကို ဆင်းကာဝင်သော်၊ သေလျှင်စင်စစ်။ ။ စကားပင်မှာ၊ ရွှေစင်ရောင်မြ၊ မောင်နှမ၊ နတ်လှဖြစ်၏။
မာန်ရစ်ကြော့ကြမ်း၊ ပွင့်-ရွှေသားနှင့်၊ စကားပင်ကို၊ ၀င်တိုင်းဘမ်းက။ ။နတ်ကြမ်းမိစ္ဆာ။ ။ ပြည်သူမချစ်၊ စံကားပင်ကို၊ ငင်နတ်ပစ်၍၊ မြစ်လယ်ကြောကို၊ မြောသောခါလည်း။ ။ ဟင်္သာသောင်တင်း၊ တိန်ငြင်းဇင်ယော်။ ။ အတောင်ခင်းလို့၊ လှေချင်းပီအောင်၊ ညီညီငယ်လှော်သည်၊ ပျော်ပျော်ရေကြောင်းစုံခဲ့တယ်။ ။ ရိပတ်သာစည်၊ ထီးကြငှင်းနှင့်၊ မြို့နန်းတည်သည်။ ။ရွှေပြည်ပုဂံ၊ မင်းငါးကျိပ်ငါး၊ ကနက်ထူသည် ၊ရိပ်ဖြူလွှားလို့၊ ပျော်ပါးစံသည်။ နိုင်ငံနဖူး။ ။ဆိပ်ကမ်းသာသည်၊ ရွာညောင်ဦးမှာ၊ စူးစူးဝင်လို့တို့ဆိုက်တယ်။ ။မင်းသေဉ် လည်ကြောင်။ ။ ရန်စွယ်ချွတ်သည့်၊ ထွတ်ဘုန်းခေါင်မှာ၊ သောက်ရောင်ဝိုးဝင်း၊ ချိန်မလင်းတွင်၊ ချက်ခြင်းအိပ်မက်တို့ပြတယ်၊ အကိုင်းအခက်၊ အရွက်ညွှန့်ဖူး။ ။ ပန်းစံကားကို၊ များရှင်လူတို့ဆွတ်ယူခူးသော်။ ။ မူးဝေမတည်။ ။ သလုဇောနှင့်၊ မိန်းမောသည်ကို။ ။ ဂုဏ်ရည်ငါတို့ပြလိုက်တယ်၊ သေဉ်လည်မင်းခေါင်၊ ရွှေဥာဏ်တော်ရေး၊ ထောက်မြှော်တွေးသည်၊ ဧးငြိမ်းအောင်ဟု။ ။ ရွှေတောင်ပုပ္ပါး၊ တပဿီနှင့်၊ ဇော်ဂီ ၀ိဇ္ဖာ၊ ဆေးဆရာတို့၊ လိုရာမဆုံး၊ လှိုင်၍ကျုံး၊ ဂမုန်းပွင့်စည်၊ ဧကြည်ကြည်နှင့်၊ လေပြည်သွေး၊ မွှေးသည့်တောင်မှာ၊ နန်းဆောင်ရွှန်းအောင်၊ ကွန်းနှင့်ထားသည်။ ။ ထင်ရှားလှစွာ၊ ရွှေမျက်နှာနှင့်၊ မဟာဂီရိ။ ။ ဇမ္ဗူထွန်းသည့်၊ ကျွန်းမဟီမှာ။ ။ သညီပေါက်ပြ။ ။ သာသနာနှင့်၊ ပြည်ရွာငြိမ်းအောင်၊ အုပ်သိမ်းဆောင်သည်၊ မောင်နှမကို၊ တကြပါနော်။ ။ အလှူရေစက်၊ လက်နှင့်မကင်း၊ ရွှေပြည်တွင်းမှာ မင်းတဖေါ်တို့။ ။
ဝန်ကြီးနတ်ရှင်နောင်
(၁၆၈၄-၁၇၅၄)
မြကန်သာ ကဗျာစာအုပ်မှ
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
အခုလို ကဗျာများကိုစုစည်းတင်ပေးတာကျေးဇူးတင်ပါတယ်.......
ReplyDelete