အမေချော့တဲ့ သီချင်း
အမေခင်းတဲ့ ပုံပြင်
အမေထွင်တဲ့ ဒဏ္ဍာရီတွေမှာ . . .
လှပစွာ ဖြတ်သန်းခဲ့ဖူးပြီ။
“ကသဲပညာရှိ သုံးဦးမှာကွယ် . . .
လှေငယ်ဖြင့် ပင်လယ်ကိုသွားတယ်
သူတို့လှေသာ ခိုင်ခဲ့ပါလျှင်
ငါ့ပုံလည်း ပို၍ရှည်မှာပင် . . .”တဲ့
ပုံမပြောမအိပ်
သားစိတ်ကို အမေသိထားတော့
ပုံပြင်အသစ် စဉ်းစားလို့မရတဲ့အခါ . . .
ဒေါက်တာတန်ဂွမ်လျောင်ရဲ့ကဗျာ
အမေဟာ ပုံပြင်လုပ်ခဲ့
ပုံပြင်မဲ့ညတွေမှာ . . .
သည်ကဗျာကို အစားထိုးပွဲထုတ် . . . ။
ဘာမှမပါ
လှေနဲ့ရေသာ
တစ်ခါလာ . . .လှေ
တစ်ခါလာ . . .ရေ . . .။
ရေဖွေးဖွေး
လှိုင်းထွေးထွေးမှာ
မှေးကနဲအိပ်လိုက်
ဖြတ်ကနဲ နိုးလိုက်တဲ့အခါ
အမေဟာ . . . ပုံပြင်ကိုပြန်ကောက်
ကသဲပညာရှိ သုံးယောက်ရဲ့လှေ
ရီးလေးလေး တုန်းပဲ . . . ။
“အမေရာ . . .
ဒီကသဲပညာရှိ သုံးဦးပုံပြင်ကြီးက
မပြီးတော့ဘူးလားလို့
စိတ်မရှည်စွာနဲ့ သားကမေးတိုင်း
အမေကအဖြေပေး . . .
“အေးလေ သူတို့လှေခိုင်သရွေ့
အမေ့ပုံလည်းရှည်မှာပေါ့ကွယ် . . .”တဲ့။
ကိုငြိမ်း(မန္တလေး)
0 comments:
Post a Comment