ဒီကဗျာ
ဖတ်ပြီး
ခေါင်းထဲက
မီးတောင်တွေ မပေါက်ပါစေနဲ့
အချစ်ရေလို့
အော်ခေါ်ဖို့
ငါ့မှာ
ဆဲရေးတိုင်းထွာမှုတွေ မရှိခဲ့ဘူး
နှင်းရေလို့
ယုယဖို့
ငါ့မှာ
ကလော်တုတ်စရာ အမှား မရှိခဲ့ဘူး
ရိုးရိုးသားသား
ဖောက်ပြန်မိတဲ့ အချစ်
လူချင်းတွေ့တော့
နင့် ဆံနွယ်တွေက အစ
ငါ့ကို
ဖြတ်တိုက်သွားတဲ့ လေတောင်
မကြင်နာချင်တော့တဲ့
အကြည့်မျိုး
နင်အိမ်ထောင်ကျတာ
နင့်ယောက်ျားဆုံးတာ
ဒီဇင်ဘာ
ကျိန်စာတွေ နင့်အပေါ် ရှိသလို
ငါ့မွေးနေ့ကလည်း
ဒီဇင်ဘာပဲ။
နင့်အရိပ်တွေ
စာအုပ်ကြား ညှပ်ထားမိတာ စလို့
နင့်အသံကို
ဘောပန်ထဲ ထည့်ရေးမိတာ အဆုံး
နင့်မျက်ဝန်းမှာ
ငါ့နာမည်နဲ့ ချစ်မေတ္တာတွေ
ရေခဲတောင်တွေလို
အရည်ပျော်ကျခဲ့ဘူးတာ
အမှတ်ရနေသေးလား။
နင့်နာမည်က
ချောပု
ငါ့နာမည်က
ညို
နင်က
ငါ့ကို ခေါ်တော့ မောင်
ငါက
နင့်ကို ခေါ်တော့ နှင်း
ကိုက်တတ်တဲ့
ခွေးလေးတွေ
ငါနဲ့
ရင်းနှီးသွားတဲ့ အထိ
ငါတို့
ချစ်ခဲ့ကြတယ်။
ရုပ်ရှင်ထဲက
ဇာတ်ဝင်ခန်းတွေတောင်
တို့လောက်
ပျော်စရာ မကောင်းတဲ့ အချိန်
နင့်အပါးမှာ
ငါက သက်တော်စောင့် မင်းသားလေး
ငါ့
အပါးမှာ နင်က အလှနတ်ဘုရား
ရူးခဲ့ဘူးတဲ့
ရှေ့ရေး
ရေးပြီးသမျှ
မျက်ရည်နဲ့ ပျက်ပြယ်
အရက်ပြင်းတွေသာ
နင့်အစား
ငါ့ကို အဖော်လုပ်ပေးတယ်။
ဒဏ်ရာက
ဒဏ်ဖြစ်စေပေမယ့်
ဒဏ်က
အချစ်ကို အလွမ်းမိစေတယ်။
နှလုံးသား
နူးညံ့တာ
ဘ၀ကို
အနာတရ ဖြစ်စေတယ်တဲ့
ငါ့လောက်
မာတဲ့ နှလုံးသားရှိဦးမှာလား
ချစ်သူ
လက်ထက်ပွဲ ဖိတ်ကြားခြင်းခံရတာတောင်
အဝေးက
မှန်ပြောင်းနဲ့ လှမ်းငေးမိတဲ့အဖြစ်
မျက်ရည်ဆိုတာ
ရွှေကြောလို
ပိတ်သွားတဲ့ ငါ့မှာ
တစ်ချိန်က
အကြောင်း ပြန်စဉ်းစား
နင့်နားမှာ
ခု ဘယ်သူ ရှိမလဲ
အတိတ်က
ငါ့ ရင်ခုန်သံဟာ
နင့်ဒေါက်ဖိနပ်သံလောက်
နားထောင်ကောင်းမလား။
သူငယ်ချင်း
တချို့က ငါ့အချစ်ကဗျာတွေဖတ်ရတာ
ခံစားရတယ်တဲ့
မှန်တယ်
ရည်းစားဦးက
လုံးခြေခွဲကြေပစ်တာ ဘယ်သူသိမှာလဲ
နင့်နောက်ပိုင်း
ငါ့
ဘူတာရုံကို နင်လို ရထားတွေ ထိုးစိုက်ခဲ့တယ်
ဘယ်ရထားမှ
အချစ်ရိပ် ဖြစ်ထွန်းတဲ့ သစ်ပငါ
မဖြစ်ခဲ့။
ခုလို
ဒီဇင်ဘာတိုင်း ခင်ဝမ်းသီချင်းထဲကလို
ရေတွင်းထဲ
ငုံ့ကြည့်ပြီး နှင်းရေလို့ အော်ခေါ်တော့ရော
ကွဲသွားတဲ့
ဇာတ်လမ်းက ပြန်ဆက်သွားမှာလား
ပင်လယ်ဟာ
ငါပါ
အချစ်နဲ့
ပတ်ရင် ဘယ်တော့မှ အမှတ်(၄၀)မရခဲ့ဘူး
ဒီကဗျာကို
နင့်နာမည် နှင်းတွေနဲ့
ရေးခဲ့တယ်ဆိုတာ
ယုံ။
တိုးနှောင်မိုး
သရဖူ၊
မတ်၊ ၂၀၀၆
0 comments:
Post a Comment