အဲဒီတုန်းက
ပင်လယ်ကူးသင်္ဘောသားတွေ ထိပ်တိုက်တွေ့ဖို့
ခုလို ဆိုမာလီအန္တရာယ် မကြုံသေးဘူး
အဲဒီတုန်းက
အာရှကမ်းခြေ ဆူနာမီအန္တရာယ် မကြုံသေးဘူး
အဲဒီတုန်းက
မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းကြီးကြီးမားမား မလာသေးဘူး
အဲဒီတုန်းက
ကမ္ဘာကြီး ခုလောက်ငလျင်တွေ မလှုပ်သေးဘူး
ငါစဉ်းစားတယ်
ဒါပေမယ့် ငါစဉ်းစားတာက “ငါ” မဟုတ်ဘူး
ငါစဉ်းစားတာက “ကမ္ဘာ” ကို
စကြာဝဠာထဲ “ကမ္ဘာ” အသက်ရှူနေတာကို
ဘုရားသခင်ရဲ့ အလိုတော်အရပဲဖြစ်ဖြစ်
ကမ္ဘာအသက်ဝင်နေတာ ငါ့အတွက် အဆန်းတကြယ်ဖြစ်ရပ်
ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာရဲ့ ဝိဥာဉ်တော်ဟာ သန့်စင်မွန်မြတ်တယ်
ငါ့မိတ်ဆွေပန်းချီဆရာ ကိုဗခိုင် က
သူ ရထားတဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးအဆိုနှစ်ရပ်
ငါ့ထံ လက်ဆင့်ကမ်းဖူးတယ်
“သစ်ပင်ဟာ သူ့ကိုခုတ်လှဲနေတဲ့ သစ်ခုတ်သမားအား
သူလဲ မကျခင်အထိ အရိပ်ကိုပေးတယ်”
“နံ့သာဖြူ သစ်မွှေးဟာ သူ့ကိုမီးရှို့နေစဉ်
မီးရှို့သူအား သူ မကျွမ်းခင်အထိ မွှေူရနံ့ကို ပေးတယ်”
ဣစာသယ လွယ်အိတ်လို ကမ္ဘာဟာ နောက်ဆုံးအချိန်အထိ
လူတွေကို လိုချင်တာပေးလိမ့်မယ်
ရွှေလိုချင်ရင် ရွှေ
စိန်လိုချင်ရင် စိန်
လောင်စာဆီလိုချင်ရင် လောင်စာဆီ
ခဲယမ်းမီးကျောက်လိုချင်ရင် ခဲယမ်းမီးကျောက်
အနုမြူဗုံးလိုချင်ရင် အနုမြူဗုံးပေါ့
ကမ္ဘာဟာ အစစအရာရာသည်းခံတယ်
သူ့မြေပေါ်မှာ လူတွေဘာလုပ်လုပ်
ဘုရားကျောင်းဆောက်မလား
စေတီတည်မလား
လယ်ထွန်မလား
ဥယျာဉ်စိုက်မလား
ပန်းခြံဆောက်မလား
စက်ရုံတည်မလား
ဒုံးပျံပဲ လွှတ်တင်မလား
ကျည်ဆန်ရထားပဲ ပြေးမလား
နျူကလီးယားဓာတ်ပေါင်းဖိုပဲ ဆောက်မလား
မောင်းသူမဲ့ လေယာဉ်ပျံပဲ ထုတ်လုပ်မလား
လက်နက်စက်ရုံပဲ ဆောက်မလား
ဘိန်းခင်းပဲ စိုက်မလား
စစ်ပွဲတွေပဲ ဝင်နွှဲမလား
အစွမ်းကုန် သည်းခံတယ်
ဒါပေမဲ့ ဖြစ်လာမယ့် အကျိုးဆက်တော့ အာမ မခံဘူး
လူတွေ ကိုယ်ဖော်တဲ့ဆေးနဲ့ပဲ ကိုယ်အဆိပ်သင့်ရလိမ့်မယ်
ငါစဉ်းစားတယ်
လူတွေဘာကြောင့်များ လောဘသင်္ဘောကို
ရွက်ကုန်လွှင့်ရတာလဲ
ငါစဉ်းစားတယ်
ကမ္ဘာဟာ ဘာကြောင့်များ ဝါဒနဲ့စစ်ပွဲတွေရဲ့ အကျဉ်းသား
ဖြစ်ရတာလဲ
ငါစဉ်းစားတယ်
ကမ္ဘာဟာ ဘာကြောင့်များ အတတ်ပညာအဆိပ်ငွေ့တွေ
ရှူရှိုက်မိရတာလဲ
ငါစဉ်းစားတယ်
လူတွေဟာ လူတွေကို မျိုရုံမက ကမ္ဘာကို မျိုနေပြီလား
ငါစဉ်းစားတယ်
သစ်ရွက်နဲ့စတဲ့ ကမ္ဘာဦးဝတ်စားဆင်ယင်မှုဟာ
ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ “ဇီးရိုးကွာတား ဖက်ရှင်” နဲ့
အဆုံးသတ်နေုပြီလား
ငါစဉ်းစားတယ်
တစ်ခါက ရက်အင်ဒီးယန်းအဆိပ်လူးမြားတွေ ချွန်ထက်ပုံ
အာဖရိက ဗုံသံတွေ မှော်ဆန်ပုံ
တောရိုင်းတိရစ္ဆာန်တွေ မြူးထူုးပျော်ပါးပုံ
ရေနေထူးဆန်းသတ္တဝါတွေ အသက်ဝင်ခဲ့ကြပုံ
ကမ္ဘာ့အရေပြားပေါ်မြစ်တွေတသွင်သွင်စီးဆင်းရင်း ဆေးမင်ကြောင်ရုပ်ထိုးကြပုံ
တောင်တန်းများက နိမ့်လိုက်မြင့်လိုက် အသက်ပြင်းပြင်းရှူရှိုက်ကြပုံ
ပင်လယ်လှိုင်းလုံးတွေက ဒေါသတကြီး ခက်ထန်နေကြပုံ
ခု … ငါတို့ရဲ့ ပြဇာတ်မင်းသား “မောင်ကမ္ဘာ”
သူ့ကိုယ်ပေါ် “ဂျီပီအက်စ်” တပ်ဆင်ပြီးပြီ
“ဖေ့ဘွတ်ခ်” နှင့် “တွစ်တာ” မှာ အဖွဲ့ဝင်ထားပြီးပြီ
သူ့အရေပြားပေါ်က သန်းချီတဲ့ လူသားတွေ အိုင်တီတော်လှန်ရေး ဆင်နွှဲနေကြဆဲ
အသေခံဗုံးခွဲသူ အရေအတွက် အတန်အဆင့်ရှိနေဆဲ
စစ်အေးလွန်ခေတ်ကြီးကို တရွတ်ဆွဲထားဆဲ
ခေတ်မီဟန်ဆောင်တဲ့ “ကမ္ဘာ”
အပူချိန်တွေ တက်ပြီးရင် တက်လို့
ဒါကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေက
“ကမ္ဘာကြီးပူနွေးလာမှု”လို့ခေါ်ဆိုလိုက်ကြပါရဲ့။ ။
စေတ
( Idea August 2012 )

0 comments:
Post a Comment