ဖင်္ဂလနဲ့ ရှင်မ



 ဇင်္ဂလနဲ့ ရှင်မရဲ့
ကြင်စဦး ဓာတ်ပုံဟာ
ဧည့်ခန်းမှာ ဖုန်တွေတက်လို့
စာရွက်စာတန်းတွေ ပြန့်ကြဲ
စာအုပ်ပုံကို ဖရိုဖရဲဖွရင်း
ဇင်္ဂလ ဆိုတဲ့ ကဗျာဆရာဟာ
စာရေးစားပွဲ ညစ်ထပ်ထပ်ပေါ်က
ပလပ်စတစ် စားပွဲခင်းကို
ဘောလ်ပင်နဲ့ ပြင်းပြင်းထိုးစိုက်
ကျမ်းကိုးတွေနဲ့ တိုက်ခိုက်ရလို့
မောဟိုက်နေတဲ့ ပုံသဏ္ဍန်……
…. …. …..
ဧည့်ခန်းနံရံ နောက်ကွယ်မှာတော့
ဘဲဥခေါက်သံ ,မီးသွေးပေါက်သံ
ဇလုံသံ,ဖွန်းသံတွေဟာ
ဒရမ်ခေါက်သလို ကြားနေရတယ်
သံဓာတ်ပါတဲ့ ဟင်းချက်ဖို့
ဟင်းနုနွယ်ရွက်တွေကို
ရေဆေး သန့်စင်ရင်း
မနက်စာ ထမင်းပွဲအမီ
ကသီကရီလေ
စီစဉ်နေရတဲ့ ရှင်မဟာ
မီးဖိုချောင် ဗေဒမှာ
ဘွဲ့လွန်ပါရဂူ တစ်ယောက်မို့
ဇင်္ဂလလို လူရဲ့
အူတူတူ အယူအဆလောက်တော့
သူမက…အပျော့ပါ
ကန်တော့ဆွမ်းပါဘုရား…ဆိုတဲ့
မီးဖိုဆောင်ထဲက သူမရဲ့အသံကို
ဆွမ်းခံ ဦးပဇ္ဖင်း မကြားရအောင်
ခါးတမမနဲ့ ချက်ပြုတ်
စက်ရုပ်လို…
တက်သုတ်ရိုက်နေရတဲ့ ရှင်မနဲ့
ဇင်္ဂလတို့အတွက်တော့
ရုဒ္ဓရသ မနက်ခင်းမှာ
မျက်လုံးတွေ မီးတ၀င်းဝင်းပေါ့
စီးချင်းထိုးကြတော့မယ့်ဟန်….။
ဇင်္ဂလ…
ဆန်တစ်ပြည်
ဆီတစ်ဆယ်သား
ဟင်းနုနွယ်ရွက် နှစ်စည်း
ဘဲဥ နှစ်လုံးလောက်နဲ့
နှစ်ရာတန် တစ်ရွက်လုံးပျောက်သွားတာ
ယောက်ျားမှာ တာဝန်ရှိသလား
မိန်းမမှာ တာဝန်ရှိသလား
မင်းသိထားရင် ချေပလေ
ပါတိတ်တစ်စကြောင့်
ဝါဏိဇ္ဇနဲ့
စာရိတ္တတွေ ဖျက်မှုန်းခံရတာ
တရားခံ ဘယ်သူတုန်း…ပြောလေ…။
ရှင်မ….
ကမ္ဘာဦး လူသားတွေလို
သားငါးကို အစိမ်းစားကြရင်
ပိုက်ဆံတွေကို
သိမ်းထားလို့ ရတာပေါ့
ရွှေတစ်ကျပ်သား နှစ်သောင်းခွဲ
ဒါ အံ့သြဖို့ ဘာကောင်းသလဲ
ရွှေချောင်းထက် အရေးကြီးတဲ့
မီးသွေးတစ်ပိဿာ- သုံးဆယ်
ဒီမှာ မီးဖိုချောင်ကမ္ဘာကြီး
ပျက်ဆီးရတော့မယ်
အီသီယိုးပီးယား ပုံရိပ်ကို
မိန်းမတွေ ရင်ခုန်ထိတ်တာပေါ့
ပါတိတ်တစ်စကြောင့်
စာရိတ္တ ပျက်ဆီးရတာထက်
ဝမ်းမီးညှိုးပါးလို့
ပန်းသီး ပိုးစားခံရတဲ့ ပြကွက်
ဒါ….မိုက်တီးရဲ့ ရိုက်ချက်လား
စရိုက်ပျက်မိလို့
အရှိုက်ခက်ရတဲ့ကိစ္စ
မိန်းမတွေကိုချည်း လွှဲမချနဲ့ရှင့်….။
ဇင်္ဂလ….
ဘယ်လိုပဲ ဖြစ်ဖြစ်လေ
ငွေ ကို ကိုယ်ကချစ်မှ
သူကလဲပြန်ချစ်မှာပေါ့
ငွေကြေးစံနစ်ကို
ဟို ပဝေ ရှေးခေတ်ကလို
ကျစ်လစ်ခိုင်မာစေချင်ရင်
အဲ—။
ရှင်မ…..
ကဲ…ဘယ်လိုစီမံမလဲရှင်….
ဇင်္ဂလ….
နိုင်ငံတကာ ငွေကြေးဟာ
အရေးကြီးတယ်လေ
ရွှေဈေးတက်ရင်
ငွေကြေးပွက်တတ်တယ်…
ဈေးကွက်စီးပွားကိစ္စတွေနဲ့
ကုန်သွယ်ရေး ပြိုင်ဆိုင်မှုတွေကို
အဏုမြူ ခြိမ်းခြောက်တဲ့ရန်က
မခံရအောင်
ကိုယ့်ဘက်က ကြံဆရမယ်….။
ရှင်မ….
ကြားဖူးနားဝ စကားတွေနဲ့
ရှင်-ကျွန်မကို ကြွားနေမယ့်အစား
ရော့-ဆီသွားဝယ်ပေးပါလား……။
ဇင်္ဂလ…
ရွှေတရား ငွေတရားကို
လူသားတိုင်း နားဝင်ချိုအောင်
မီးဖိုချောင်နဲ့ ပြင်ပကမ္ဘာကြီးဟာ
ရင်းနှီးချစ်ခင် နေရမယ်
တစ်ဦးဝိဥာဉ်ကို
တစ်ဦးက သိနေရမယ်
ငွေဆိုတာ လုံ့လရှိသူတွေအဖို့
မဏိမေခလာဖြစ်သလို
ပစ်စလတ်ခတ် အနေမတတ်ရင်တော့
ဒေ၀ဒတ် ဖြစ်သွားမယ်….။
ရှင်မ……
ကောင်းပြီလေ
ဟောဒီ့ သီရိဂေဟာမှာ
ကျွန်မဟာ မဏိမေခလာလား
ရှင်ဟာ ဒေ၀ဒတ်လား
ကိုယ့်တရားကိုယ်ပြန်စစ်
အကဲဒမစ်ကျကျ ဆွေးနွေးမယ်
မညစ်ပတ်ကြ ကြေးပေါ့ရှင်…။
{ကုလားထိုင်ပေါ်က
ဇင်္ဂလဟာ
စာကြည့်စားပွဲကို
ဝုန်းကနဲမြည်အောင် ထုလိုက်တယ်…}
[ မီးဖိုဆောင်ထဲက
ရှင်မဟာလဲ
လက်ထဲက သံပန်းကန်ကို
ချလွမ်ကနဲမြည်အောင် ချလိုက်တယ်]
ဇင်္ဂလ……
ဟေ့ – အိမ်ထောင်တစ်ခုမှာ
စီမံခန့်ခွဲမှုပညာဟာ
ကဗျာဆရာရဲ့ အလင်္ကလိုပဲ
ညင်သာတယ် ,ပျော့ပြောင်းတယ်
သိမ်မွေ့တယ် ,နက်နဲတယ်
ခက်ခဲစွာ ကြံဆရတဲ့
ဂမ္ဘီရ ဆန်တယ်
ဥာဏ်ရည် ထက်မြက်မှသာ
ကြံစည်ချက်မှန်ကန်မယ်
မင်း ,ငါ့ကို မဖီဆန်နဲ့နော်….။
ရှင်မ………
ကောင်းပါပြီတဲ့ရှင်
ရှင့်ရဲ့ ဂမ္ဘီရဥာဏ်နဲ့
ဆန်တစ်ပြည်ရအောင်
ဥာဏ်ရည်ပြစမ်းပါဦး
ကျွန်မရဲ့ တစ်နေ့စာ ဘတ်ဂျက်နဲ့
ရှင်ပေးတဲ့ နှစ်ရာတန်တစ်ရွက်
ဘယ်သင်းက ပိုထက်သလဲလို့
မီးဖိုချောင် ဂရဖ်ကွက်ထဲမှာ
အတက်အကျ ရှာကြည့်ကြမယ်…..။
ဇင်္ဂလ………
ငွေစက္ကူဆိုတာ
လေနဲ့ အသက်ရှုနေတဲ့ လူသားလိုပဲ -
အမြဲရှင်သန်နေရမယ်
ပိုက်ဆံအိတ်ထဲမှာခွေနေတဲ့
ကေသရာဇာ ခြင်္သေ့တစ်ကောင်နဲ့
အမိန့်ရ အပေါင်ဆိုင်
ကောင်တာပေါ်က ခြင်္သေ့ဟာ
ဘယ်ခြင်္သေ့က သေနေပြီး
ဘယ်ခြင်္သေ့က ရှင်နေသလဲ
ဓနဗေဒကို အတွေးမှားရင်
ကုဋေရှစ်ဆယ် သူဌေးသားတောင်
တစ်ချိန်မှာ ဆွေးသွားလိမ့်မယ်…..။
ရှင်မ………….
သိနေတယ်လေ
ငွေတစ်ကျပ်ဆိုတာ
ယူနစ်တစ်ခုခေါ်တာရှင့်
ဟင်းရွက်ဆိုင်ပေါ်က
ကန်စွန်းရွက်တစ်စည်းနဲ့
ရှင်- ဖန်တီးပေးတဲ့ ငွေတစ်ကျပ်
ဘယ်ဟာက မြင့်မြတ်တယ်
ဘယ်ဓာတ်က အသက်ရှိတယ်ဆိုတာ
အို….ကျွန်မ, မသိဘဲရှိပါ့မလား
အဘိဓမ္မာစကားနဲ့ ပြောရင်တော့
ဒါတွေဟာ……
ပညတ်သဘောပါရှင်…..။
ဇင်္ဂလ………….
အိမ်း…..မှတ်သားစရာပဲ
ဖိနပ်ကြားက
နတ်စကားထွက်တယ်ဆိုတာ
ဒီလိုဟာမျိုးပေါ့
ကလိထိုးသလိုရယ်ရတယ်ဟေ့။
ရှင်မ…………….
ပြည်တွင်းဖြစ်အတွေးနဲ့
ပေါက်ပန်းဈေးရေးထားတဲ့
ကွမ်းယာဆိုင်စီးပွားရေးအလုပ်
ဆောင်းပါးလေး တစ်ပုဒ်,နှစ်ပုဒ်ကြောင့်
ရှင်ကိုယ့်ရှင်အဟုတ်မှတ်
ဂျွန်မေနပ်ကိန်းလို့များ
ထင်နေရော့သလား
သနားလိုက်တာရှင်…..။
{အိမ်ရှေ့မှာ တစ်ယောက်ထဲ
ဒုတိယအကြိမ်မြောက်
ပေါက်ကွဲမှုကိုမြင်ရတယ်
ဇင်္ဂလရဲ့ တောက်ခေါက်သံဟာ
မီးဖိုဆောင်ထရံကို
ထိမှန်တုန်ခါသွားစေတယ်}
(မီးဖိုချောင်ထဲက
ဒုတိယအကြိမ်မြောက်
ပေါက်ကွဲသံနဲ့အတူ
ထမင်းအိုးဆူနေတာ မြင်ရတယ်
ရှင်မရဲ့ လေချဉ်တက်သံဟာ
ဧည့်ခန်းထရံကို မှန်သွားတယ်)
ဇင်္ဂလ……….
ရွှေအကြောင်း ,ငွေအကြောင်း
ကျပ်အကြောင်း,ဘတ်အကြောင်း
မတ်ခ်အကြောင်း, ယန်းအကြောင်း
ဖရန့်အကြောင်း,ဒေါ်လာအကြောင်း
ဘယ်အကြောင်းကို သိချင်လဲ….
ဇင်္ဂလကို
ရှင်မ ဘယ်လိုစမ်းချင်လဲ…
အဆန်းထွှင်ပြီး ရေးထားတဲ့
ငါ့ရဲ့
ကွမ်းယာဆိုင် စီးပွားရေးကိစ္စ
ပြည်တွင်းဖြစ် ဘောဂဗေဒ အတွေးဟာ
ဥရောပ ဘုံဈေးကို
မဖြုံရေးချ မဖြုံဟေ့….။
ရှင်မ…………
ဂုဏ်ယူပါတယ်ရှင်
ဟောဒီမှာ………
နံပါတ်မထင်တော့လို့
မယ်သီလရင်ကို လှုတာတောင်
မယူလို့ ကျန်ခဲ့တဲ့
ကျပ်တန်အဟောင်းတစ်ရွက်ကို
အကောင်းဘက် ပြန်ရောက်အောင်
ဆောင်ရွက်ပေးစမ်းပါ….ဒါလင်ရယ်။
ဇင်္ဂလ………..
ငွေကြေးနယ်ပယ်ဆိုတာ
လည်ပတ်မှု မရှိတော့ရင်
ဝိဥာဉ်မဲ့ခန္ဓာကိုယ်လို ပုပ်စပ်တဲ့
ရုပ်ကလပ်တွေလိုပေါ့
သူ့ကိုဖျက်ဆီးပစ်ရမယ်
မီးသင်္ဂြိုလ်ပစ်ရမယ်
ချက်နိုင်ငံရဲ့ ဗဟိုဘဏ်မှာ
တန်ချိန် နှစ်ဆယ်လောက်ရှိတဲ့
ဝိဥာဉ်မဲ့ ငွေစက္ကူပုံကြီးကို
နေ့စဉ်မီးရှို့ရတဲ့ ငွေပေါင်း
ကရောင်းငွေ (အဟောင်း)တွေဟာ
ကုဋေတစ်သောင်းဖိုးလောက်ရှိမယ်
အဲဒါတွေ…မင်းသိရဲ့လား…
ငွေဆိုတာ တရားမ၀င်တော့ရင်
သနားကြင်နာလို့ မရဘူးလေ။
ရှင်မ…………..
အနိစ္စသဘောကြောင့်
ကိစ္စချောသွားတဲ့
တရားမ၀င် စက္ကူဟောင်းတွေကို
ချက်နိုင်ငံသွားပြီး
အလကားတောင်းလို့ရရင်
သိပ်ကောင်းမှာပဲရှင်…..။
ဇင်္ဂလ……………
ဒါ…ဘာလုပ်ဖို့လဲကွ…။
ရှင်မ……………..
အို…..အလိုက်တဲ့
ဘောဂဗေဒ ပါရဂူကြီးရယ်
ရန်ကုန်မှာ မီးသွေးရှားတယ်
ထင်းရှားတယ်ဆိုတာ
ရှင်- တကယ်မသိဘူးလား
မီးသွေးအစား….
ထင်းအစားသိုလှောင်
မီးဖိုချောင်သုံးဖို့ ကုန်ကြမ်း
အရမ်း…အရမ်းကို ကောင်းမယ့်
ကရောင်းငွေစက္ကူတွေပေါ့ရှင်….။
ဇင်္ဂလ………………..
ဖြုတ်ဦးဏှေက်လို အတွေးနဲ့
မီးသွေးကိစ္စကို စာရင်းရှုပ်
ရေးကြီးခွင်ကျယ်လုပ်နေရင်
ပင်လယ်သမုဒ္ဒရာထက် ကျယ်တဲ့
ငွေကြေးနယ်ပယ်ကို
ရွှေဈေးနဲ့ဖလှယ်ကြပုံတွေ
ငွေကြေးသံသရာ တရားကို
ရွှေဈေးကံကြမ္မာဓားနဲ့
ခပ်ပါးပါး စီရင်ပုံတွေ
ရွှေဘုံသာလမ်းရဲ့ ဂုဏ်ပုဒ်တွေ
ဖားကန့်ရဲ့ အတ္ထုပ္ပတ္တိတွေကို
မင်း, ဘယ်လိုလုပ် သိမှာလဲ
မီဖိုချောင် အဘိဓမ္မာနဲ့
ငါ့ကို လာမရိပါနဲ့ကွာ…..။
ရှင်မ………………..
ကျွန်မဟာ မရိတတ်ပေမယ့်
ရှင့်ကိုယ်စောင့်နတ်ကတော့
ရှင့်စိတ်ဓာတ်ကို သိမှာပါ
ငါးပိရည်တစ်ခွက်နဲ့
ကန်စွန်းရွက်ပြုတ်တရားဟာ
ဖားကန့်အတ္ထုပ္ပတ္တိနဲ့
ရွှေဘုံသာလမ်း အဘိဓမ္မာထက်
ပိုပြီးခမ်းနားတယ်ရှင့်…။
ဇင်္ဂလ………………….
ငွေအကြောင်း မင်းကိုပြောရတာ
ဟောရင်းသာ ပြန်တော်မှုမည်
ဆန်ဖြူဖြူတစ်ခွက်မျှ
ထွက်နိုင်ပုံမပေါ်ချေ….ဆိုတဲ့
စလေဦးပုံညရဲ့ ကဗျာလိုပဲ
ဘာကိုမှ
မျှော်လင့်လို့မရတဲ့ မိန်းမ…။
ရှင်မ…………………
သြော်…..ရှင်က
မဒမ် ဇင်္ဂလကို
မခံချင်အောင် စ,တယ်ပေါ့လေ
ဘ၀အချိုးမပြေလှတဲ့
ဓနမိုးလေ၀သကို
ကျွန်မက….ရှင့်ထက်ပိုပြီး
လက်ပွန်းတတီး…သိတယ်ရှင့်….။
ဇင်္ဂလ………………….
ကိုင်း….
ဒီလောက်တောင် လေပြိုနေရင်
ရွှေဆိုတာဟာ
ဘယ်လိုအရာလဲ
ကဲ….ပြောလေ….
မြန်မာ့ ရွှေးဈေးကွက်နဲ့
မြန်မာ့ ငွေကြေးအသက်ဆိုတာ
ဘယ်လိုဟာလဲ
ကဲပြောလေ……။
ရှင်မ……………………..
ဒါလေးများ အလုပ်ရှာပြီး
ပုစ္ဆာထုတ်နေရသေးလားတော်
တရုတ်တန်းမှာ
တုတ်ထမ်းပြီး ရှာစရာမလို
ဝါ၀ါဆိုရင်ရွှေလို့သာမှတ်ထား
ပတ်ကား…ချောင်လီ
တိတ်လီ….တိုင်စိန်
ချိန်စန်း….ဟုန်ရှင်
တိုင်ပင်း…တိုင်အုံ
ယုံဟုန်…ချောင်ကျင်
ကျုံရှင်…မလိခ..တဲ့
အားလုံးသိကြတဲ့ အတိုင်းပဲလေ
စိနဗေဒ ရွှေဆိုင်တွေဟာ
ကျွန်မနဲ့ဆိုင်သလား….
မီးသွေးဆိုင်တွေဟာ
ကျွန်မနဲ့ဆိုင်သလား…..
ရှင်ကိုယ်တိုင် ခံစားကြည့်ပါ။
{ဇင်္ဂလဟာ
ဒေါသထွက်ထွက်နဲ့
သောက်လက်စ ဆေးလိပ်တို
ပြာခွက်ထဲ ကြိတ်ခြေပစ်လိုက်တယ်}
[ရှင်မဟာ....
အနားမှာ တစ်ညောင်ညောင်အော်နေတဲ့
ကြောင်ကလေးရွှေဝါကို
ဟဲ့...သေနာကောင်...ဆိုပြီး
လက်နှီးစုတ်နဲ့ ပုတ်လိုက်တယ်]
ဇင်္ဂလ…………………..
မင်းလိုမိန်းမကို
ဘောဂဗေဒတရားနဲ့
ဟောကြားနားချရတာ
ကျွဲပါးဆောင်းတီးပြရသလိုပဲ…….။
ရှင်မ………………………
ရှင့်လို ယောက်ျားကို
အာဟာရဗေဒတရားနဲ့
နားချရတဲ့ အလုပ်ဟာ
လယ်ကွင်းထဲက စာခြောက်ရုပ်ကို
အသက်ဝင်အောင် လုပ်ရသလိုပဲ
ကဲ…..ထမင်းပြင်ပြီးပါပြီရှင့်….။
(ဇင်္ဂလနဲ့
ရှင်မရဲ့ စကားဝိုင်း
သည်နားမှာတွင် ဟဖ်တိုင်း)
 
 
မောင်ခိုင်မာ
မြန်မာ့ဓန၊ဧပြီလ၊၁၉၉၄





ကျွန်တော့်ဆီကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်... မိတ်ဆွေတို့ရဲ့ အားပေးတဲ့ စကားသံတွေဟာ ကျွန်တော် ရှေ့ဆက်ရမယ့် အလုပ်တွေအတွက် အားရှိတဲ့ ခြေလှမ်းတွေပါပဲ... ကျွန်တော့်တင်သမျှ ကဗျာလေးတွေကို ဖေ့ဘုတ်ခ် ကနေ ဖတ်ချင်ရင်


ကျွန်တော့်ရဲ့ ဖေ့ဘုတ်ခ်ပေ့ခ်ျကို{ ဒီမှာ } သွားလိုက်ပါ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment