လအက္ခရာ(သို့မဟုတ်) ရှင်ဥတ္တမကျော် ရဲ့ တောလားနောက်ဆက်တွဲ

  



လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ
လဆန်း၊ လထစ်၊ လမွေး နှင့်
မိန်းမ အစေ့ကို ရှိခိုးပါဧ။်......

(အသက် ၁၈နှစ် အထက်ရော အောက်ရော
အားလုံးဖတ်လို့ ရပါတယ်)


..... .... .... ..... ...
.... .... .....
မနက်က ကျွန်တော်မအိပ်ခင်မှာ တင်ခဲ့တဲ့ ရှင်ဥတ္တမကျော်ရဲ့ တောလားကို
ဖတ်လိုက်မယ်လို့တော့မထင်ဘူး။။စိတ်ဝင်စားမှာ လည်း မဟုတ်ဘူး ဆိုတာ ကျွန်တော်သိပါတယ်....။ဆရာတော်ရဲ
တောလားကို သေသေချာချာဖတ်ကြည့်မိတဲ့သူတွေကတော့
လပြွတ်တည်း၊ လဖြဲတည်း၊လဖြုန်းတည်း၊ လချောင်းတည်း၊ လဥတည်း၊ လဆန်းတည်း၊
လထစ်တည်း၊လမွေးတည်း ဆိုတဲ့
လ၊ဥ၊လ ဖြုန်း လကိုးလုံးကို ဖုန်းဖုန်း သုံးသွားတာ ကို တွေ့ရပါလိမ့်မယ်။

ကျွန်တော် တင်ခဲ့တဲ့ တောလားနဲ့ပက်သက်ပြီး ဆရာတော်ရဲ့ ဖွဲ့နွဲ့မှုကို ရိုင်းပြတယ်လို့
ထင်စားမိသွားကြမှာ စိုးလို့ ကျွန်တော်ကနေပဲ ဖတ်ခဲ့တဲ့သူပဲဖြစ်စေ၊ မဖတ်ခဲ့တဲ့သူတွေပဲ ဖြစ်စေ အားလုံးကို အမြင်ရှင်း
အောင် တာဝန်ယူဖြေရှင်းချင်လို့ ခုပို့စ်ကို ထပ်တင်လိုက်တာပါ။တကယ်တော့ ဒီနေ့ပို့စ်တွေ တင်တာများနေလို့ မတင်တော့ဘူးထားတာ...တစ်လက်စတည်း ရှင်းပြချင်လို့ တင်လိုက်ရတာပါ...။

ခုမှ မဟုတ်ပါဘူး။ ဆရာတော်ရဲ့ လကိုးလုံးသုံးထားတဲ့ အဲဒီတောလားကဗျာထွက်ပေါ်
လာတဲ့အချိန်တုန်းကလည်း ညစ်ညမ်းသကိုး ဆိုပြီး အာလုံးက ယူဆခဲ့ကြပါတယ်။ဒါပေမယ့် တကယ့် စာတတ် ပေတတ် ဆရာတော်ကြီးတစ်ပါးရဲ့
နှုတ်ထွက်စကားဖြစ်နေတော့လည်း ယုံရခက် မယုံရခက်နဲ့ မျက်စိလည်ခဲ့ကြတာပေါ့။

ဆရာတော်အနေနဲ့ကလည်း အခုလို ရေးလိုက်ရင် အစွန်းမလွတ်၊ မနှစ်မြို့ဖွယ်ရာ
အဓိပ္ပါယ်မျိုးတွေ ထွက်လာလိမ့်မယ်ဆိုတာ မတွေးခဲ့ဘဲ နေခဲ့မှာတော့ မဟုတ်ပါဘူး။
တကယ်တွေးခဲ့မှာပါ။ဒါဆို ဘယ်သူ့ကို ရည်စူးပြီ ဒီ လကိုးလုံးကို သုံးခဲ့တာလည်း။
အကြောင်းမဲ့တော့ ပညာရှိတို့ မသုံးတန်ရာပါ။.

တကယ်တော့ လူတစ်ယောက်မှာ အကျင့်ကောင်းခြင်းကတခြား၊ ညာဉ်က တစ်ခြားပါ။
ရှင်ဥတ္တမကျော်ဆရာတော်ဟာ ၀မ်းတွင်းပါညဉ်တန်ခိုးရှိတယ်ဆိုတာ သူ့သမိုင်းလားရာကို ပြန်ကြည့်ရင် ထင်ရှားပါတယ်။အဲဒီညာဉ်ကတော့ အရွဲ့တိုက်တတ်သော ညာဉ်၊ ရွတ်တတ်သော ညာဉ်ပါပဲ။ အဲဒီညာဉ်ကြောင့်ပဲ ဆရာတော့်သမိုင်းမှာ စွတ်ကြောင်းကြီး သုံးကြောင်းထင်နေခဲ့ပါတယ်......

အဲဒီထဲကမှ ပထမဆုံး အရွဲ့တိုက်မှုက "က္ကိထ္ထိဗီဇ အဟံဝန္ဒမိ" ဆိုပြီး ဘုရားရှိခိုးပဲဖြစ်ပါတယ်။ အရာတော် ရှင်ဥတ္တမကျော် အသက် ၁၅နှစ်အရွယ် သာမဏေ ဘ၀က အခြားသူတွေလို ဘုရားကိုရှိမခိုးဘဲ "မိန်းမ အစေ့ကို ရှိခိုးပါဧ။်"ဆိုပြီး အရွဲ့တိုက်
ရှိခိုးခဲ့ပါတယ်။ အဲဒီအမှုကို ဆရာဘုန်းကြီးသိတော့ တုတ်မိုးပြီး စစ်တဲ့အခါ

မယ်တော်မာယာ က္ကထ္ထိမှာ ဖွားမြင်တော်မူသော သိဒ္ဒတ္ထမင်းသား ဘုရားမျိုးစေ့ကို ရှိခိုးခြင်းဖြစ်ပါကြောင်းကို ပါဠိတော်နည်း၊ အဌကထာနည်းတွေနဲ့ ဖွင့်ဆိုလိုက်မှ
အရိုက်မခံရတော့ရုံသာမက "အိမ်း၊ ငါ့တပည့် မောင်ဥတ္တမ ကျော်ပေစွ"လို့တောင်
ကောင်းချီးပေးခံခဲ့ရပါတယ်။ အဲလိုအရွဲ့တိုက်မှုရလဒ်က "ကျော်"ဖြစ်လာခဲ့ပါတယ်။
အဲဒီက စပြီး ရှင်ဥတ္တမ နောက် ကျော် တစ်လုံးရောက်လာပြီး ရှင်ဥတ္တမကျော်ဖြစ်လာပါတော့တယ်။

ကျွန်တော် ခေါင်းစီးပေးထားခဲ့တာဟာ မိုက်ရိုင်းချင်လို့ မဟုတ်ပါဘူး။ရှင်ဥတ္တမကျော် ဆိုတဲ့ နာမည်ကလောင် ဖြစ်လာခဲ့ရခြင်းမှာ မိန်မဟိုဟာက အရေးပါနေလို့ ခေါင်းစီးပေးထားလိုက်ရခြင်းပါ....။

ဒုတိယမြောက်အရွဲ့တိုက်မှုကိုတော့ မပြောတော့ပါဘူး။အားလုံးသိပြီးသားပါ။ခုံတော်မောင်ကျဘမ်းက ဆွမ်းတအုပ်လောက်တော့ ဘယ်အိမ်မဆို ပါးရိုက်ပြီးဖိတ် ရနိုင်တယ် လို့ ခပ်ရွဲ့ရွဲ့နဲ့
ဖြေခဲ့တာမှာ သူ့မယားကို ပါးရိုက်ပြီး ဆွမ်းဖိတ်လိုက်ခဲ့တာပါ။ ဒါတင်မကဘူး
မောင်ကျဘမ်းက နင့်လင်စားဖို့ မြန်မြန်ချက်လို့ ဆိုရာမှာလည်း ဆရာတော်ကတေးထားပြီး ဆွမ်းစားပြီးတဲ့အခါမှာ ကဲ ဒကာမလာ.ငါ့နောက်လိုက်ခဲ့
နင့်လင်က နင့်ကို ငါနဲ့ပေးစားလိုက်ပြီ ဆိုပြီး ဆွဲခေါ်ခဲ့ပါတယ်။အတိုချုံးပြောရရင်
လက်ဆွဲမှု ပါးရိုက်မှုနဲ့ မောင်ကျဘမ်းက သံဃာခုံရုံးကိုတိုင်ခဲ့ပေမယ့်လည်း ဆရာတော်ကသာ အနိုင်ရသွားခဲ့ပါတယ်။

တတိယအကြိမ် အရွဲ့တိုက်မှုကတော့ အခုကျွန်တော်ပြောချင်တဲ့
လ အသုံးအနှုန်း အရေးတော်ပုံ ကြီးပါပဲ။ဆရာတော်က နေပြည်တော်ကို အထင်ကြီးပြီးတက်လာခဲ့ရာမှာ အဲဒီအချိန်က အင်းဝနေပြည်တော်မှာ လ အက္ခရာတွေ
တအားပဲ ရေပန်းစားနေတာကို တွေ့လိုက်ရတယ်။

လ ကို ထုတ်လုပ်သုံးနှုန်းခဲ့သူတွေက ကဗျာအကျော်အမော် ရှင်မဟာသီလ၀ံသနဲ့ အရှင်မဟာရဌသာရတို့ပဲဖြစ်ပါတယ်။ အဲဒီလတွေကို မြိန်မြိန်ယှက်ယှက် နှစ်နှစ်ခြိုက်ခြိုက် သုံးစားနေသူတွေက မင်းနေပြည်တော်က ရဟန်းရှင်လူ တွေပဲ ဖြစ်နေတယ်။
အရှင်မဟာသီလ၀ံသကဆို
သျှိသျှားကန်မော်ကွန်းမှာ

ရန်မျိုးကြက်နှယ် လငြင့်တည်း၊ ပြစ်မှား ကြိုးနှယ် လ ခွေတည်း၊ တရားဆီမီး လ ညှိတည်း ဆိုပြီး အစရှိသဖြင့် သုံးထားခဲ့သလို.....အရှင်မဟာရဌသာရကလည်း ကိုးခန်းပျို့မှာ......
မင်းမြတ်တောင်းပန် လထွာတည်း၊ဂါထာနှစ်ခု လရွတ်တည်း၊ လူတွင်ဆူးသို့ လပို့တည်း
ဆိုပြီးတော့လည်း လအက္ခရာတွေကို ဘုံးပေါလအောသုံးခဲ့တာကိုလည်း တွေ့နိုင်မှာပါ။

ရှင်ဥတ္တမကျော်က အဲဒီ လအက္ခရာကို လုံးဝလုံးဝမကြိုက်ဘူး။ အဲဒီမှာပဲ အရွတ်တိုက်ချင်တဲ့ ညာဉ်က သတ္တိပြလာပါတော့တယ်။
"ရေးသူက ရေးတယ်ထားဦး မင်းနေပြည်တော်မှာ ဒီလောက်တောင် အသိဥာဏ်ခေါင်းပါသလော၊ အားပေးပြုရာသလော၊ သလောက်တောင်ကြိုက်လှတာ
နေနှင့်ကြဦးပေါ့ကွာ၊ လ အကြောင်း ကောင်းကောင်းကြီး ပြလိုက်ရသေးတာပေါ့"လို့
တေးထားပြီးတော့ တောင်တွင်းကို ပြန်လာခဲ့ပါတယ်။

ရောက်တယ်ဆိုရင်ပဲ အရှင်ကာဠုဒါယီက နေပြီတော်သို့ ကြွရောက်ရန် ဘုရားရှင်အား
ပင့်လျှောက်စခန်း ဂါထာ ၆၀ ကို မှီးပြီးတော့ လ ကိုးလုံးကို တခမ်းတနားတန်ဆာဆင်ပြီး
တောလားကိုးပုဒ်ကို အင်းဝစာဆိုတွေ အရွဲ့တိုက် ရေးသားစီရင်တော်မူခဲ့ပါတယ်။ဒါက
ကျွန်တော်ပြောခဲ့သလို တတိယအကြိမ် အရွဲ့တိုက်မှုကြီးပဲဖြစ်ပါတော့တယ်။

တကယ်တော့ လအက္ခရာကြောင့် တစ်စုံတစ်ခု ထူးခြားလာနိုင်တဲ့ အနက်မရှိပါဘူး။မထွက်ပါဘူး။ ဆရာတော်သုံးခဲ့တဲ့ လပြွတ်၊ လဖြဲ၊ လချောင်း စတာတွေဟာ လ နဲ့ ပြွတ်၊ လ နဲ့ ဖြဲ စတာတွေကို ရှေ့နောက်တေ့လွဲကလေး လှည့်စား
ပြီး အရွဲ့တိုက်ထားခြင်း သက်သက်သာစြဖ်ပါတယ်။အဲဒါကြောင့် အနက်ကို ဖြေင့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒီလိုတွေ့ရမှာ ဖြစ်ပါတယ်......

သီးမျိုး ခိုင်ညှာ (ပြွတ်လတည်း)
ဘီလူးသွားကို (ဖြဲလတည်း)
တောကြက်တောင်ပံ (ဖြုန်းလတည်း)
မုဆိုးချုံက (ချောင်းလတည်း)
မိုးမှာ ရွှေကြယ် (ဥလတည်း)
ရွှေဖောင်မြစ်ညှာ (ဆန်လတည်း)
တရားဓါးသို့ (ထစ်လတည်း)
ပြုစုပျိုးထောင် (မွေးလတည်း)
မြဲစွာဖြစ်လိမ့် (မှန်းလတည်း)

ကဲအဲလိုဆိုတော့ တအားမလှပေဘူးလားဗျာ။ ကျွန်တော့်အထင်ကတော့ လ ဆိုတာ
ခု ကျွန်တော်တို့ခေတ်မှာ သ အက္ခရာနဲ့ ဆင်နေမလားဘဲ။ သတည်း ဆိုတာမျိုး သုံးထားတာနဲ့ အတူတူပဲဖြစ်မှာပါ။ ကျွန်တော်တို့ မြန်မာသဒ္ဒါမှာ သင်ခဲ့ရဖူးတယ်...
သ/လ/က အက္ခရာတွေဟာ မိတ်တူစကားလုံးတွေပဲဖြစ်တယ်ဆိုတာကို။

ဒါ့ကြောင့် ရှင်ဥတ္တမကျော်ရဲ့ လ ဟာ စကားပို၊ စကားပိုး၊ ပုဒ်မြှောင်၊ စကားမြှောင် တစ်ခုသာဖြစ်ပါတယ်။ဆရာတော်ရဲ့ အရွဲ့တိုက်တတ်တဲ့ ညာဉ်၊ ရွဲ့တတ်တဲ့ ညာဉ်တွေ အရ ဥာဏ်ကွန့်မြူးထားခြင်း သက်သက်သာဖြစ်ပါတယ်။ ဆရာတော်က သူ့တောလားကို စိတ်ဝင်စားကြပြီး အမြဲထာဝရ လှုပ်ရှားကျန်နေရစ်ရန်အတွက် စက်ယန္ထယား တစ်ခုတပ်ဆင်ထားခဲ့ခြင်းသာ ဖြစ်ပါတယ်။ အဲဒီစက်ယန္ထယားကတော့
လ ကိုးလုံးပဲ ဖြစ်ပါတော့တယ်ခင်မျာ။

အားလုံးကို ကျေးဇူးတင်ပါတယ်...

                            နေအဝေး

ref; ဒဂုံ ဦးစန်းငွေ - သဒ္ဒါအမြင် စာအမြင်
1973







ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

1 comments: