သူ့ခြေဖမိုးလေးတွေ ရှေ့ရောက်တုန်းခဏ
ငုံ့ကိုင်းကျလာတဲ့ နှုတ်ခမ်းစွန်းကို ကိုက်
သူမသိအောင် အံကြိတ်ရင်း
ကျွန်တော် အသက်အောင့်ထားမိတယ်
အန္တရာယ်ကင်းတဲ့ သူ့ရယ်သံတွေကြား
ကျွန်တော့်ရိုးသားမှုတွေကို လွှတ်ပေးလိုက်တိုင်း
လည်နေတဲ့အချိန်တွေများ ရပ်တန့်သွားမလားလို့ 
ကမ္ဘာကြီးကို ဆဲဆိုကြည့်ချင်ရဲ့ 
တကယ်ပါ
ရင်ခုန်ဖို့မေ့နေဖူးတယ်
တဖျက်ဖျက်ခတ်နေတဲ့ သူ့မျက်တောင်တွေ
ထောင့်ကပ်ကြည့်တတ်တဲ့ သူ့မျက်ဆံလေးနဲ့
ပြောချင်ရာပြောနေတဲ့ သူ့နှုတ်ခမ်းတွေကြောင့်လေ
မဆန်းပေမယ့် ထူးတယ်
ကျွန်တော် အသက်လောက်ချစ်တာမို့
မကွာပေမယ့် ဝေးတယ်
ကျွန်တော်တို့နှစ်ယောက်က နေ့ နဲ့ ည
မကွဲပေမယ့် ကြေမွနေတဲ့ နှလုံးသားမှာ
ဘဝ တစ်ခုလုံးမြှုပ်ထားသေးတာမို့
သူ့ကို မရှာဘဲတွေ့စေချင်မိတယ်
ထားပါ ဒါကျွန်တော့် အတ္တ
မှင်စာတစ်ကောင်ရဲ့ မေတ္တာဟာ
ဘယ်လောက်ဝေးဝေး ပြေးနိုင်ပါသလဲ
ကျွန်တော် တွေးကြည့်နေမိတယ်
ကျွန်တော့်ပန်းတိုင်ဟာ သူဖြစ်နေတဲ့အချိန်
သူ့တာထွက်ခုံက ကျွန်တော်ပေါ့
ကျွန်တော့်ဆီက ပြေးထွက်ဖို့
အရှိန်ပြင်းပြင်း လိုလိမ့်မယ်
ခင်ဗျားပဲဖြစ်ဖြစ်
ကျွန်တော့် နတ်သမီးလေးနဲ့ဆုံရင်
ခဏ ခဏ မပြုံးဖို့သတိပေးလိုက်ပါ
လိပ်ပြာလေးတွေ ရှက်ရှက်နဲ့
သူ့ကို ဝင်တိုက်ကြမှာစိုးတယ်
ဗျာ ကျွန်တော်လား
နတ်သမီးလေးရဲ့  ဟိုးဝေးဝေးမှာ
ကြယ်တွေထိုင် ရေ နေ တဲ့ မှင်စာတစ်ကောင်လေ ။
လဝန်းပြာ
23/3/2014 6:05 pm
ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်
0 comments:
Post a Comment