ကျွန်တော့်ကို ထားပါတော့ ထားခဲ့ပါပြီ

ကျွန်တော့်ဆီပြန်လာဖို့
တစ်စုံတစ်ရာလမ်းကိုသူတို့မျှော်နေသလား။
နေ့ရောညပါ ညီနေတဲ့ညှီနဲ့
ရေအောက်မှာ အောက်ထပ်ကမ္ဘာတစ်ခု
အဲဒီမှာသူတို့စုနေကြမယ်
အရိုးစုတွေ
အရိုးဆုံးအရှင်းဆုံးရောက်ရှိခဲ့တဲ့ အရိုးစုတွေ
အပေါ်မှာ
ကိုယ့်အလောင်းကိုယ်ထမ်းပြီး ကျွန်တော်လျှောက်နေ
အသားနည်းနည်း ကျန်တဲ့အရေပြားရွှဲရွဲပေါ်ရှော်စရာမရှိ
ကျွန်တော်လျှောက်နေပေါ့။
ကျွန်တော့်မျက်လုံးအိမ်ထဲမှာ ကျွန်တော့်အိမ်မရှိ
လဲလျောင်းပြိုကျနေတဲ့ မှန်ဘီဒိုလေးထဲမှာလည်း ကျွန်တော့်မိသားစုမရှိ
ဟိုထောင့်က စပါးကျီလေးထဲမှာရော ကျွန်တော့်လက်ကျန်
မနက်ဖြန်ရှိပါဦးမလား။
ပြောလေ
ဒါ ၂၀၀၈ စွယ်စုံကျမ်းထဲ
အတင်းချိုးဖျက်ဝင်လာတဲ့ မသမာမှုလား
လေထဲက အလစ်လုပ်ကြံတိုက်ခတ်မှု
ပြင်ဆင်ဖို့စဉ်းစားဖို့ ချင့်ချိန်ဖို့ အချိုသပ်ဖို့အချိန်မရှိ
ဘာမှမရှိတဲ့ မရှိခြင်းတွေအပေါ်အရေးပေါ်ထွက်ပေါက်
မြက်တစ်ပင်ကြူတစ်ရိုးမရှိ
ကျွန်တော့ကိုထားခဲ့ပါတော့
ကလေးတွေ ကကြီးခခွေးလေးတွေကိုင်ပြီး ဆော့ကစားနေတဲ့ကလေးတွေ
ကျွန်တော့်ကိုထားခဲ့ပါတော့
သွေးကြောထဲ
မျိုးစပါးတွေမြိုချထားတဲ့ အပျိုလူပျိုတွေ
ကျွန်တော့်ကိုထားခဲ့ပါတော့
ရှေးဟောင်းကျမ်းစာတစ်အုပ်ရဲ့မျက်နှာဖုံးတွေ
အတွင်းမှာ သတ္တိနဲ့သမိုင်းကိုသိမ်းထားတဲ့ အဖိုးတွေ အဖွားတွေ သယ်သွားခဲ့
ကျွန်တော့်ကိုထားခဲ့ပါတော့
ထားခဲ့ပါပြီ
အတိုးအရင်းများများနဲ့ ရိုးတွင်းချဉ်ဆီခန်းခြောက်သွားတဲ့
ဒီငရဲပက်လက်ဒယ်အိုးကြီးထဲ
ကမ္ဘာကြီးပူနွေးလာပါပြီဆိုတဲ့ ဒီကနေ့ခေတ်ကြီးထဲ။ ။
(ပိတောက်ပွင့်သစ် ၂၅ – ဇူလိုင်၊ ၂၀၀၉)
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment