ဘတ်စ်ကားတွေ တင်သွင်းခွင့်ပြုတော့မယ် ဆိုတဲ့ သတင်းကို
သတင်းစာမှာ ဖတ်ခဲ့ရင်း ဘတ်စ်ကား တစ်စီးပေါ်မှာ
ငါရယ် သမ္မတကြီးရယ် ထိုင်ခုံအလွတ်တစ်ခုမှာ နေရာဦးကြရင်း တွေ့ကြ
ငါတို့ကဗျာအကြောင်းပြောမိ၊ ငါကလည်း ကဗျာတွေ စိစစ်ရေး တင်ရဦးမလားမေးမိ
သမ္မတကြီးက ရိုးစင်းလှပါတယ်၊ သူ မသိပါဘူး တဲ့
သူဟာ တိုင်းပြည်ရဲ့ အခြေံခံလိုအပ်ချက်တွေတည်ဆောက်ခြင်းမှာ
အလုပ်များနေပါသတဲ့။ ဒါနဲ့ ငါလည်း ရောက်တတ်ရာရာ
ခု သမ္မတကြီးစီးနေတာ အထူးဘတ်စ်ကားကြီးတွေပေါ့ လို့
စကူပြုတ်၊ထိုင်ခုံနဲ့နေတဲ့ နေရာလွတ်ကို ဦးစားပေးရင်း ပြောရင်း
အင်္ကျင်္ီဟပြဲစပယ်ယာကို ငါးရာတန်တစ်ရွက် ပေးမိ
၂ ယောက်စာ အဲဒီမှာ စပယ်ယာက သမ္မတကြီးရဲ့ ဘေးပြတင်းကနေ
ကွမ်းတံထွေးကို ဗျစ်ကနဲ ထွေးရင်း တစ်ရာတန်ပေးဖို့ ဟောက်လိုက်တာ
ငါခံလိုက်ရ၊ သမ္မတကြီး မြင်သွားတယ်၊ သမ္မတကြီးကိုလည်း ခရီးသည်တွေ မြင်သွားတယ်။
ဒီလိုနဲ့ စံပြ၊ ဒီလိုနဲ့ စိန်ဂျွန်း၊ ဒီလိုနဲ့ ပဲခူးကလပ်
ဒီလိုနဲ့ အဲဒီရှေ့ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း(ပြုပြင်ဆဲ)ကို ဖျတ်ကနဲ၊
ပြီးတော့မှ အမျိုးသားပြတိုက် မတ်တပ်ရပ်တွေ ပြည့်ကြပ်ညပ်နေတဲ့
ဘတ်စ်ကားပေါ်မှာ ထိုင်ခုံအပြည့်သာ တင်သည် ဆိုတဲ့
စာတန်းလေးကို သမ္မတကြီးက ဘာနဲ့ဆက်စပ်ငေးရင်း အလုံလမ်းမှာ ပွိုင့်မိ
ဒရိုင်ဘာက ရှေ့က တွန့်ဆုတ်နေတဲ့ နံပါတ်မဲ့ယာဉ်တောက်တောက်ကြီးကို ကြိမ်ဆဲ
မိုးကလည်း မေလလယ်မှာ ရွာရင်း
ကားခေါင်မိုးကလည်း ရေတွေ ယိုကျ
ဒီတော့မှ သမ္မတကြီးက သက်ပြင်းချ စကားတစ်ခွန်းပြောတယ်
မောင်ရင်တို့ ရေးတဲ့ကဗျာတွေထဲမှာ ဒါတွေပါလားတဲ့
ဒါဆို ကဗျာကိုလည်း တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ထဲ ထည့်ရမတဲ့
ဟုတ်ကဲ့ပါ သမ္မတကြီး၊ ကျန်းမာပါစေလို့ ပြောရင်း
မြေနီကုန်း မြေနီကုန်းမှတ်တိုင်မှာ (ပြိုင်တူ)တွန်းချတာ ခံလိုက်ကြရတယ်
သမ္မတကြီးဟာ သစ်လွင် လှပတဲ့ကားမှတ်တိုင်ကို ပွတ်သပ်ကြည့်ရင်း
တို့ဆင်းခဲ့ကြတာ မြေနီကုန်းမှတ်တိုင်လား တဲ့
ဟုတ်ကဲ့ပါ သမ္မတကြီး ပြည်သူ့ရင်ပြင်ရှေ့မှာ လုပ်ထားတဲ့
မြေနီကုန်းမှတ်တိုင်ပါလို့ ပြန်ဖြေလိုက်ရတယ်
ဒါတွေကော မောင်ရင်တို့ ကဗျာတွေမှာ ပါသလား တဲ့

ဒီလိုနဲ့ ငါနဲ့ သမ္မတကြီး တကယ့်မြေနီကုန်းလည်း ရောက်ရော
မောလို့ ပန်းလို့ ရေရှိရာအရပ်ကို အမြန်ရှာခဲ့ကြ
ခေါင်းဆောင်နဲ့ ပြည်သူ ချွေးပေါက်ချင်း လဲလှယ်ကြ
ဒီလိုနဲ့ နောက်တစ်နေ့မှာ သမ္မတကြီးရဲ့ ကျန်းမာရေးသတင်းတွေ ပျံ့နှံ့ခဲ့တယ်
ငါတို့ရဲ့ကဗျာတွေဟာလည်း တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ထဲ ပါမပါ မှုန်ဝါးခဲ့တယ်။ ။
မိုးဝေး
၁၉ - ၅ - ၂၀၁၂
( Mandalay Icon magazine . August 2012 )

0 comments:
Post a Comment