မြန်မာပြည်က ဘတ်စ်စပယ်ယာ

 
 
တွန်းတင်မယ်၊ တွန်းချမယ်
မရသေးရင် ဇွတ်အော်တောင်းမယ်
ရပြီးရင် ဘယ်တော့မှ ပြန်မအမ်းဘူး
အမ်းရင်လည်း စုတ်တဲ့ပိုက်ဆံ တမင်ရွေးအမ်းမယ်။
မိန်းမသားတွေ ခပ်များများရပ်တဲ့ကြား
ချွေးစီးစီးကိုယ်လုံးကြီးနဲ့၊ တွန်း/ထိုး/စောင်း/တိုက်။
ဝင်ခလုတ်၊ ထွက်ခလုတ် ကဒီးကဒီးဖြတ်ဦးမယ်။ယောက်ျားအချင်းချင်းအနား ဖြတ်ရပလားဆို
ရေးကြီးသုတ်ပျာ ဟန်မူရာနဲ့
ခြေထောက်တွေကို တက်တက်နင်းမယ်။
မိန်းကလေးဆို စေတနာပိုပို
ခါးဖက်၊ လက်ဆွဲ၊ စွေ့ခနဲ ကောက်တင်မယ်။
ဘအို ဖအို တုန်ချည့်ချည့်ဆို မသိကျိုးကျွန်
`မောင်းဆရာရေ့´လို့ ကျုံးအော်မယ်။
လမ်းဆုံ လမ်းခွ ဟန်ရေးပြမြှူ
ယာဉ်ထိန်းလူဆီ မျက်နှာချိုသွေး
ငွေစက္ကူခေါက်လေး ၀ှီးခနဲ ဒေါက်ခနဲ ပစ်ချပေးမယ်။
တစ်ကားလုံးမှာ သူပဲဗျာများ၊ တောင်မြောက်ပြေးလွှား
မိန်းမပျိုလှလှ ထိုင်တဲ့ပြတင်းဝ၊ ဖတ်ခနဲ ပြေးကပ်၊
မျက်နှာရှေ့ အတင်းဖြတ်၊ လက်ပြကားတောင်း
`တစ်စီးလောက် တစ်စီးလောက်´တရစပ်ဟောက်မယ်။
လိုတာရတော့ ကျေးဇူးစကားမဆို၊
လိုတာမရတော့ စီးလုံးညံအောင် ဆဲဆို-ဆိုဆဲ
`သေချင်းဆိုး´ `ခွေးသူတောင်းစား´ပါးစပ်သရမ်း လက်သရမ်းနဲ့
စိတ်ရောကိုယ်ပါ ကြမ်းတမ်းမယ်။
`မောင်းချင်သလိုမောင်းမယ်၊
ဘရိတ်ဆောင့်အုပ်မယ်...တန်းတွေကွင်းတွေကိုင်လို့ရတာ ကြည့်ကြက်ကိုင်ထား....
အပေါက်ဝမှာ ပိတ်မရပ်ပါနဲ့၊ အထဲဝင်စီးပါ...အပေါက်ဝမှာ ရပ်လို့ကတော့
ကလိထိုးပစ်မယ်၊ ဖက်နမ်းပစ်မယ်´
ဟိုအော် ဒီအော် ပါးစပ်မအားတဲ့အထဲ
ကွမ်းကို တစ်ယာပြီးတစ်ယာ
အာဂလောင်ကြား ကိုက်/ငုံ/ခဲ/၀ါး
ကားထွက်ကားရပ် တဗျပ်ဗျပ်နဲ့
ကတ္တရာလမ်းပေါ် တံတွေးနီနီထွေးချဦးမယ်။
စဉ်သွားလား၊ `ဘာလဲ၊ ဘာလဲ၊ ဘာကြည့်တာလဲ´
ဘယ်တော့မှ မတောင်းပန်ဘူး၊
ဘယ်လောက်မှားမှား သူပဲအမှန် ပြန်ပြန်ကန်မယ်။
ဘယ်ကားပြိုင်ပြိုင် သူ့ကားအနိုင်၊
လူပါး/ကားပါး အကုန်ဝမယ်။
ဟော့ဒီတကားလုံး သူပဲဇာတ်လိုက်၊ သူပဲလူကြမ်း
သူပဲဇာတ်ပို့၊ သူပဲဇာတ်ရံ၊ သူပဲဇာတ်ညွန်း၊ သူပဲဒါရိုက်တာ၊
သူပဲဆရာ....King of the bus တဲ့။
ဒါဟာ ယဉ်ကျေးမှုတွေထွန်းကားရာ
မြန်မာပြည်က ဘတ်စ်စပယ်ယာ။
စုမီအောင်
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment