ရုတ်တရက် ကြားဖဲတစ်ချပ် ဖြတ်တတ်လာသလို ဖိုးဇော်ကို ဂျော်နီကပါတယ်တဲ့


ဂျော်နီဆိုတာက
ပုလင်းထဲကသင်းကွဲထွက် ပုလင်းမှာကပ်ပြီး လမ်းလျှောက်နေတဲ့ ကပ်ပါးပိုးတစ်ကောင်
ပုလင်းအရောင်နဲ့ ပါးပြောင်နေသူပေါ့။

ဂျော်နီဆိုတာက
လမ်းထိပ်မှာ လိတ်ပတ်မလည်အောင် ဆေးခြောက်ရှူပြီး ငွေသံကြေးသံလိတ်ပတ်မလည်လည်း
တိမ်တွေလို မပြိုကွဲခင်ငြိမ်ငြိမ်လေးစိမ်နဲ့ဇိမ်ကျ၊ လိပ်တစ်ကောင်လိုလိပ်နေတဲ့ဖျာတစ်ချပ်ပေါ့၊
သူ့ကို ဘယ်သူမှ ယောင်လို့တောင်ခင်းမထိုင်ချင်ကြ။

ပုလင်းထဲကထွက်လာတဲ့ ဂျော်နီဝေါ့ကားလို တစ်ခါတစ်ခါ
ဘုံဆိုင်အဟောင်းလေးထဲက အသစ်ထွက်ကျလာတဲ့အန်ဖတ်လို
ဂျော်နီဟာ လမ်းရဲ့ခံစစ်မှူးတွေကို အလုပ်ရှုပ်စေတယ်။

လာသမျှခွေး လူနဲ့ရှူးတိုက်သလိုဆူညံ မော်တော်ကားတွေရဲ့ခွန်းတုန့်သံတွေကို ခုန်မရှောင်
လူအုပ်ကြီးရဲ့တစ်ခွန်းမကျန်ခံပြောသံကို ဂရုမစိုက်
ဂျော်နီဟာ လူတန်းစားမရွေး စိန်ခေါ်
ဟေ့ ကားပေါ်မှာတစ်သက်လုံးသောင်တင်လမ်းမလျှောက်တတ်တဲ့ကောင်တွေဆင်းခဲ့
ဟေ့ သေနတ်သာပစ်တတ်ပြီး ဆေးကျပြန်မကုတတ်တဲ့ကောင်တွေလည်းထွက်ခဲ့
ဟေ့ ဟိုချောင်ဒီချောင် … ဆေးထိုးစားနေတဲ့ကောင်တွေလည်းလာခဲ့
လူတန်းစားမရွေး ဂျော်နီရဲ့ဆက်ဆံရေးဟာ သင်းတယ်။ ပြင်းတယ်ပေါ့။

New blood  လေးတွေကို ချူစား ချောက်စား မြှောက်စား
မိဘတွေက ဂျော်နီကို ကားစင်တင် ကင်စားချင်ကြတယ်။
စီနီယာတို့ရဲ့ထုံးစံအတိုင်း ဂျူနီယာလေးတွေဆီက ရသလောက်ဖဲ့
ဂျော်နီဟာ C,Am,F,G မသိပဲ ဂစ်တာကြီးတဒေါင်ဒေါင် မိုက်ကြေးခွဲသလို ဂိုက်ပေးလည်းကြမ်း
ဂေါ်လီ လမ်းသရဲ  လေနဲ့ဝမ်းမကွဲ သဲထဲရေသွန် မကောင်းမှုမှန်သမျှမှာ မာရသွန်။

ဂျော်နီဟာ ရပ်ကွက်ထဲမှာ အရိုးကြေကြေအရေခန်းခန်း ဘယ်အခန်းမှာမှမပါဝင်ဘူး
သူက မင်းလျှောက်သွားတာအချိုးမပြေရင် မိုးရေထဲလည်း ပြေးထိုးတယ်ဆိုပဲ။
ဂျော်နီတော်ကီပွားရင် လော်လီကားကြီးတွေတောင်ရပ်ပေးရ။
ကြာတော့ ရပ်ကွက်လူကြီးကတောင် သူ့ကိုအပူပေးထားရတယ်ဆိုပဲ။

တစ်နေ့ လမ်းထိပ်မှာ လမ်းပိတ်ပြီးရောင်းနေတဲ့ ဂျော်နီရဲ့အမေမုန့်ဟင်းခါးဆိုင်မှာ
ဂျော်နီဟာတကုပ်ကုပ် လမ်းနဲ့အံဆွဲထဲကပိုက်ဆံကို စုပ်ထုပ်ဖို့ကြံနေတုန်း
ပရာဒိုနဲ့ မာဘိုရိုခဲထားတဲ့ငယ်သူငယ်ချင်းတစ်ယောက် ဂျော်နီကိုတွေ့သွားတယ်
ငယ်သူငယ်ချင်းဟာ မာဘိုရိုကိုဖြုတ်ထုတ်လိုက်ပြီး ဂျော်နီကိုဆွဲထုတ်ခဲလိုက်တယ်။
လမ်းဟာတစ်ချက်လူးလွန့်သွားပြီး ကားဟာဆူးတစ်ချက်စူးမိသယောင်အော်ဟစ်ထွက်သွားတယ်။

ဒီလိုနဲ့ ဂျော်နီရပ်ကွက်ထဲကပျောက်သွား ဓါးသွေးကျောက်ရောင်းတဲ့ကောင်တွေမျိုးတုံးသွားတယ။်
ကလေးတွေ ကျောင်းမှာ အောင်ချက်တွေကောင်းလာတယ်။
မိဘတွေရဲ့ချာတိတ်တွေအပေါ်တပ်ထားတဲ့ ညမထွက်ရအမိန့်တွေရုပ်သိမ်းသွားတယ် ။

ဒီလိုဂျော်နီပျောက်သွား
ခရီးဝေးထွက်သူများက ဂျော်နီကို ညဘက်ညဘက်
ရန်ကုန် မန္တလေး ဟိုင်းဝေးလမ်းမကြီးတွေရဲ့ဘေးမှာ လက်တပြပြနဲ့တွေ့ကြသတဲ့
သူလက်ပြလိုက်တာမြင်ရရင် သစ်လုံးကား လော်လီကား ထရပ်ကားတွေအားလုံးဟာ
ဒုန်းစိုင်းပြေးလာတဲ့နွားလှည်းဇက်ကြိုးဆွဲလိုက်သလိုရပ်လိုက်ကြသတဲ့။

လူတွေက ဂျော်နီရဲ့ပခုံးကိုကျော်ကြည့်လို့ အညှော်မိသွားကြသတဲ့
လေးတန်းတောင်မအောင်တဲ့ဂျော်နီ သရဲနီဘော်လုံးအသင်းက ကီးပလေယာများတောင်ဖြစ်လာသတဲ့
ဂျော်နီပြောတာက သူ့သူငယ်ချင်းဟာ ခြင်္သေ့တွေကို အိမ်မှာ ဆာလာအိပ်နဲ့တောင်ထည့်ထားရသတဲ့
အဲ့ဒီလိုဂျော်နီဟာ လေး, ငါး ,ဆယ်, နှစ် သစ်ပင်တွေထဲ ပါသွားလိုက်တာ သစ်ပင်တွေ ရှင်းတော့မှ
လင်းပြီးတော့ သူပြန်ရောက်လာတယ်။

သူပြန်ရောက်လာတော့ လူတွေက
ဂျော်နီရဲ့အကောင်းစားစီးကရက်ကို မီးဝိုင်းညှိပေးကြတယ်
ဂျော်နီရဲ့အကောင်းစားဘိနပ်ကိုနင်းမိမှာကြောက်လို့ ခပ်ခွါခွါအနောက်ကလိုက်ကြတယ်
ဂျော်နီကိုလ္ဘက်ရည်တိုက်ကြတဲ့အပြင် ဂျော်နီကိုမီးပူတိုက်ပြီးသိမ်းထားချင်တဲ့ သမီးရှင်တွေတောင်ရှိရဲ့။

နောက်တော့ ဂျော်နီဟာ ကောင်မလေးတစ်ယောက်ကိုယူလိုက်တယ်
ကောင်မလေးကလည်း ဂျော်နီထက် ဂျော်နီအိတ်ထဲက ခြင်္သေ့တွေကိုပိုခိုက်မိတာကို။

ပြီးတော့ ဂျော်နီဟာ မုန့်ဆိုင် လ္ဘက်ရည်ဆိုင် ဆိုင်ဆိုင်မဆိုင်ဆိုင် ဆိုင်တွေအကုန်ဖွင့်တယ်
သီချင်းကိုလည်းအကျယ်ကြီး အတောင်ပံကိုလည်းအကျယ်ကြီး လမ်းမကိုလည်းအကျယ်ကြီးဖွင့်
အင်ဂျင်တွေတုန်အောင်မောင်းနေရင်း တစ်နေ့မှာ
ခေတ်ကြီးစောင်းသွားတယ် မြစ်ကြီးပြောင်းပြန်စီးလာတယ် အသံသစ်ကြီးတစ်ခုဟာလွှသွားတစ်ခုလို
လည်ပြီးဝင်လာကာ ဂျော်နီရဲ့ခါးကိုဖြတ်ချသွားတယ်။
မိုးလင်းတော့ လမ်းမဟာဂျော်နီကိုမျိုထားရက်သားနဲ့လဲကျနေတာကိုငါတို့တွေ့ရတယ်
အဲ့ဒီရက်မတိုင်ခင်က ဂျော်နီ ကျွန်တော့်ဆီက အရက်ဖိုး ၁၅၀ တောင်းသွားတယ်
အဲ့ဒီရက်မတိုင်ခင်က ဂျော်နီ့မိန်းမလေး တောကိုပြန်ပြေးသွားတယ်
အဲ့ဒီမတိုင်ခင်က ဂျော်နီဗိုလ်ကျထားတဲ့ ဂျော်နီ့ငယ်နိုင်များ ဂျော်နီ့ရဲ့ငယ်ပါကို လမ်းကြားမှာ ၀ိုင်းကန်သွားကြတယ်။

ဂျော်နီရဲ့နောက်ဆုံးနေ့ရက်များဟာ ဘင်လာဒင်ရဲ့နောက်ဆုံးနေ့ရက်များလို
ကဒါဖီရဲ့နောက်ဆုံးနေ့ရက်များလို ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များလို ဘယ်လိုပြောရမလဲ
ဆက်ဒမ်ဟူစိန်ရဲ့နောက်ဆုံးပြေးရက်များလို ဘာလိုလိုနဲ့
နောက်ဆုံးဂျော်နီဟာ အရက်ဆိုင်ကထွက်လာတုန်း လေယာဉ်ပိကျပြီးသေသွားသလိုလို ပြောသွားသတဲ့။

ဂျော်နီကို ကျွန်တော်တို့မေ့သွား ။

မနေ့ကမှ ကျွန်တော်သူငယ်ချင်း ဖိုးဇော်ပြောတာက
သူ ည ၁၂ နာရီလောက်အိမ်အပြန်မှာ လမ်းကြားမှာ ဂျော်နီကပ်သတဲ့
ဟုတ်ရဲ့လားဆိုတော့
ဂျော်နီသေတာ (၅)ရက်ရှိပြီတဲ့။ စိတ်မချရသေး
ရက်လည်အောင်စောင့်ကြစို့လို့ ကျွန်တော်ပြောရင်း
အိမ်အပြင် ဟိုးအဝေးက မြို့ပြင်သင်္ချိုင်းကိုရမ်းရော်ငေးလိုက်မိတယ်
ကမ္ဘာမြေဆွဲအား တော်လဲသံတွေ ဖြတ်ပြေးနေတာကို ခွေးအူသံတွေနဲ့အတူ ကျွန်တော်တွေ့လိုက်ရ

ဒါမှ ဂျော်နီ တကယ်လျှောတာဗျ။ ။
 
 
                                      
                                                                        ခရမ်းပြာထက်လူ
 
 
 
 
 
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment