မေတ္တာတရား၌ အသည်းနှလုံးပျောက်ဆုံးသွားပါသဖြင့်

မျိုသိပ်နေရတာတွေကို ထပ်ပြီး မျိုသိပ်နေပါဦး
ဖြောင့်တန်းနေတဲ့မျဉ်းကို ခဏခေါက်သိမ်းထားပါဦး
အနိုင်ယူပါစေ
လမ်းလျှောက်ဖို့ အသက်ရှူနေကြတာ
ဒီကောင်းကင်အောက်မှာ ဒီလေပဲ ပိုပြီးထူးခြားနိုင်မလား
အသံတွေကျယ်ပါစေ ကျယ်နိုင်သလောက်
မိုးရွာတာလည်းခဏပါ မြောင်းရေလျှံတာလည်း ခဏပါ
တွေ့နေကျအထာတွေ မသိဟန်ဆောင်လိုက်ပါ
အားနာပြီး ခေါင်းညိတ်လိုက်ရတာနဲ့တော့မတူ
လိပ်ပြာသန့်ဖို့ ဝေဒနာကို ပိုင်ဆိုင်ပွေ့ပိုက်
ငှက်တွေလို အဆုံးမရှိ ပျံသန်းလိုတဲ့ စိတ်နဲ့သီချင်း
ကိုယ့်ရဲ့ကောင်းကင်တစ်ခုလုံး အပြည့်
ချွင်းချက်အနေနဲ့
ပထမတန်းစား အထက်တန်းတွဲ အထူးကား
ရှယ်လက်ဘက်ရည် ထူးထူးရှယ်ပေါ်ဆန်းမွှေး အထူးတရားပွဲ
အထူးထုတ်စာအုပ် ထူးကဲဒီရေ အထူးဈေးနှုန်း အထူးအစီအစဉ် အထူးသဖြင့်တော့
မေတ္တာတရားကလည်း စီးပွားရေးသမားဆန်လာတယ် ဆိုတော့
တုတ်ထိုးအိုးပေါက်ကြီးမှာလည်း သူ့ဖီလင်နဲ့သူပါပဲ
အသက်တွေကြီးကြီးလာပြီး အချိန်က စီးစီးမလာတဲ့ အိပ်မက်များနဲ့
မလိုအပ်ပဲ မုသားတွေသုံးသုံးနေကြတာ
သူကလည်း ဂုဏ်ပကာသန ဂုဏ်ဒြပ်တစ်ခုပဲလေ
ရိုးသားခြင်းက လူကြားထဲ မျက်နှာငယ်ရပုံ
အမှိုက်စလေးလိုပဲ ခလုတ်တိုက်သွားရုံ
နည်းပညာခေတ်မှာ နည်းပညာဆန်ဆန်
ကမ္ဘာကြီး ဒီလိုလည်ပတ်နေတာကို သတိမထားမိ
ခုတော့ စဉ်းစားနေရပြီ
ရှူရှိုက်နေတဲ့ ပန်းရနံ့ ကိုယ့်ခြံထဲက ဟုတ်မဟုတ်
ပြုံးနေတဲ့ အပြုံး စိတ်နဲ့ထပ်တူကျ မကျ မေတ္တာတရား
အသည်းနှလုံးပျောက်ဆုံးသွားပါသဖြင့်
တွေ့ရှိသူအား ကျေးဇူးဆပ်ပါမည် ။    ။

ညိုပြာဝိုင်

( Idea August 2012 )
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment