လှေခါးသုံးထစ်




ငွေဆိုတာ
အိပ်ကပ်မှာကြပ်၊ အထပ်လိုက်ပေါ့
ကြိုက်တာဝယ်စမ်း၊ လမ်းမတလျှောက်
ခေါက်တုံ့ခေါက်ပြန်၊ စာအုပ်လှန်ကြည့်
ဆာဆာရှိလား၊ သွားစမ်းစားစမ်း
ဆယ့်ကိုးလမ်းမှာ၊ ဆီချက်ဆာတေး
ကြေးအိုး ဝက်သား
ဟာ … သူငယ်ချင်း
မင်းတစ်ယောက်တည်းလား
စားသာစားပါ၊ အားမနာနဲ့
ဘာလီ စပတ်ကလင်၊ ခံတွင်းချဉ်သလေ
အာသာပြေအောင်၊ ဘူးလိုက်ဆောင်ထား
လက်ကြားဇယ်ဆက်၊ ညှပ်လျက်ကြွားကြွား
ဒူးယားစီးကရက်၊ လဆန်းရက်။

နာရီပြန်ချက်
ရုံးသက်သာဆိုင်၊ ထောင့်မှာထိုင်ရင်း
ငိုင်တွေစဉ်းစား၊ မုန့်ဟင်းခါး လက်ဘက်ရည်
ရှိငွေတစ်ကျပ်၊ မတတ်သာပြီ
ချက်နို့ဆီဖြင့်၊ ချိုအီပြည့်ကယ်
ပြားရှစ်ဆယ် တဲ့
သူငယ်ချင်းတောင်၊ မမြင်ယောင်ဆောင်
ကြောင်တောင်ကန်းနေ၊ မီးခိုးဝေ၀ါး
လက်ကြားပွယောင်း
ခပေါင်းစီးကရက်၊ လလယ်ရက်။

လက်ဖက်ရည်သမား
အမှားကြီးမှားပေါ့၊ ပြားရှစ်ဆယ်တောင်
ယောင်လို့မရှိ၊ အသိမိတ်ဆွေ
တန်ဖိုးတွေတက်၊ သက်သာဆိုင်မှာ
လူတကာကို၊ မျက်နှာချိုသွေး
ဘေးကကပ်ထိုင်၊ မလိုင်အပြုံး
သိက္ခာဆုံးပြီ၊ လက်ဖက်ရည်တစ်ခွက်
အိပ်မက်မက်နေ၊ သက်ပြင်းမီးခိုး
တိုးတိုးတိတ်တိတ်၊ ဆေးပေါ့လိပ်တို
အစီခံစိုလျက်၊ လကုန်ရက်။ ။

မင်းလူ
Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment