ပြောင်းပြန်​ဟု ​ခေါ်သည်


၁။
ပြောင်းပြန်ဟာ ပြောင်းပြန်တွေးတယ်။ ပြောင်းပြန်ပြောတယ်။ ပြောင်းပြန်လုပ်တယ်။
ပြောင်းပြန်ဟာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်း စိတ်ရင်းကောင်းသလောက် အငြင်းသန်တယ်
ပြောင်းပြန်ဟာ သူ့အဖေ အိမ်က နှင်ချတာကို မကြာခဏ ခံရတဲ့ ပြုတ်မနူးကောင်။
၂။
ပြောင်းပြန်ဟာ ဆယ်တန်းမအောင်ဘူး အလုပ်မလုပ်ဘူး ပိုက်ဆံမရှာဘူး
ပြောင်းပြန်ကို သူ့အမေက သင်္ဘောသားလုပ်ဖို့ အကြီးအကျယ်တိုက်တွန်းဖူးတယ်
ပြောင်းပြန်ဟာ တောမှာသွားပြီး သုံးနှစ်သုံးမိုး ဘုန်းကြီးဝတ်ဖူးတယ်။
၃။
ပြောင်းပြန်ဟာ တစ်နေ့ မျက်စိလည်လမ်းမှားပြီး ကျွန်တော့်ဆီ ရောက်လာတယ်
ပြောင်းပြန်ဟာ တီရှပ်ကို ပြောင်းပြန်ဝတ်ပြီး ဦးထုပ်ကို နောက်ပြန်ဆာင်းလို့
ပြောင်းပြန်က သူ စီးပွားရေးလုပ်တော့မယ့်အကြောင်း ကျွန်တော့်ကိုပြောတယ်။
၎။
ပြောင်းပြန်ရဲ့ အကြောင်းကို ကျွန်တော်က ကောင်းကောင်းသိနှင့်ပြီးသား
ပြောင်းပြန်ဟာ ဇောက်ထိုးနဲ့ပေါင်းပြီး ဂစ်တာတီးလိုက် ဆေးချလိုက် လုပ်နေတယ်
ပြောင်းပြန် အရက်ဆိုင်မှာ မူးပြီးရန်ဖြစ်လို့ဆိုပြီး ရဲက အချုပ်ထဲထည့်လိုက်တယ်။
၅။
ပြောင်းပြန်ဟာ သူ့ဆံပင်ရှည်တွေကို မိန်းမတစ်ယောက်လို ဖားလျားချထားတယ်
ပြောင်းပြန်ဟာ ဂျင်းန်ဘောင်းဘီဝတ်ပြီး အင်္ဂလိပ်စကားပြောသင်တန်း တက်နေတယ်
ပြောင်းပြန်က ဗြိတိသျှနယ်ချဲ့တွေကို မုန်းလို့ အင်္ဂလိပ်စကားသင်နေတာလို့ပြောတယ်။
၆။
ပြောင်းပြန် ဘာပဲလုပ်လုပ် ဘယ်သူမှ သူ့ကို အထင်မကြီးပါဘူး
ပြောင်းပြန်ကလည်း လူတွေ အထင်ကြီးတဲ့အရာမှန်သမျှ သူက အထင်မကြီးပါဘူး
ပြောင်းပြန်ဟာ သူ့ပြောင်းပြန်အထာနဲ့သူ ပြောင်းပြန်အယူကို ကိုင်စွဲတယ်။
၇။
ပြောင်းပြန်ကို သူ့အိမ်က သတင်းစာထဲကနေ အမွေပြတ် စွန့်လွှတ်လိုက်တယ်
ပြောင်းပြန်ဟာ သင်္ဘောသားမယားတစ်ယောက်နဲ့ ယူလိုက်တယ် ကြားတယ်
ပြောင်းပြန်ဟာ အဲဒီသင်္ဘောသားမယားနဲ့ ကွာလိုက်ပြီလို့လည်း ထပ်ကြားတယ်။
၈။
ပြောင်းပြန်နဲ့ကျွန်တော် မြို့ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဆုံတယ်
ပြောင်းပြန်က “ငါအောင်မြင်သူတစ်ယောက် မဖြစ်ချင်ပါဘူးကွာ” တဲ့
ပြောင်းပြန်ဟာ မြို့သစ်ကလေးမှာနေပြီး ကွမ်းယာရောင်းနေရတယ်။
၉။
ပြောင်းပြန်နဲ့ကျွန်တော် နောက်တစ်ခါထပ်ဆုံတော့ ဘီယာဆိုင်ကြီးတစ်ခုမှာပါ
ပြောင်းပြန်ဟာ အဲဒီ ဘီယာဆိုင်က တီးဝိုင်းမှာ တီးဝိုင်းခေါင်းဆောင်တွေဘာတွေဖြစ်လို့
ပြောင်းပြန်ရဲ့ အဖေနဲ့အမေဆုံးတော့ သူ အမွေတော်တော်များများ ရလိုက်တယ်။
၁၀။
ပြောင်းပြန်ဟာ ပရာဒိုကားကြီးကို ကိုယ်တိုင်မောင်းလာပြီး ကျွန်တော့်ဆီလာတယ်။
ပြောင်းပြန်ရဲ့ပုံစံက အခုတော့ ဆံပင်တိုတို ဘောင်းဘီတိုတိုနဲ့ ဟမ်းဖုန်းကို ကိုင်လို့
ပြောင်းပြန်ဟာ ကျွန်တော့်ဆီက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေ ငှားသွားတယ်။
၁၁။
ပြောင်းပြန်ဟာ “မောင်းပြန်” အမည်နဲ့ မဂ္ဂဇင်းတွေမှာ ဝေဖန်စာတွေ ရေးတယ်
ပြောင်းပြန်ဟာ ဒြပ်မဲ့ပန်းချီကားတွေဆွဲပြီး ပန်းချီပြပွဲတစ်ပွဲကိုလည်း လုပ်လိုက်သေးတယ်
ပြောင်းပြန်ကို သံရုံးဧည့်ခံပွဲတွေမှာ မကြာခဏ တွေ့ရတတ်တယ်။
၁၂။
ပြောင်းပြန် ဘာတွေလုပ်နေသလဲ ဘယ်သူမှ သေချာမသိကြပါဘူး
ပြောင်းပြန်ဟာ ဟိုတယ်ကြီးတစ်ခုမှာ စတည်းချပြီး နေတယ်လို့တော့ ပြောကြတာပဲ
ပြောင်းပြန်နဲ့ အခုတလော တွဲနေတဲ့ကောင်မလေးဟာ ဆံပင်ရွှေရောင်နဲ့မော်ဒယ်လ်ဂဲ။
၁၃။
ပြောင်းပြန်ဟာ ကျွန်တော့်ဆီကို နောက်တစ်ခေါက် ရောက်မလာတော့ပါဘူး
ပြောင်းပြန်ရေးတဲ့ခေတ်ပေါ်ဝတ္ထုတွေဟာ ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းမလောက်ဘူး
ပြောင်းပြန်ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို တေးအယ်လ်ဘမ်တစ်ချပ် ထွက်လာသေးတယ်။
၁၄။
ပြောင်းပြန်ဟာ သူကိုယ်တိုင် ဒါရိုက်တာ/ထုတ်လုပ်သူ အဖြစ် ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်တယ်
ပြောင်းပြန်ရဲ့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်က ပြောင်းပြန်တစ်ယောက်တည်း
ပြောင်းပြန်ရဲ့ ရုပ်ရှင်ထဲမှာ ဒိုင်ယာလော့ဂ်တွေ တစ်ခုမှမပါဘူး။
၁၅။
ပြောင်းပြန်ဟာ အခုတော့ လူသိများ ထင်ရှားပြီး လေးစားလောက်တဲ့လူတစ်ယောက်
ပြောင်းပြန်ဟာ နာမည်ကြီးကာမှ ကျွန်တော့်မြင်ကွင်းကနေ ပျောက်သွားတယ်
ပြောင်းပြန်ဟာ ပြင်သစ်မှာ ဖက်ရှင် ကုမ္ပဏီကြီးတစ်ခုကို ထောင်ထားသလိုလို ဘာလိုလို။
၁၆။
ပြောင်းပြန်ဟာ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ရေးပြီး နိုင်ငံခြားမှာ ထုတ်ဝေတယ်
ပြောင်းပြန်ဟာ သူ့စာအုပ်ကို “ပြောင်းပြန်တွေးခေါ်နေထိုင်နည်း” လို့ အမည်ပေးတယ်
ပြောင်းပြန်ရဲ့စာအုပ်ဟာ နောက်ဆုံးထုတ် ဟယ်ရီပေါ်တားနဲ့အပြိုင် ရောင်းစွံတယ်ကြားတယ်။
၁၇။
ပြောင်းပြန်ဟာ ကျွန်တော့်ဆီကို အီးမေးလ်နဲ့ စာတွေရေးတယ်
ပြောင်းပြန်ရဲ့ စာတစ်စောင်ထဲမှာ “ကမ္ဘာကြီးဟာ ပြောင်းပြန်လည်နေတာ” လို့ပါတယ်။
ပြောင်းပြန်က ကျွန်တော့်ကို “မင်းအခုအထိ အမှန်ကို အမှန်လို့ မြင်နေတုန်းလား”လို့မေးတယ်။
၁၈။
ပြောင်းပြန်ဟာ ပြောင်းပြန် ဖောင်ဒေးရှင်းကို ကမ္ဘာ အနှံ့မှာ ထောင်ထားတယ်
ပြောင်းပြန်ရဲ့ ပြောင်းပြန်အင်စတီကျူကနေ ဘွဲ့မရတဲ့ ပညာရှင်တွေ မွေးထုတ်ပေးတယ်
ပြောင်းပြန်ချစ်သူများအသင်းကပေးတဲ့ နိုင်ငံတကာပြောင်းပြန်ဆုဟာ နိုဗယ်ဆုပမာ။
၁၉။
ပြောင်းပြန်ကို စီအင်န်အင်န် သတင်းထောက်ကြီး လယ်ရီကင်းက အထူးတွေ့ဆုံမေးမြန်းခဲ့
ပြောင်းပြန်ကို လယ်ရီက “အခု ခင်ဗျား အလုပ်ချင်ဆုံး အရာက ဘာလဲ” လို့မေးတော့
ပြောင်းပြန်က “ကျူပ် အခုဘာမှမလုပ်ချင်တော့ဘူး သေချင်ပြီ” လို့ပြန်ဖြေခဲ့တယ်။
၂၀။
ပြောင်းပြန်ဟာ ပြောင်းပြန်တွေးတယ် ပြောင်းပြန်ပြောတယ် ပြောင်းပြန်လုပ်တယ်
ပြောင်းပြန်ဟာ ကျွန်တော်နဲ့ ငယ်သူငယ်ချင်း စိတ်ရင်းကောင်းသလောက် အငြင်းသန်တယ်
ပြောင်းပြန်ဟာ သူ့အဖေ အိမ်ကနှင်ချတာကို မကြာခဏ ခံခဲ့ရတဲ့ ပြုတ်မနူးကောင်။

မင်းထက်​​မောင်

(ကဗျာပြောင်းပြန် – မင်းထက်မောင်။ ၂၀၀၆

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment