ဖျား​နေတဲ့ ဝံပု​လွေ

                   (၁)

လှိုင်းတစ်လုံးဟာ ကမ်းခြေရောက်ပြီးရင် ရနံ့ပြယ်သွားရော
ဂျစ်ပစီတေးသွားရယ်
ကချေသည် ၀ံပုလွေတွေရယ်
အဲသလို ငါ ခွဲခြားပြလိုက်တော့
နင်ဟာ ငါ့အမာရွတ်ကောက်ကြောင်းဖြစ်လာတာ

ပင်လယ်ဟာ လျော့ရိလျော့ရဲကျွန်းလေးကို ကိုင်လှုပ်လိုက်သလိုမျိုး
ငါ နင့်ကို နွမ်းနွမ်းရှိုက်ရှိုက်နှိုးလိုက်မိတယ်
`ငါတို့ အချစ်ကျဆုံးပြီ ´
`ငါတို့ အချစ်ကျဆုံးပြီ´

                      (၂)
ငါဟာ
အလွမ်းတွေထဲမှာ ပြန်ထူလို့မရတဲ့အထည်ကြီးပျက်
ငါ့တို့အချစ်ဟာ
ပြာမကျနိုင်တဲ့ မီးလောင်မှု

                        (၃)
နင့်ကို ငါချစ်တယ်
မာယာကော့(ဖ်)စကီးရင်ခေါင်းထဲက ငေါထွက်လာတဲ့
ခြေထောက်တစ်ဖက်ထက်ချစ်တယ်
နင်ဟာ
ဝီစကီယောင်ဆောင်ထားတဲ့ ရှုခင်းတစ်ခွက်
ရှုမျှော်ခင်းယောင်ဆောင်ထားတဲ့ လရောင်တစ်ချပ်
လရာင်ဟန်ဆောင်ထားတဲ့ မီးခက်ရဲရဲဓားတစ်လက်
သွေးတွေထဲ အဲဒီဓားတစ်လက်ထိုးစိုက်ထည့်လို့
ဆူပွက်လာသလိုမျိုး
ငါ နင့်ကို ချစ်တယ်

                        (၄)
အသက်ဇီဝကို ဖျာကွက်တွေလိုရက်
ငါရှိတဲ့ အချိတ်အဆက်များမှာ
ငါဟာ ဒုက္ခပြောင်းတစ်ပင်
ငါ့အပင်မှာ ငါ
အပွေးအခေါက်တွေနဲ့ မရင့်မာနိုင်ခဲ့ဘူး
နင့်ကမ္ဘာဆီက မြေစိုင်ခဲလေးတစ်ခဲလှမ်းဆွဲကုတ်လို့
ခပ်ယဲ့ယဲ့မောဟိုက်ဖူးပွင့်နေတာ
အလံတစ်ဝက် မှိန်းထားသလိုမျိုး
ခပ်ယဲ့ယဲ့ မောဟိုက်ဖူးပွင့်နေတာ

                        (၅)
နင်ဟာ ဂီတပေါ်က သီချင်း
ရင်ခုန်သံရဲ့သက်ပြင်း
ကာရန်မညီတဲ့လေညင်း
နင့်ဆံပင်တွေခါပြီး ရယ်မောပစ်လိုက်လို့
တိမ်တွေကြေမွသွားရပြီ
အဲဒီဘောင်းဘီဝတ်တိမ်တွေ
ကြေမွသွားရပြီ
ဒေ၀ီ
နင်ဟာ ပဒေသရာဇ်နှင်းဆီ
နင့်အပြုံးတွေက နင့်အိပ်မက်ကိုခိုင်ခန့်စေတယ်
နင့်အိပ်မက်တွေက နင့်ဘ၀ကို ခမ်းနားစေတယ်
နင့်ဘ၀က နင့်ရဲ့ခန်းဆောင်နီ
ဟုတ်တယ်
နင်ဟာ ပဒေသရာဇ်နှင်းဆီ
နင့်ဂီတဆီ ငါလာခဲ့တယ်
နင့်ရင်ခုန်သံဆီငါလာခဲ့တယ်
နင့်ကာရန်တွေဆီငါလာခဲ့တယ်
မောဟတွေဒုန်းထိုးပြီး တိမ်စိုင်လှိုင်းတံပိုးတွေနဲ့ လာခဲ့တယ်
ဝေဒနာမှာ ပန်းတွေပွင့်ရမယ်လို့

                        (၆)
လမ်းဖြတ်ကူးရတာ မလုံခြုံဘူးဟာ
ချစ်ခြင်းကို ကိုးကွယ်ရတာ မလုံခြုံဘူးဟာ
တို့အသွေးသားဆန္ဒတွေ မလုံခြုံဘူးဟာ
အစွန့်ပစ်ခံရတဲ့ စစ်မြင်းကြီးတစ်ကောင်လို
အောင်မြင်မှုကလည်း မလုံခြုံဘူး
အဲဒီ မလုံခြုံမှုက
နင်နဲ့ ငါ့ရဲ့ လူ့ အဖြစ်ထဲ
မထိမိ မကိုင်မိဘဲ လာလာရှ
အုတ်စည်းရိုးပေါ်ထိုးထွက်နေတဲ့  ဖန်ကွဲဖတ်တွေ

                        (၇)
ငါ့ကိုလက်ပြန်တစ်ချက်လောက် ရိုက်ချလိုက်စမ်းပါ
အဲဒီမေးခွန်းတွေဟာ စက်တင်ဘာလို ငါ့ကို ခဏခဏ
ဝင်တိုက်တာ
အရာရာပြိုကျ
အရာရာထောင်းထောင်းထ
ငါ့မှတ်ဥာဏ်တွေ အပြင်ဘက်ထွက်ပြေးနေတယ်
ခြေဖ၀ါးမပါဘဲ အပြင်ဘက်ထွက်ပြေးနေတယ်
သွေးကြောထဲ  နင်ခေါ်ဖူးတဲ့ ဖုန်းတွေ တကျည်ကျည်မြည်နေပြီ
နားရွက်မပါတဲ့ ဖုန်းတွေ တကျည်ကျည်မြည်နေပြီ
လက်ပြန်တစ်ချက်လောက် ရိုက်လိုက်စမ်းပါ
နင်ဘယ်မှာလဲ
အာညးလုံး ဟာ ၀ဋ်နာကံနာစိမ်းလန်းနေကြ
မမြေမြှုပ်မိုင်းတွေပေါ်က မြက်ရိုင်းတွေလို
အယောင်ဆောင်စားကျက်
ဘယ်မှာလဲ နင်
နင့်နာမည်က အဝေးအော်ခေါ်နေတဲ့  ပန်းချီကားတစ်ချပ်
ငါ့ရင်ထဲက အခိုးခံလိုက်ရတယ်

                        (၈)
နင့်ကိုချစ်တယ်
အမြီးအတောင်ရှည်တဲ့ ဆင်စွယ်ရောင်အလှမွေးငါးလေးလိုမျိုး
မှန်နံရံအထုပ်အပိုးတွေခွဲပစ်ပြီးတော့ပေါ့
နင့်ကိုရှာနေမိတယ်
နာမည်မရှိတဲ့ခွေးတစ်ကောင်
လမ်းကြိုလမ်းချာင်ထဲ သွေးလန့် နေတဲ့ အတိုင်း ပေါ့
နင့်နာမည်ကို စာလုံးပေါင်းနေမိတယ်
သတ်ပုံ ရွဲ့ စောင်းနေတဲ့ 
လက်နှိပ်စက်အဟောင်းလေးလိုပေါ့

                        (၉)
ဒေ၀ီ
ငါ့ဝေဒနာပေါ်မှာ နင်ဟာ ပန်းတစ်ပွင့် ဖြစ်ရပြီ
ဒုက္ခပေါ်မှာ ငါ ကိုယ်တိုင်သီးရပြီ
နင့်ချစ်ခြင်း
နင့်ငြိမ်းချမ်းမှု
နင့် အဘိဓမ္မာ
အပေါစားတွေလို  ငတ်မွတ်ပြကြ
နင့်ကိုယ်ငွေ့ကို ချုပ်ဝတ်ကြ
ချွတ်ပစ်ကြ
ဒီမယ်
ငါက ဆာဆာလောင်လောင် ငတ်မွတ်နေတဲ့ကောင်
သိပ်ကူးစက်လွယ်မိတဲ့ကောင်
ငါ့ကိုယ်ငါ ဖိသတ်ဖို့ အာဏာပြင်းမိတဲ့ကောင်
အမှန်တရားဟာ စားနေကြတဲ့အသားတုံးကြီးထဲမှာ  
အော်ဟစ်လှီး ဖြတ်
လှံစတန်းလန်းနဲ့  နွားရိုင်းတွေရွက်လွှင့်နေတုန်း
ငါ့နှလုံးသားဟာ
ငါ့ရင်အုံကနေ
ငါ့နှလုံးသားကနေ
ငါ့လက်မောင်းသားကနေ
ငါ့လက်ဖျံကြောကနေ
ငါ့လက်ဆုပ်ထဲမှာ တဆတ်ဆတ်တုန်ရီလို့ 
ငါ့ဝေဒနာပေါ်မှာ နင်ဟာ ပန်းတစ်ပွင့် ဖြစ်ရပြ
                        (၁၀ )
ဘ၀မှာ ပုန်းကျင်းတွေ ရှိတယ်
ဟောဟိုမှာ !!
ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ပုန်းကျင်း
မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ရဲ့ပုန်းကျင်း
အဲဒီကျင်းထဲမှာ
တစ်ဦးကိုတစ်ဦး တံစက်မြိတ်တွေထိုးပေးလို့ ပေး
တီဘီသလိပ်တွေလို တစ်ဦးကိုတစ်ဦး လည်ချောင်းထဲ ငုံလို့ငုံ
ဆေးလိပ်မီးဖွားတွေလို
တစ်ဦးကိုတစ်ဦး အပေါက်ဗရပွဖြစ်အောင် ချွေလို့ ချွေ
ငတ်မွတ်နေကြသူပဲလေ
ဒါ ကမ္ဘာကြီးရဲ့ ချစ်ခြင်းကိစ္စသာဖြစ်တယ်

                        (၁၁)
နင်သိလား
လူတစ်ယောက်ချင်းဆီက သမုဒ္ဒရာတစ်ကွက်
လူတစ်ယောက်ချင်းဆီက ဆာဟာရတစ်ခင်း
တစ်ယေက်နဲ့တစ်ယောက်ကြားမှာ အဲဒါတွေခြားနားနေတာ
ငါချစ်တာ အဲဒီကွဲလွဲမှု
ငါဟက လူသားဆန်ဆန်ပဲ အကုသိုလ်တွေပျို့တက်လို့
နင်က လူသားဆန်တဲ့ ရင်သားတွေဝှက်ထားလို့
တို့အဖြစ်ကို မြည်းကြည့်တော့ အရသာမဲ့ရတာ

                        (၁၂)

ငါ့ကို စက္ကူတစ်ရွက်လို လုံးခြေရှုံ့တွလိုက်စမ်းပါ
ငါ နင့်ရှေ့မှာပဲ ကြေမွချင်ပြီ
သူတို့ ငါတို့ အေးစက်ယဉ်ကျေးကြ
ပဒေသရာဇ် ဧည့်ခန်းတစ်ခုလို
သွားဖုံးပျော့တွေနဲ့ ဖိကြိတ်ကြ
ခွဲစိတ်ခန်းသွင်းထားတဲ့လူနာတွေလို
ထုံဆေးပေးပြီး ဟက်ပက်ရယ်မောကြ
ငါ  နင့်ရှေ့မှာပဲကြေ မွချင်ပြီ
ကြိုးတိုက်ခန်းထဲက အကျဉ်းသားဆီ
သံချိတ်တွေ ဆွဲမျှားနေတဲ့အတိုင်း
ငါ ရိုင်းရိုင်းရူးရူး ပိတ်မိနေရပြီ
ပိတ်မိနေရပြီ

                        (၁၃)
ဒီမှာ ဒေ၀ီရဲ့
အပျက်အစီးတွေထဲက ငါ့ကိုငါထုတ်ကြည့်မိ
ငါ့ဘ၀ကိုတော့ ခြေသံပြင်းပြင်းနဲ့မုန်းလို့
နင့်ခန္ဓာကိုတော့ အသံထွက်ချစ်နေမိတယ်
ဘ၀အဖြူထည်ကြီးက အဗျာကတပါကွယ်
အဲသလို ငါ မှားဦးမယ်
သံသရာမှာ ကုလားအုတ်တစ်ကောင်နဲ့  လှော်ခေတ်ရဦးမယ်
ငါ့ချစ်ခြင်းကိုလည်း ကျိန်ဆဲမိဦးမယ်
ဟုတ်တယ်
အေဒီသုံးထောင်ကျော်မှာ
ငါ့မေးရိုးဟာ သံသရာကို ကျိန်ဆဲနေလိမ့်မယ်

                        (၁၄)
တကယ်ပါ
ငါ့ကိုငါ ပြန်ကောက်လို့မရတော့ဘူး
နင်လွှင့်ပစ်လိုက်တဲ့ အနမ်းတစ်ပွက်မှာ
ရူးရူးသည်းသည်း နေကွယ်ခဲ့ရပါပြီ
ငါဟာဒုက္ခိတဒိုင်းတစ်လက်ဖြစ်လို့
အိပ်မက်တွေကလည်း ဓားသွားတွေခြားလို့
ငါတို့အချစ်  ကျဆုံးရပြီ။

                        (၁၅)

ကြောင်တစ်ကောင် အဖျားနဲ့ ကျုံ့ဝင်နေတယ်
ဝံပုလွေတစ်ကောင်က သူ့ကိုယ်ပေါ်က အဖျားကိုခါချတယ်
လာဆင်တွေဖျားတယ်
ကာရာမာဇော့တွေဖျားတယ်
သူတော်စင်တွေဖျားတယ်
ဖဲသမားတွေဖျားတယ်
ရဟန်း တွေဖျားတယ်
ခတ္တိယ တွေဖျားတယ်
ကယ်တင်ခြင်းတွေဖျားတယ်
သစ္စာလေးပါးတွေဖျားတယ်
လွတ်လပ်မှုတွေဖျားတယ်
ဟစ်ပီတွေဖျားတယ်
ဖျားတယ်
ဖျားတယ်
အဖျားကို အဖျားက
တစ်ဖဲ့ချင်းကိုက်ပစ်တယ်

                        (၁၆)
အခု..
ငါဖျားနေတယ်
တစ်တောလုံးပြာကျ
တစ်တောင်လုံးလောင်ကျွမ်း
နင့်ဆီလှမ်းငေးနေတဲ့
ငါ့ ရှုမျှော်ခင်းတစ်ကွက်လေးပဲ
မိုးတွေရွာနေတာ
နှင်းတွေကျနေတာ
လရောင်တွေတဖွေးဖွေး
အဲဒီလရောင်ထဲမှာ
အိပ်မက်ဆန်တဲ့ အ၀တ်တစ်စလို ငါမျောလွင့်နေယတ
အဲဒီလရောင်ထဲမှာ
အိပ်မက်ဆန်တဲ့ အ၀တ်တစ်စလို ငါလွင့်မျောနေတယ်
အဲဒီလရောင်ထဲမှာ

ငါဟာ သားအိမ်ထဲက လျှောကျလာတဲ့ အသားတစ်စ
အဲဒီလရောင်ထဲမှာ
စစ်ပွဲထဲလဲကျန်ရစ်တဲ့မြို့ပျက်လို ငါချောက်ချားနေတယ်
အဲဒီမြို့ပျက်ထဲမှာ
နင့်နာမည်ရွတ်နေတဲ့ ငါ့နှုတ်ခမ်းတွေဖူးဖူးယောင်
ငါ့ကို ကိုက်ဖူးတဲ့ခွေးတစ်ကောင်က ထိုးထိုးဟောငိနေတယ်

ငါ
လရောင်ရဲ့ပြာတွေပေါ်မှာ
တိတ်ဆိတ်ကျကွဲ။            ။

ဇော်လူစိမ်း
ဟန်ဟစ်၊ ဒီဇင်ဘာ၊ ၂၀၀၆

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment