ဒါ ကဗျာမဟုတ်ဘူး

(၁)

ဒါ ကဗျာမဟုတ်ပါဘူး…

ဝနယ်ရဲ့ အမှောင်ထုထဲမှာ

ကွန်မြူနစ်ခန်းမကြီးထဲက

စားပွဲပေါ်မှာ စီးကျနေတဲ့

ငါ့ရဲ့ မျက်ရည်ပါ…

ကဗျာလို မလှဘူး။

ကဗျာလို မ၀င်းပဘူး။

(၂)

ညဥ့်ဦးယံတုန်းကပေါ့

သံလိုက်စက်ကွင်းတွေ ရှုတ်ထွေးနေတဲ့

ရေဒီယို အသံလှိုင်းတွေထဲမှာ…

ရန်ကုန် ညနေခင်းရဲ့

ဆေးရုံကြီးရှေ့ လူသတ်ကွင်းထဲမှာ

ဂျင်မခါနာ

သားဖွားခန်းလေးတခုရဲ့

စပရိန် သံကုတင်ပေါ်မှာ

အမေက တတိယသားသားလေးကို

မီးရှုးသန့်စင်အပြီးမှာ

သူ့သားငယ်လေးရဲ့ ဘ၀တေးသံဟာ

ဆေးရုံနံရံအဖြူကို အသာအယာလှုပ်နိုးလို့

အဲ့ဒီအချိန်တိုကလေးထဲမှာပေါ့

ကိုးနှစ်အရွယ်သားကြီးဟာ

ပုဆိုးစိမ်းစိမ်း အကျီင်္ဖြူဖြူကလေးနဲ့

အမေနဲ့မဝေးကွာလှတဲ့ ဆေးရုံကြီးရှေ့ ပလက်ဖောင်းပေါ်မှာ

ရင်အုံပွင့်ထွက် လဲကျသွားလေရဲ့

သွေးအိုင်ထဲမှာ

ပြီးတော့

မဟာဗန္ဓုလပန်းခြံထောင်မှာ

ပြီးတော့

ရွှေဂုံတိုင်အ၀ိုင်းကြီးရှေ့မှာ

ပြီးတော့

မြေနီကုန်း ရုံးအဆင်း

ပြည်ရန်ကုန် ကားလမ်းမကြီးပေါ်မှာ

မိုးရေစက်တွေအောက်မှာ“

ဘရင်းကယ်ရီယာ ကားဘီတွေအောက်မှာ

ပုဆိုးစိမ်းစိမ်း အင်္ကျီဖြူဖြူ သားသားလေတွေ။။။

(၃)

ဒီလိုအချိန်မှာပဲ

ကျုပ်လို လူမိုက်ကြီးတွေရဲ့ ရင်ထဲ

ဒေါသပေါက်ကွဲနေတဲ့ ဆင်ရိုင်းကြီးတွေ အောင်းလို့…..

ပစ်လိုက်စမ်းဟေ့….ဖက်ဆစ်တွေ

မီးရှို့လိုက်ကြ

ပစ်လိုက်စမ်းဟေ့….

သက်သာပစ်လိုက်

ပစ်လိုက်စမ်းဟေ့….

မွေးတနေ့

သေတနေ့

ပစ်လိုက်စမ်းဟေ့….

ဆင်ရိုင်းကြီးတွေဟာ

မုန်တိုင်းလို မွှေယမ်းလို့….

ရေဒီယိုထဲက

သံလိုက်လျှက်စစ်လှိုင်းတွေထဲမှာ

ကျုပ်ကြားနေပါတယ် နားထောင်စမ်း…။

မြောက်ဥကလာပ ၀င်္ကဘာလမ်းမှာ

ပုလိပ်သားခေါင်းပြတ် ခန္ဓာကိုယ်ကြီးရဲ့

သွေးစက်တွေဟာ ကတ္တရာလမ်းပေါ်မှာ

သူမရပ်ဘူး…

ငရဲဆီကို ပြေးနေ….

တာမွေမှာ

သူလျိုတယောက်ရဲ့ခေါင်း

ရေပုပ်မြောင်းထဲ လိမ့်ဆင်းသွားနေ….

အပုပ်နံတွေ လှိုင်သွားပေါ့….။

ကြည့်လိုက်စမ်းဟေ့

လူမိုက်တသန်းရဲ့

ကြမ်းရမ်းတဲ့ ပွဲခင်းရဲ့ ဗဟိုမှာ….။

(၄)

ရေဒီယိုထဲမှာတော့

သားသားတို့ မေမေလေးရဲ့အသံဟာ

ဆို့နစ်စွာနဲ့ တိုးတိတ် တိမ်ဝင်သွားလေရဲ့

ကလေးတို့ရေ

ဘဘနိုင်ဝင်ဆွေလေ

စားပွဲပေါ်မှာ မျက်နှာမှောက်ချ

မှောင်မဲနေတဲ့ ကွန်မြူနစ်ခန်းမကြီးရဲ့ အလည်မှာ

ကတ္တရာလမ်းမပေါ်က ဂျူလိုင်ညနေ မိုးရေစက်တွေထဲမှာ

လူကလေးတို့ရဲ့ ၀ိညာဉ်မဲ့ ခန္ဓာကိုယ်ကလေးတွေ….

သင်တို့ရဲ့

မျက်တောင်ခတ်နေတဲ့ စကားပြောနေတဲ့

ရှင်းနေတဲ့

ကမ္ဘာနှလုံးသားကို ကိုင်လှုပ်နေတဲ့

မသေတဲ့ကျောက်ရုပ်ကြွင်းအလောင်းတွေပေါ်မှာ

ဝဲကာ ဝေ့ကာ ကျလာနေတယ်လေ….

ဘဘပို့သလိုက်တဲ့ ပန်းခွေ

မျက်ရည်တွေဟာ

လွမ်းသူပန်းခွေဖြစ်လို့…..

ကဗျာလို့တော့ မလှဘူး….

ကဗျာလိုတော့ မ၀င်းပဘူး….။

                                 နိုင်ဝင်းဆွေ

(မှတ်ချက်။ ။ 1988၊ ဇူလိုင်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်စစ်ဒေသ “တပ်မဟာအဆင့် နိုင်ငံရေး၊ စစ်ရေးကေဒါ” ကျောင်းမှာ ကျော်ဇောဦး ဦးစီးထုတ်ဝေသောကဗျာစာအုပ်တွင် ရေးသားခဲ့သည်။ ထိုကဗျာစာအုပ်သည် 1988 လူထုတိုက်ပွဲကြီးအား ကြိုဆိုဂုဏ်ပြု ဖွဲ့ဆိုခဲ့သည်။ ထိုကဗျာအမည်သည်လည်း မေ့ကျန်နေခဲ့ပြီး မူရင်းကဗျာလည်း မပါရှိတော့ပေ။ ထို့ကြောင့် ပြန်လည်ရေးဖွဲ့ခြင်းဖြစ်သဖြင့် မူရင်းနှင့် အနည်း အပါး အတိမ်းအငဲ့ရှိပေလိမ့်မည်။)

Share on Google Plus

About နေ အ ဝေး

    Blogger Comment
    Facebook Comment

0 comments:

Post a Comment