မိုးမှုန် နှင်းငွေ့ တိမ်
အလင်းပြေး ကလေးတွေ
သူတို့ နိမ့်ဆင်းလို့လာလိုက်
သူတို့ ပြန့်ကျဲလို့ ပျယ်လွင့်သွားလိုက်
ကားဝိုင်းတောင်မကြီးထိပ်ပေါ်မှာ
တိမ်ထဲက ဒိုင်နယ်ရုံကလေးရှေမှာ…..။
အဲ့ဒီတုန်းကပေါ့
ရင်ထဲမှာတော့
နောက်တော့လည်း ပျောက်ပျက်သွားအုံးမယ့်
အချစ်မီးလေးတခဲ
တွဲလွဲခိုလို့
သည်အချစ်ကလည်း
ငါ့ကို နှောင်ဖွဲ့ဆဲလေ…..။
ဟုတ်ပါတယ်
အချစ်ကို ချစ်တယ်
အမှန်တရားကိုချစ်တယ်
အလှတရားကို ချစ်တယ်
အနုပညာကိုချစ်တယ်….။
ဟုတ်တာပေါ့
မုန်တိုင်းနီကို ချစ်
တိုက်ပွဲမီးပြင်းကို ချစ်
မီးရှို့ဖျက်ဆီးခြင်းများကို ချစ်
သူရသတ္တိရဲ့ အလင်းရောင်ကို ချစ်
ယုံကြည်ချက် ပြင်းပြသူတွေကို ချစ်
ဓားတစင်း မြင်းတစီးနဲ့
တကိုယ်တော် ခရီးသည်ကို ချစ်တယ်…..။
သူဟာ
မုန်တိုင်းကို ဖောက်ထွက်လို့…..
သူက
လောကအတွက်
ခွန်အားတွေ ပေးဆက်သွားတယ်…..။
ဟုတ်တာပေါ့
ဝေေ၀ဆိုတဲ့ကောင်မလေးကို
ကျွန်တော်ချစ်ခဲ့တာပေါ့….။
ကွန်မြူနစ်လောကရဲ့ ကုန်ရောင်းဈေးကွက်မှာတော့
အနာဂတ်မဲ့ အနုပညာသမား
တနေ့မှာ သေဒဏ်ပေးခံရမယ့် အတိုက်အခံသမား
ခြောက်ချားစရာလူ
အပယ်ခံလူ….။
ယမ်းငွေထဲမှာ
လမ်းကွေ့ထဲမှာ
မြူထဲမှာ
အမှောင်ထဲမှာလေ….
မှန်ပါတယ်လေ
အချစ်ရဲ့ ချစ်သူ
အမှန်တရားရဲ့ ချစ်သူ
အလှတရားရဲ့ ချစ်သူ
အနုပညာရဲ့ ချစ်သူ
လူမိုက်များရဲ့ ချစ်သူ ချစ်တဲ့လူ….။
ကျနော့်ရှေ့က
နေခြည်အလင်းကွက်ကလေးထဲမှာ
ခွေးသူငယ်လေးတကောင်ဟာ
ခုန်ပေါက်ရောက်လာ ကနေတယ်
ကျနော်ကို တိုးလိုက် ဝှေ့လိုက် မြူးလို့….။
ကျနော်လေ
ဒီခွေးသူငယ်လေးကိုလည်း ချစ်တယ်…။
အချစ်ကို ချစ်
အမှန်တရားကို ချစ်
အလှတရားကို ချစ်
အနုပညာကို ချစ်
ခွေးကလေးရဲ့ မြူးတူးကနေတဲ့
သန့်ရှင်းတဲ့ ပျော်ရွှင်မှုကလေးကိုလည်းချစ်
အချစ်ကြောင့်ပဲ
ကွန်မြူနစ်လည်း ဖြစ်လာတယ်….။
နိုင်ဝင်းဆွေ
(၁၉၈၂ ခုနှစ်၊ ဇွန်လ ‘၀’ တောင်ပိုင်းခရိုင်၊ ပန်ဆန်းအထူးမြို့နယ်၊ ကာဝိုင်းဒိုင်နယ် ဒိုင်နယ်ရုံးတွင် ရေးခဲ့သည့် “အချစ်ညနေရီ” ကဗျာကို “မဟူရာမေတ္တာရှင်၏ တော်လှန်ရေးစာပေမှတ်တိုင်” စာအုပ်မှ ကူးယူဖော်ပြထား ခြင်းဖြစ်သည်။)
0 comments:
Post a Comment