ရိုဒင် ငါတော့လစ်ပြီ



ရိုဒင်
ခင်ဗျားထွင်းထုထားတဲ့ ကိုယ်လုံးတီးတွေးခေါ်နည်းနဲ့
ထိုင်နေတယ်၊ ထသွားရအခက်
ထိုင်နေတယ်၊ ဘာမှဖြစ်မလာလည်း ထိုင်နေတယ်
ဖြစ်လာလည်း ထိုင်နေတယ် ထိုင်နေတယ်အနည်ထိုင်သလို
ပင်လယ်ကြမ်းပြင်အောက် ပစ်ကျသွားသလို ထိုင်နေပေါ့
ဝေါ့ထရိတ်စင်တာကြီး ပြိုမကျခင် အခန်းထဲ
ဘုရားသခင်နဲ့ နှစ်ယောက်ချင်း ခေါင်းချင်းဆိုင်သလို ထိုင်နေပေါ့
လှမ်းကြည့်လိုက်တော့ ကြိုးတန်းပေါ်
လှမ်းထားတဲ့ ရှုမျှော်ခင်းတွေတွေ့တယ်
သွေးတိုးနေတာလား သွေးပျက်နေတာလား
မျက်နှာကြီးအန်းလို့ ဥယျာဉ်
ဘဲငန်းတွေက ဘယ်ဆီဘယ်ဝယ် ရေအိုင်မှာဝဲလည်လို့
ထိုင်နေတယ် ငါဟာ ကျွန်တော်ဟာ
ခုန်ထလို့ မရတော့တဲ့ ခုံတစ်ခုံပေါ် ရှုခင်းကို
ကသိုဏ်း ၁၀ပါးထဲက လူသေကသိုဏ်းရှုသလို ရှုစားရင်း
ပစ်ချလို့မရအောင် လောင်ကျွမ်းနေတဲ့
ကောင်းကင်ကြယ် လေယာဉ်ပျံနဲ့ လေးဘက်နာကမ္ဘာကြီးကို
ခုံကလေးပေါ်ထိုင်လို့
အထိုင်ကျ တန်းစီနေတဲ့ အရသာများကို
အရသာပါအောင် မြည်းစမ်းထိုင်နေပေါ့
ထော့နင်းထော့နင်းနဲ့ လာနေတဲ့နာရီ
ထိန်ထိန်သာနေတဲ့ ညနေခင်းကို ငြင်းမလွှတ်ပဲ ဂရုမစိုက်ပဲ
ထိုင်နေပေါ့
ထောပတ် ဒိန်ခဲ နွားနို့ ရင်သားဖော်ဆောင်မှု လမ်းညွှန်များကို
မျက်ကွယ်ပြုထိုင်နေပေါ့
ထိုင်လေ ခင်ဗျားလည်း သွားစရာမရှိတော့ရင်
ခဏတဖြုတ် သစ်သီးခူးလိုက်ရအောင်
ခဏတဖြုတ် မောင်းဖြုတ်လိုက်ရအောင်
ခဏတဖြုတ် စေတီတစ်ဆူရဲ့အရိပ် ဖိတ်စင်လိုက်ကြရအောင်
ချောင်နေတဲ့ အင်္ကျီထဲမှာ ချောင်နေတဲ့
ချောင်တစ်ချောင်မှာ ချောင်နေတဲ့ ဘတ်စ်ကားတစ်စီးထဲမှာ
တစ်မြို့လုံး တစ်ယောက်မှမရှိတော့တဲ့ စစ်မျှော်ခင်းထဲမှာ
အငွေ့တစ်လူလူထွက်နေတဲ့ လူသေစိုက်ခင်းများထဲ
ကျွန်တော် အိမ်မပြန်တော့ဘူး
ငါ့ရန်သူက ငါ့အိမ်ကို မှတ်မိတယ်
ရိုဒင်
ခင်ဗျားလက်နဲ့ ကျုပ်အသက်ကို ရအောင်ထုဆစ် လစ်ပြီ။     ။
 
 
                                (နံရံမှာ ငါရေးထွင်း – ခရမ်းပြာထက်လူ။ ကျော်မွှေး – အောက်တိုဘာ၊ ၂၀၁၀)
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment