နှစ်လုံးပြူးသေနတ်အောက်
အရာခပ်သိမ်း လွှမ်းမိုးခံထားရသော
စာကလေးအိမ်ကလေးတွေ
တစ်ကောင်အတွက် တစ်ကောင်
တစ်ကောင် နဲ့ တစ်ကောင်
ခေတ်နဲ့ အတူ စီးဆင်းနိုင်ပါ့မလား
ခေတ်နဲ့ အတူ
(မတူညီသောရှုထောင့်များ အလို့ငှာ)
အင်္ဂါမစုံ / လက္ခဏာမစုံ ဖမ်းဆုပ်ထားနိုင်ပါ့မလား
မိမိခန္ဓာအောက်က အိပ်ရာပေါ်မှာ
အဓိပ္ပါယ်လား
စိတ်ဂယက်လား
ဘာသာစကား သက်သက်တွေလား
ဝင်းအိဆန်းပြားမှုတွေလား
လွယ်လွယ်ကူကူနဲ့ ခေါက်ပစ်လိုက်ဖို့
စက္ကူငှက်ကလေးတွေမှ မဟုတ်တာ
အတူတူထင်ရသူ အချင်းချင်း
လက်ချောင်းလေးတွေနဲ့ ဖြေ ဖျောက် ရတာကိုက
အခြားသော စမ်းသပ်မှုများ
အခြားသောဖိအားများ
အခြားသော ဘေးထွက်ဆိုးကျိုးများ
အခြားသော အကွာအဝေးများ
ရင်မှကျော ထုတ်ချင်းခတ် သွား လာ စီး ထွက် လွင့် မျော
ရမ်းခါသွားတဲ့ ကျူပင်ကျူရိုးများ မငြိမ်သက်မီ ဖြစ်ခဲ့ရင်ဆိုတာ
ကဗျာ
ဒါဟာ ရေနွေးပူဖြင့်လောင်းခြင်း
ဒါဟာ ပရိသတ်အကြိုက်ဆုံး မာရီယာကိုက်ခဲ့တဲ့ လက်ချောင်းလေး
ဒါဟာ မျောက်တစ်ကောင်ရဲ့ ကျောရိုးဆစ်တွေ
ဒါဟာ ဘ၀ကို ဖြေလျော့ကြည့်ဖို့ ကောင်းကင်
ဒါဟာ သိမှုကို ဖေါက်ပြန်စေတဲ့၊ မေးခွန်းထုတ်စေတဲ့ အခြေအနေ
ဒါဟာ အသက်ရှင်လျက်ဝယ်ယူတင်သွင်း ရောင်းချပေးနိုင်ဖို့ ခွင့်ပြုထားပြီးသား
နောင်တမရပါဘူးဆိုတဲ့ ကမ္ဘာကြီးမှာ
သုံးပြီး အက်ဆစ်တွေကို ခွက်ပြောင်းထည့်ဖို့ ကြိုးစားနေတဲ့ သတ္တဝါလေးတွေ
ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဘယ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်
စ-ဆုံး လှီးဖြတ်ဆွဲထုတ်ပြသမှု
ယုံမှားသံသယ တွေဝေမှောက်မှားမောဟများမရှိတဲ့
ယူနီဗာဆယ်အဓိပ္ပါယ်
သိုးထိန်း
March 21, 2012
(ကမ္ဘာ့ကဗျာနေ့ အမှတ်တရ)
0 comments:
Post a Comment